Tuesday, April 21, 2009

စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အန်အယ်လ်ဒီ အကြိုညှိနှိုင်း

မင်းနိုင်သူ /၂၁ ဧပြီ ၂၀၀၉

လာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူးအစည်းအဝေးတွင် စာတမ်းသုံးစောင် တင်သွင်း သွားမည်ဖြစ်ကာ အဆိုပါ စာတမ်းသုံးစောင်နှင့် အစည်းအဝေးကျင်းပမည့်အကြောင်းများကို အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား ပြု ကော်မ တီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီအာပီပီ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“စာတမ်းသုံးစောင်တင်သွင်း ဆွေးနွေးသွားကြမယ်လို့ သိရတယ်။ အဲဒီစာတမ်းသုံးစောင်က (၁) ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအကြောင်း၊ နံပါတ် (၂) က ပါတီရဲ့ လက်ရှိနိုင်ငံရေးပြဿနာနဲ့ စည်းရုံးရေး၊ (၃) ကတော့ ပါတီရဲ့ အနာဂတ်ရပ်တည်ရေး၊ အဲဒါတွေကို တင်ပြဆွေးနွေးသွားကြမယ်ဆိုတာကို ပြောပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြိုညှိနှိုင်းဆွေးနွေးမှုကို ယခုလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူထားရသည့် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အချို့မှလွဲ၍ အားလုံးစုံစုံညီညီ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးအေးသာအောင်က “အန်ကယ်လ်တို့ စီအာပီပီနဲ့ တိုင်းရင်းသားပါတီတွေဘက်က ပြန်ဆွေးနွေးဖြစ်ခဲ့တာက အခုလို ခေါ်ပြီး စည်းဝေးတာကောင်းတယ်။ အရင့်အရင်ကတည်းကလည်း စုံညီအစည်းအဝေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပါတီမှာ စည်းရုံးရေး၊ ညီညွတ်ရေး အားကောင်းလာမယ့်အကြောင်း၊ ရှေ့မှာဆို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ရင်ဆိုင်ရမယ့် အခြေအနေ တွေရှိလာ ပြီလေ။ အဲလိုကာလမျိုးမှာ အားလုံးဆွေးနွေးပြီးတော့ ရင်ဆိုင်တာ ကောင်းတဲ့အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ကတော့ အရင်အတိုင်းပဲ လက်မခံနိုင်တဲ့အကြောင်း ပြောခဲ့ကြတယ်” ဟု ဆိုသည်။

မွန်တိုင်းရင်းသား နိုင်ငွေသိမ်းကလည်း တိုင်းရင်းသားပါတီများမှ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို ပြတ်ပြတ် သားသား တင်ပြ ထား တာ ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ လျော့နည်းနေသဖြင့် လက်မခံနိုင် ကြောင်း နှင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်းတို့ကို ထုတ်ပြန်ထားပြီးဖြစ် ကြောင်း၊ အန်အယ်လ်ဒီဘက်က စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အကြိုညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အထူးအစည်းအဝေးအတွက်မူ တိုင်းရင်းသားပါတီကိုယ်စားလှယ်များကို ဖိတ်ကြားထား ခြင်းမရှိကြောင်း ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ် ပါတီဝင်တဦးကမူ “အစည်းအဝေးတက်ရောက်ဖို့ စာမှာရေးထားတဲ့ လူငယ် ဖော်ဆောင်ရေးဆိုတာ က တိုင်းမှာမရှိဘူး။ တိုင်းမှာက လူငယ်အကူအညီပေးရေးပဲရှိတယ်။ ဗဟိုအဖွဲ့ချုပ်ရုံးမှာပဲ လူငယ်ဖော်ဆောင်ရေး အဖွဲ့ရှိတယ်။ ဒီကနေ လူငယ်ဖော်ဆောင်ရေးအဖွဲ့ထဲမှာ ပါထားတဲ့သူတွေတော့ သွားမယ်။ ဘယ်သူတွေသွားမယ်၊ ဘာတွေဆွေးနွေးဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၊ လူငယ် ဖော်ဆောင်ရေးတာဝန်ခံများ ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယ အကြိမ် မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေးဖြစ်မည်ဟု မျှော်လင့်ကြသည်။

၁၉၉၀ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်များ စည်းဝေးနိုင်ခဲ့ ခြင်း၊ ၁၉၉၇ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်များမှ ခေါင်းဆောင်အဆင့်ဆင့်တို့ ပါဝင်သော အစည်းအဝေး ပြုလုပ်နိုင် ခြင်းတို့ နောက်တွင် အန်အယ်လ်ဒီပါတီအနေ ဖြင့် အထူးအစည်းအဝေးများ ပြုလုပ်နိုင်ခြင်းမရှိပေ။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း နောက်ပိုင်းတွင်လည်း အန်အယ်လ်ဒီပါတီ နယ်ရုံးခွဲများကို နအဖစစ်အစိုးရက အကြောင်းပြချက် မရှိ ဘဲ ပိတ်ခိုင်းခဲ့ရာ ယခုအချိန်ထိဖြစ်သည်။

No comments: