Wednesday, April 29, 2009

ဝေါလေခီးစခန်းအား ကေအန်ယူလက်လွတ်ဆုံးရှုံး

NEJ /၂၉ ဧပြီ ၂၀၀၉

တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (ဒီကေဘီအေ) နှင့် နအဖ တပ်များ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ကရင် အမျိုးသား လွတ်မြောက် ရေး တပ်မတော် တပ်မဟာ (၆) နယ်မြေ အတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး စခန်းအား ကေအန်ယူ ဘက်မှ ယမန်နေ့က လက်လွတ် ဆုံးရှုံး ခဲ့သည်။

လက်နက်နှင့်လူအင်အား မမျှ၍ ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် မိမိတို့တပ်စခန်းအား ယာယီစွန့်လွှတ်ခဲ့ရ ခြင်းဖြစ်သည်ဟု (၂၀၁) ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက ခေတ်ပြိုင်သို့ပြောသည်။

“မနေ့မနက်ကစပြီး နအဖဘက်က ခမရ (၂၃၁၊ ၅၄၉) နဲ့ ဒီကေဘီအေ တပ်ရင်း (၉၀၇၊ ၉၀၆၊ ၉၉၉၊ ၃၃၃) ပူးပေါင်းအင်အား (၂၀၀) ကျော် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလုံးအရင်းထိုးတော့ ယာယီဆုတ်လိုက်ရတာဖြစ်ပေမယ့် ကျနော်တို့မှာ အစီအစဉ်တွေ ရှိ ပါတယ်” ဟု ဒု-ရင်းမှူးက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နောက်ထိုင်မြန်မာစစ်တပ်က ဘုရင့်နောင်တောင်ကုန်းမှ (၈၁) မမဖြင့် ကူပစ်ပေးရာ လက်နက် ကြီး ကျည်အချို့ ထိုင်းနိုင်ငံ အတွင်း ကျရောက်ခဲ့ သဖြင့် ထိုင်းစစ်တပ်မှ ပြန်လည် သတိပေး ပစ်ခတ်ခဲ့သည်။

မိမိတို့ ဆုတ်ခွာခဲ့သည့် စခန်းကို မြန်မာ စစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့များ လောလောဆယ် ၀င်ရောက်တပ်စွဲခြင်း မရှိသေးကြောင်း ဗိုလ်ကြီးဘူးဖောက ပြောသည်။

ဝေါလေခီးစခန်းထိုးစစ်ကို နအဖနှင့်ဒီကေဘီအေက ယခုလ (၄) ရက်မှစတင်ကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့က စခန်းကို ရရှိခြင်းဖြစ်သည်။

တလနီ ပါးခန့်် ကြာမြင့်ခဲ့သည့် ဝေါလေခီးစခန်းတိုက်ပွဲတွင် နအဖစစ်သည် (၂) ဦး အပါအ၀င် ပူးပေါင်းစစ်သည် (၁၀) ဦးကျဆုံးပြီး ဒီကေ ဘီအေ တပ်ဖွဲ့ဝင် (၄၀) ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) မှ တပ်ကြပ်ကြီး စောဂျိမ်း နှင့် တပ်ဖွဲ့ဝင် (၂ ) ဦးကျဆုံးကာ တပ်ဖွဲ့ ၀င်အချို့ ဒဏ်ရာ ရရှိကြောင်း ကေအန်အယ်လ်အေ ကဆိုသော်လည်း သီးခြား အတည်ပြု ချက် မရရှိသေးပါ။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုသိရှိရန် ဒီကေဘီအေတပ်ရင်း (၉၀၇) တပ်ရင်းရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦး က ဝေါလေခီးစခန်းအား ၎င်းတို့သိမ်းပိုက်လိုက်ကြောင်းသာ ပြောဆိုသည်။

ယမန်နှစ်ကလည်း နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့များ၏ထိုးစစ်ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) မှ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို (၂) ရက်ခန့် လက်လွတ်ခဲ့ရပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဝေါလေခီးစခန်းသည် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးတွင်ရှိပြီး ကော့ကရိတ်မြို့နယ်အတွင်း ပါဝင်ကာ ကေအန်အယ်လ်အေ တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိသည်။

ယင်းဒေသအတွင်း မြေအောက်သယံဇာတ တူးဖော်သည့်မိုင်းလုပ်ငန်းများနှင့် အဖိုးတန် သစ်တောကြိုးဝိုင်းများ အများအပြားရှိပြီး နအဖနှင့်ကရင်ခွဲထွက်အဖွဲ့များက နယ်စပ်တလျှောက်တွင်ရှိသည့် ကေအန်အယ်လ်အေ တပ်စခန်းများကို အပြင်းအထန် တိုက်ခိုက် လျက်ရှိသည်။

No comments: