Saturday, April 25, 2009

၂ဝ၁ဝ ရွေးကောက်ပွဲ နိဒါန်း ကောင်းပါ့မလား

မောင်သြ

နေပြည်တော်ကြပ်ပြေး မြို့တော်ကြီးမှာ ကျင်းပခဲ့ တဲ့ ၂၇.၃.၂ဝဝ၉ ခုနှစ်၊ ၆၄ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေး နေ့ အခမ်း အနားမှာ မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကြီး ကို မဖြစ်မနေ ကျင်းပပေး တော့မယ်လို့ သူ့မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။

တကယ်ပဲ ကျင်းပပေးတော့မှာလား။ ကျင်းပဖြစ်သည်ဖြစ်စေ၊ မကျင်းပဖြစ်သည်ဖြစ်စေ၊ စစ်ဗိုလ်ချုပ်ကြီးတွေက သူတို့ရဲ့ တိုင်းနဲ့ ပြည်နယ်အနှံ့ ကျေးလက်ပြည်နယ်တွေ ဆင်းပြီး မက်လုံးတွေပေး စည်းရုံးနေကြတာကို သူတို့ သတင်းစာတွေထဲမှာ နေ့စဉ်လိုလို ပါရှိနေပါတယ်။ သူတို့ ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ ဘယ်သူတွေပြိုင်လို့ ဘယ်သူတွေ နိုင်ကြမလဲ။ NLD ကတော့ ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်သေးဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲကို မစဉ်းစားသေးဘူးဆိုတော့ NLD က လွဲရင် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းတွေ ဝင်ပြိုင်ကြလို့ ဘယ်သူတွေ စင်ပေါ်တက်လာမလဲဆိုတော့ စောင့်ကြည့်ရတော့မှာပေါ့။ ဒါကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲကြီး ကျင်းပပေးဖြစ်ခဲ့ရင် ပြောတာပါ။

၂ဝ၁ဝ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် ရလဒ်ကရော မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်မှန်းနိုင်မလား ဆိုတာထက်၊ ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အစိုးရသစ်ကရော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အံဝင်ဂွင်ကျ လျှောက်လှမ်းနိုင်မလားဆိုတာ အကဲခတ်ကြည့်ရမှာပါ။ ဒါ့အပြင် နှစ်ပေါင်း ၂ဝ ကျော်လုံးလုံး စားဝတ်နေရေး ဒုက္ခဝဲဂယက်မှာ ကျင်လည်ရုန်းကန်နေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ ဘဝ၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားပြည်သူ၊ ရဟန်းသံဃာတော်တွေနဲ့ NLD ပါတီဝင် နိုင်ငံရေးသမားတွေရဲ့ အကျဉ်းထောင်ထဲက ငရဲခန်းဘဝနဲ့ သူတို့ရဲ့ မိသားစု ဒုက္ခဘဝ၊ အကြောက်တရားတွေနဲ့ ငြိပ်ဝပ်ပိပြားအောင် ခြိမ်းခြောက်ခံထားရတဲ့ အလုပ်သမား၊ ဝန်ထမ်းတွေရဲ့ ဘဝ၊ အဲဒီဘဝတွေရဲ့ ဒုက္ခသောကအပေါင်းကို ချုပ်ငြိမ်းပပျောက်အောင် ကယ်တင်နိုင်မှာလားဆိုတာ မဲဆန္ဒရှင် ပြည်သူတွေက သေသေချာချာ၊ လေးလေးနက်နက် စဉ်းစားရတော့မှာပါ။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို မျက်စိစုံမှိတ်ပြီး လက်ခံလိုက်မယ်ဆိုရင်တော့ ဒီလိုပဲ ဒုံရင်း ဒုံရင်းနဲ့ နအဖ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ထားတဲ့ အကြောက်တရားအောက်မှာ နောင် နှစ်ပေါင်းများစွာ စစ်ကျွန်ဘဝအဖြစ် ဒူးနဲ့ မျက်ရေသုတ်နေရဦးမှာ အသေအချာပဲ။

ဘာကြောင့်လဲဆိုရင် နအဖ အကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဗိုလ်ချုပ်ကနေ “ဦး”ပြောင်းလဲ အုပ်ချုပ်တဲ့ ပုံစံသာဖြစ်နေတာကတကြောင်း၊ တက်လာမယ့် အစိုးရသစ်ကလည်း နအဖ ကြိုးဆွဲရာ ကရမယ့် ရုပ်သေးရုပ် လက်ကိုင်တုတ် စစ်အစိုးရကိုယ်ပွား အစိုးရသစ်ဖြစ်တာကတကြောင်း၊ နအဖ အကြိုက် လက်ညိုးထောင် ခေါင်းညိတ်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုက စစ်အစိုးရ ရာသက်ပန် စစ်အုပ်ချုပ်ရေးကို အသက်သွင်း ထားတာကတကြောင်း၊ ဒါကြောင့် ဘာမှ ပြောင်းလဲတိုးတက် လာနိုင်စရာ အကြောင်း မရှိပါဘူး။

ဒါ့ကြောင့် စစ်အစိုးရကိုယ်ပွားအဖြစ် တက်လာမယ့် ရုပ်သေးရုပ် ဖြစ်နေသမျှတော့ အနောက်အင်အားစုတွေနဲ့ ဥရောပနိုင်ငံတွေကလည်း စီးပွားရေးပိတ်ဆို့မှုတွေ၊ ဗီဇာပိတ်ဆို့မှုတွေ ရှိနေဦးမှာပဲ။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ငွေချေးခြင်းကို ပိတ်ပင်ထားဦးမှာပဲ။

ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်တွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ NLD ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - SNLD ခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆာင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ NLD ကို ဝန်းရံနေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ဝါရင့် နိုင်ငံရေးသမားဟောင်းကြီးတွေကို ပြည်သူအများစုက ချစ်ခင်လေးစား ယုံကြည်မှု အပြည့်ရှိတယ်။

ဘာကြောင့်လဲဆိုတော့ NLD နဲ့ NLD ကို ဝိုင်းရံနေကြတဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသူတွေ အားလုံးဟာ အဖမ်းခံထောင်ချ၊ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရပြီး ဝေးလံခေါင်သီတဲ့ ထောင်တွေဆီ အပို့ခံရ၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြရလို့ပါပဲ။ တခြား ဘယ်အဖွဲ့အစည်းက နိုင်ငံရေးသမားကများ အဲဒီလို အနစ်နာခံခဲ့ကြပါသလဲ။

စစ်အစိုးရကို ဝန်းရံနေတဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ၊ အမျိုးသမီး စွမ်းဆောင်ရှင်တွေကတော့ လုပ်ပိုင်ခွင့် အရိုးအရင်း လိုင်စင်ကလေးရထားတော့ ရပ်ထဲရွာထဲမှာ သတင်းပေး စွာကျယ်စွာကျယ် လုပ်နေတာတွေ၊ ပြည်သူတွေအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့ တိုက်ပွဲဝင်နေတဲ့ NLD နဲ့ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ (ရွှေဝါရောင် တော်လှန်ရေး ပါဝင်သူတွေ) ကို အင်အားသုံးပြီး ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်ပေးတာတွေကြောင့် ပြည်သူအားလုံးက မျက်စိဆံပင်မွှေးစူးလို့ အော့ကြောလန် နေကြပါပြီ။

အဲဒီတော့ နအဖ ကျင်းပပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ သူတို့ ထင်သလို လွယ်လွယ်ကူကူနဲ့ အောင်မြင်စွာ ကျင်းပနိုင်ပါမလားဆိုတာ သံသယဝင်စရာ အကြောင်းတွေ ရှိလာနိုင်တယ်။

ဥပမာ -

(၁) နယ်စပ်ဒေသရှိ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နအဖ သဘောထား ကွဲလွဲမှုတွေ ရှိနေခြင်း။

(၂) ကုလသမဂ္ဂ အထွေထွေညီလာခံမှ တိုက်တွန်းဆုံးဖြတ်ချက်တွေ၊ ညွှန်ကြားချက်၊ တောင်းဆိုချက်တွေအပေါ် မလိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း။

(၃) အနောက်၊ ဥရောပ နိုင်ငံတွေနဲ့ တချို့ အာဆီယံနိုင်ငံတွေမှာ ALL Inclusive အားလုံးပါဝင်ရမယ်လို့ ပြောဆိုထားခြင်း။

(၄) ၁၉၉ဝ ခုနှစ်က အနိုင်ရတာထားတဲ့ NLD ရဲ့ ၂၂.၉.ဝ၈ နေ့ထုတ် အထူးကြေညာချက်အမှတ် ၁၈/ဝ၉/ဝ၈ အရ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရပါတီတွေက ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်လည်သုံးသပ်ရေး ကော်မတီကို ၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ၊ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းပေးရန်၊ ကော်မတီက ပြန်လည်သုံးသပ်ရေးတွေကို ၆ လ အတွင်း အပြီးဆောင်ရွက်ရန် … စတဲ့ ကြေညာချက်အရ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘယ်လဲ ဘာလဲဆိုတာ စစ်အစိုးရ အလေးအနက်ထား စဉ်းစားရတော့မှာပါ။

ဒါကြောင့် နအဖ စစ်အစိုးဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်ချင်တယ် ဆိုရင် NLD ရဲ့ တရားမျှတ မှန်ကန်တဲ့ အောက်ပါ အချက် ၃ ချက်ကို လိုက်လျောဖို့ လိုအပ်ပါတယ်။

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊

(ခ) နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန်၊

(ဂ) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ကြရန် ဖြစ်ပါတယ်။ (အထက်တွင် ဖော်ပြပြီးဖြစ်)

ဒါ့အပြင် တပ်မတော်အစိုးရဟာ ၉ဝ ခုနှစ် ရွေးကောက်ကာလမှာ သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေ အမိန့် ကြေညာချက်တွေ၊ ပြောဆိုထားတဲ့ ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် လိုက်နာခြင်းမရှိဘဲ၊ သူကိုယ်တိုင် ချိုးဖောက်ထားတဲ့ အမဲစက်ကြီးဟာ နောင် တပ်မတော် သမိုင်းမှာ ကမ္ဘာတည်နေသရွေ့ ထာဝရ ညစ်နွမ်းစွန်းထင်းနေတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နောင် မျိုးဆက်သစ် တပ်မတော် အခန်းကဏ္ဍမှာ ဒီအမဲစက်ကြီး စွန်းထင်းပါမသွားစေဖို့ အခုကတည်းက ချေဖျက်သန့်စင်သွားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် တပ်မတော်အစိုးရဟာ သူတို့ ကျင်းပပေးခဲ့တဲ့ ၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရ NLD ပါတီ ခေါင်းဆောင်တွေနဲ့ သဘောထားကြီးစွာ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ ဒါမှ မြန်မာနိုင်ငံ အနာဂတ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း သာယာဝပြောတဲ့ မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါကြောင်း ယုံကြည်ချက် အခိုင်အမာနဲ့ ရေးသားတင်ပြလိုက်ပါတယ်။

No comments: