Monday, April 27, 2009

အီးယူက မြန်မာကို ပိတ်ဆို့မှုသက်တမ်းတိုးမည်

NEJ /၂၇ ဧပြီ ၂၀၀၉

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ရေးပြောင်း လဲမှုများ ဖြစ်ပေါ်စေ ရန်အတွက် ဥရောပ သမဂ္ဂ (အီးယူ) က မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် ပိတ် ဆို့ မှု သက်တမ်း တိုးရန် ယနေ့ စီစဉ် နေသည်။

မြန်မာစစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီစုံအားလုံးပါဝင်နိုင်ရေးနှင့် အမှန်အကန် ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ပြောဆိုလိုက်ကြောင်း ဘရပ်ဆဲလ်ကလာသည့် အေပီသတင်းတွင် ဖော်ပြသည်။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်စေရန် တွန်းအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို အီးယူက နောက်ထပ် သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ရန်ရှိသည်ဟု သတင်းများတွင် ဖော်ပြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်လည်း အီးယူက ထပ်မံတောင်းဆိုလိုက်သည်။

သက်တမ်းတိုးမြှင့်မည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဥရောပနိုင်ငံများအတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဆွေမျိုးသားချင်းများအား ခရီးသွားခွင့်ပိတ်ပင်ခြင်း၊ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ထိန်းသိမ်း ထားခြင်းနှင့် မြန်မာစစ်အစိုးရအား လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းတို့ပါဝင်သည်။

စစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို နှိမ်နင်းခဲ့သဖြင့် အဆိုပါပိတ်ဆို့မှုများကို အီးယူက ၂၀၀၆ ခုမှ စတင်ချမှတ်ခဲ့ပြီး ၂၀၀၇ ခုတွင် သစ်တင်သွင်းမှုအပါအ၀င် တွင်းထွက်ကျောက်မျက်ရတနာများနှင့် ဓာတ်သတ္တု တင်သွင်းမှုများကိုပါ ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများ ဖြစ်ပေါ်စေရန်အတွက်လည်း အီးယူနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များဖြင့် ပြောဆိုဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း လူဇန်ဘတ်မှလာသည့် ဘီဘီစီသတင်းတွင် ယနေ့ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့ခြင်း၊ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေမျိုးများအား ခရီး သွား လာခွင့်တားဖြစ်ထားခြင်းနှင့် ကျောက်မျက်ရတနာများ တင်သွင်းခွင့်တို့ကို ပိတ်ဆို့ ထားသည်။

No comments: