Wednesday, April 29, 2009

ရွှေတြိဂံဒေသ လားဟူ ကျေးလက်လူထု နအဖ စစ်တပ်ဒဏ် အလူးအလိမ့်ခံရ

သျှမ်းသံတော်ဆင့်

ရွှေတြိဂံ ဒေသ ဘိန်းရာဇာ သစ်ဟု လူသိများ သည့် နော်ခမ်း အဖွဲ့အား စစ်ဆင် ခြေမှုန်းခဲ့ သည်ဟု ဆိုသော အနောက်ဘက် ခြမ်း မဲခေါင်မြစ် ကြောင်း တလျှောက် အခြေစိုက် လှုပ်ရှားကြ သည့် နအဖ တပ်များသည် ဒေသခံ လားဟူရွာသား များ၏ ကျွဲ၊ နွား၊ ကြက်၊ ၀က် များသာမက အိမ်သုံး ပစ္စည်းဟူသမျှ အဖိုးအခ မပေးဘဲ သိမ်းကြုံး ယူဆောင်နေကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုသည်။


ဖေဖေါ်ဝါရီလနှောင်းပိုင်းကစ၍ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်၊ တာလေ၊ တာချီလိတ် အခြေစိုက် စစ်အစိုးရ နယ်လှည့် စစ်ကြောင်းများ ရွှေတြိဂံဒေသ မဲခေါင်မြစ်ဝှမ်းတလျှောက်ရှိ လားဟူနှင့် သျှမ်းဒေသခံများ၏ အိုးခွက်ပန်းကန်မှ အစ စဉ်းတီတုံးအဆုံး အဓမ္မယူဆောင်နေကြောင်း လားဟူ LDU (Lahu Democratic Union) ဥက္ကဌ ဦးဂျဘိုးလုံက ဤကဲ့သို့ ပြောပြသည်။

“ဗမာတပ်က ရွာနား စခန်းချတဲ့အဖွဲ့တင်မကဘူး အင်အား၂၀-၃၀ ပါတဲ့တပ်ဖွဲ့တွေ၊ တဖွဲ့ပြီးတဖွဲ့ ၀င်ထွက်သွားလာတယ်၊ တဖွဲ့တဖွဲ့လာနားရင် တရွာဝက်သားဘယ်နှစ်ပိဿာ၊ အမဲသားဘယ်နှစ်ပိဿာဆိုပြီးဆင့်ခေါ်တယ်။ ကြက်၊ ဘဲတွေဆို မပြောပလောက်ဘူး။ အခုတော့ရွာထဲမှာ တွေ့သမျှအကုန်ယူတယ်။ အ၀တ်အစားလဲမချန်ဘူး။ အဆိုးဆုံးကလူတွေနေ့စဉ် သုံးတဲ့ ပန်းကန်ခွက်ယောက်၊ ငြုတ်ဆုံ၊ ဓါးက အစ စဉ်းတီတုံး အဆုံး အကုန်ယူတာဘဲ”

သူပုန် အဖွဲ့ရွာထဲ ၀င်ရောက်လာပါက ဒေသခံများ ထံတောင်းယူသွားသည့် ပစ္စည်းတန်ဖိုးပေးသော်လည်း စစ်အစိုးရ စစ်တပ် များကတပြားမှမပေးကြောင်း၊ စီးပွားရေးအခက်အခဲကြောင့်ရုန်းကန်နေရသည့်ကြား နအဖစစ်ကြောင်းက အမျိုးမျိုးနှိပ်စက် သဖြင့် ဒုက္ခကြီးအကျယ် ကြုံတွေ့ရကြောင်းဆို၏။

တာချီလိတ် မြို့နယ်အတွင်း ဈေးပတ်သွားရောင်းသည့် မုံးကိုးဒေသခံ သျှမ်းအမျိုးသမီးတဦးက “အခုအရမ်းခံ ရတဲ့ ရွာတွေက ကျိုင်းတုံ - တာချီလိတ် ကားလမ်းမြောက်ဘက်ခြမ်း တောင်ချန်၊ စံဖူး၊ စံကော နဲ့ နောင်တောဝ်း ရွာတွေပေါ့။ အဲဒီဘက်က လားဟူတွေများတယ်လေ။ အဲဒီရွာတွေက မဲခေါင်မြစ် နဲ့နီးတဲ့ တောင်ပေါ်ရွာတွေပေါ့။ စံဖူးရွာကသျှမ်းတွေ ဘဲ” ဟု ဆို၏။

ဖေဖေါ်ဝါရီနှောင်းပိုင်းက မဲခေါင်မြစ်အတွင်း တရုပ်လှေတစ်စီး ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသည့်အမှု အပြီး တရုပ်ဖိ အား ကြောင့် နအဖ စစ်တပ်နှင့် လောဝ်အာဏာပိုင်တို့ ပူးပေါင်းကာ MTA အဖွဲ့ဝင်ဟောင်း နော်ခမ်းအဖွဲ့ကို လိုက် လံ ရှင်းလင်း ရာမှ လားဟူ ကျေးလက်လူထုများ အခက်ကြုံခဲ့ရသည်။ အခက်အခဲမျိုးမျိုးကြုံတွေ့ရသော်လည်း လားဟူအမျိုး သားများသည် မွေးရပ်ဇာတိနှင့် လယ်ယာမြေကို ချစ်မြတ်နိုးသောကြောင့် တခြားဒေသတို့ ပြောင်းရွေ့ရန် အခက်တွေ့နေရကြောင်း လားဟူဥက္ကဌက ဆိုပါသည်။


No comments: