Monday, April 27, 2009

ရွေးကောက်ပွဲနီးတာနဲ့အမျှ ခြေရှုပ်စပြုလာပြီ

ရဲဘော်ဖိုးသံချောင်း

ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်မှာ သူများတွေ တွေ့ရှိတဲ့၊ အထူးသဖြင့် အနောက်နိုင်ငံ တွေက တွေ့ရှိတဲ့ သဘောတရား တွေကို ဗမာပြည်နိုင်ငံ ရေးထဲ အတင်း သွတ်သွင်းလာတာတွေ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါကို လုပ်သူတွေက တော့ အင်္ဂလိပ်စာ ဖတ်တတ်တဲ့ ပညာတတ်သူတွေ ပဲဖြစ်ပါတယ်။

ဒီလိုသွတ်သွင်းလာတဲ့ အယူအဆတွေဟာ ကိုယ့်နိုင်ငံက လက်တွေ့အခြေအနေနဲ့ ကိုက်ညီတာလည်းရှိ၊ မကိုက်ညီတာ လည်း ရှိလို့ ဆို ရမှာပါ။ တချို့များဆိုရင် တခေတ်က မန္တလေးကအငြိမ့်မင်းသမီးတွေ သီဆိုလေ့ရှိသလို “ဦးသူယူ” ဆိုသလိုမျိုးတောင်၊ သူ့ထက်ငါဦး လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုသွတ်သွင်းလာတာတွေအထဲက အခုနောက်ဆုံး သယ်ဆောင်လာကြတဲ့ အယူအဆတခုကတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာ ပါပဲ။ ဒီလို စကားလုံးကြီးကြီးနဲ့ တွယ်လိုက်တာနဲ့ တဆက်တည်းမှာ ဒီချုပ်ကိုတိုက်ခိုက်ချင် နေပြီး ဘာနဲ့ တိုက်ခိုက်ရမှန်း မသိဖြစ်နေ သူတွေ၊ အပြစ်ပုံချလိုသူတွေနဲ့ နအဖကို မျက်နှာလုပ်လိုသူတွေ အများ အပြားဟာ ဒီလေသံအတိုင်း နောက်ကလိုက်ပြောကြတာကိုလည်း တွေ့ရပါတယ်။

အဲဒီလိုနိုင်ငံခြားကနေ ကိုယ့်နိုင်ငံနဲ့ဆိုင်မှန်းမသိ၊ မဆိုင်မှန်းမသိ ဆွဲယူလာတဲ့ ဒီအသုံးအနှုန်း အယူအဆကို ခေါင်းပေါ်ကနေ စွပ်ချပေးတာ ခံလိုက်ရသူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ဘာမှပြန်ပြောခွင့်မရှိတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ဒီလိုတံဆိပ်တပ်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက် (အာဏာတည်မြဲရေးအတွက်) အမျိုးမျိုးကုတ်ကပ်၊ ညစ်ပတ်ရမ်းကားနေရတဲ့၊ အာဏာရနေပါလျက်နဲ့ အခုအချိန်အထိ ရွေးကောက်ပွဲဥပဒေ မကြေညာနိုင်သေးတဲ့ နအဖစစ်အစိုးရကိုကျတော့ ဖြစ်တည်မှု အကျပ်အတည်းဆိုက်နေတယ်လို့မပြောဘဲ ဘာဖြစ်လို့ နအဖရဲ့ ဖိနှိပ်မှုမျိုးစုံကို အနှစ် နှစ်ဆယ်ကျော် အလူးအလှိမ့်ခံရင်း ရပ်တည်နေသူတွေကိုမှ ဒီလိုခြယ်မှုန်းပြတာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ချေမှုန်းတော့မှာကို သူတို့က သိနေလို့များလားရယ်လို့တောင် စဉ်းစားစရာဖြစ်နေပါတယ်။

တကယ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပဲပြောပြော၊ စစ်အစိုးရအကြောင်းပဲပြောပြော၊ ဟိုတုန်းကနဲ့အခု အခြေအနေတွေ မတူတော့တာကို မထည့်သွင်း၊ မစဉ်စားလို့ မဖြစ်ပါဘူး။ ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ မတူတာတွေအများကြီး ရှိနေပါတယ်။ ၁၉၈၈-၉ဝ ကာလတုန်းက လူထုမှာရော ရှေ့တန်းက လှုပ်ရှား သူတွေမှာပါ တက်ကြွမှုအပြည့် ရှိနေကြပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာလို့ ပြောရမလား၊ ရင်ထဲမှာလို့ပြောရမလား၊ “ထိုးစစ်စိတ်ဓာတ်” နဲ့ “အောင်ပွဲခံစိတ်ဓာတ်” တို့ မြဲမြဲမြံမြံကိန်းအောင်းနေပါတယ်။

အာဇာနည်တွေရဲ့မျက်နှာတွေလည်း မျက်စိထဲကမထွက်သေးတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိုးကိုတက်ပြီးဒူးနဲ့ တိုက်ရဲတယ်ဆိုတဲ့ သတ္တိမျိုးတွေ့ဖို့ဝေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ တဖက်မှာကြည့်လိုက်ပြန်တော့လည်း မဆလဟာ အလဲထိုးခံသွားရပြီး နဝတဟာ ခံစစ်ရောက်နေတယ်ဆိုတာကိုလည်း အရှင်းသား မြင်တွေ့နေကြရပါ တယ်။ ဗိုလ်စောမောင်ကို တင်လိုက်တာကိုက အငှားဗိုက်နဲ့ ဓားထိုးခံလေသလားလို့ တွေးတောနေကြတဲ့အချိန်ဖြစ် ပါတယ်။

အဲဒီအချိန်မှာ နဝတတက်လာပုံကိုပဲ ပြန်စဉ်းစားကြည့်ပါ။ နဝတဟာ အလံတလူလူ၊ အောင်စည်အောင်မောင်းတွေ တီးပြီး ထွက်လာတာမဟုတ်ပါဘူး။ “အာမခံချက်တွေ” (ကတိတွေ) အမျိုးမျိုးပြောပြီး ထွက်လာတာဖြစ်ပါတယ်။ ပါတီဝင် သန်းဂဏန်း ရှိတယ်ဆိုတဲ့ မဆလပါတီကိုလည်းဖျက်သိမ်းပေးရ၊ လူဦးရေရဲ့ (၉၄) ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့ ပါတယ်ဆိုတဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်းပေးခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်စောမောင်က ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ စစ်တပ်ဟာ စစ်တန်းလျား (နေရာမှန်) ကို ပြန်ပါမယ်လို့လည်း ကတိပေးနေရပါတယ်။ အခြေခံဥပဒေအသစ်ကို ကျုပ်တို့ စစ်တပ်က မရေးဘူး၊ တရားခံဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ပဲ ရေးကြလို့ ပြောနေရတဲ့ အနေအထားလည်းဖြစ်ပါတယ်။

အဲဒီလို လူထုအရှိန်သိပ်မြင့်နေချိန်မှာ စစ်အုပ်စုကို ကပ်ဖားရပ်ဖား လုပ်လိုတဲ့လူတွေလည်း ခေါင်းမထောင်ရဲပါဘူး။ အဲဒီလို အနေအထားမှာ ကြံ့ဖွံ့ဖွဲ့လို့မရပါဘူး။ နောက်ပြီး အခုပေါ်ပေါက်လှုပ်ရှားနေတဲ့ ပေါက်တတ်ကရ အဖွဲ့အစည်းတွေလည်း ခေါင်းမပြူရဲပါဘူး။ အဲဒီတုန်းကသာ ဖြစ်တည်မှုအကျပ်အတည်းဆိုတာကို အသံဟလိုက်ရင် နဝတအစိုးရဟာ ဒါငါတို့ကို ပြောတာပဲဆိုပြီး ဆွဲစေ့လိုက်မှာသေချာပါတယ်။

ဒါပေမယ့် အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ ကျတော့ အနေအထားတွေဟာ အားလုံးလိုလို ပြောင်းပြန်ဖြစ် နေပါတယ်။ သူတို့စိတ်ကြိုက်ရေးပြီး မဲလိမ်မဲခိုးကာ လူထုကိုဓားမိုးအတည်ပြုခိုင်းထားတဲ့ အခြေခံဥပဒေကို သိဒ္ဓိတင်ပေးဖို့လုပ်မယ့် ရွေးကောက်ပွဲတရပ်အတွက် တာစူနေချိန်ဖြစ်ပါတယ်။ သူတို့အနေနဲ့ လူထုကို “ငြိမ်ဝပ်ပိပြား” အောင်လည်းလုပ်ပြီးနေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုလည်း အတောင်အလက်ချိုးပြီးထားပါပြီ။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ခေါင်းပိုင်းပဲချန်ထားပြီး တက်တက်ကြွကြွ လှုပ်ရှားသူတွေကို ခြေချုပ်၊ အကျယ်ချုပ်၊ ထောင်ချုပ်တွေနဲ့ ချုပ်ချယ်ထားပါတယ်။ (ဒီလိုအခက်အခဲတွေကြုံတွေ့နေတာကို ဖြစ်တည်မှုအကျပ်အတည်းဆိုက်နေတာလို့ ပြောလေသလား မသိပါ)။ မတရားသင်းကြေညာထားတဲ့ အဖွဲ့တွေလည်း များသထက် များလာနေတာကို အားလုံး သတိပြုမိကြမှာပါ။ ဒါသာမက ၁၉၈၈-၉ဝ တုန်းက တက်ကြွလှုပ်ရှားသူ အများအပြားဟာ အခုအခါမှာ ပြည်ပကို ကြဲကွဲရောက်ရှိနေကြ ပါတယ်။ နောက်ပြီး တစည်းတလုံးထဲလည်း မရှိကြပါဘူး။

ဒီလိုအခြေအနေတွေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြစ်တည်မှုအကျပ်အတည်း တွေ့နေတယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလိုအခက်အခဲကိုထောက်ရုံတင်မကပဲ အဲဒီကထွက်လမ်းအနေနဲ့ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လည်း နတ်လမ်းညွှန် လုပ်နေပါတယ်။ ဒါကိုမှ လက်တွေ့ကျတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။ အမှန်ပြောရရင် ဒါဟာကျားလှောင်အိမ်ထဲကို ကျားစာအဖြစ်ခံဖို့ “ကိုယ့်ဆန္ဒအရ” အဝင်ခိုင်းနေတာပါ။ မြေခွေးအမြီးပြတ်က သေဖော်ညှိတာလို့လည်း ဆိုနိုင်ပါတယ်။

တကယ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲလုပ်ပြီးခဲ့တာဟာ အနှစ်(၂ဝ) ရှိပါတော့မယ်။ မင်းမှာသစ္စာ၊ လူမှာကတိလို့ အဆိုရှိပေမယ့် အာဏာကိုလက်မလွှတ်လိုတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ သစ္စာလည်းလုံးဝမရှိ၊ ကတိလည်း လုံးဝမတည်တာကို တွေ့ခဲ့ကြရပါပြီ။ သူတို့ဟာ ကလေးတွေကစားသလို “ရွှေတံခါးကြီးဖွင့်ပါအုန်း” ဆိုတာမျိုးနဲ့ လူထုကို အမျိုးမျိုးလှည့်စားလို့သာနေတယ်။ ပြောရရင် သူတို့ ဘာလုပ်နေတယ်ဆိုတာကို ပြည်တွင်းပြည်ပက လူတိုင်းသိပါတယ်။ အခုသူတို့ကို ထောက်ခံနေတဲ့၊ ဆန့်ကျင်လေသံမဟဝံ့တဲ့၊ ရွေးကောက်ပွဲဝင်ပြီး မိုးခါးရေ သောက်ဖို့ တိုက်တွန်းနေတဲ့ လူတွေတောင် သိပါတယ်။ စစ်အုပ်စုရဲ့ သစ္စာဟာ ဘယ်လိုဟာမျိုးဖြစ်တယ် ဆိုတာ ဒီနိုင်ငံမှာ ကလေးတောင်မှသိပါတယ်။

မနိုင်ရင်အရှုံးပေးပြီး ဝင်ရောလိုက်ဆိုတဲ့အယူအဆဟာ စံကျတဲ့အရှုံးပေးရေးအယူအဆတမျိုး ဖြစ်ပါတယ်။ ဒါဟာအဆင့်နိမ့် သတ္တဝါတွေရဲ့ စဉ်းစားနည်းမျိုးသာဖြစ်ပါတယ်။ နိုင်မယ်ထင်ရင် မာန်ဖီပြ၊ ရှုံးမယ်ထင်ရင် သွားဖြီးပြပြီး အမြီးကုတ်သွား တာဟာ သူတို့ရဲ့ အလေ့အကျင့်ပါ။ ရှစ်လေးလုံးအရေးတော်ပုံ အရှိန်မြင့်နေတုန်းက တက်ကြွ၊ လက်သီးလက်မောင်း တန်းခဲ့ပြီး၊ အခု နအဖက ပွဲကြမ်းနေတဲ့အခါမှာကျတော့ ရွှေပြည်အေးတရားတွေ ဟောနေသူတွေကို “အမြင်မှန်ရသူတွေ” လို့ ခေါ်နိုင်ပါသလား။ နအဖကို ဆက်လက်ဆန့်ကျင်နေတာဟာ “လက်တွေ့မကျဘူး” လို့ ဆိုသူတွေကို လက်တွေ့က သင်ခန်းစာပေးပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တချို့လူတွေလို ရွေးကောက်ပွဲမှာ သူဌေးဖြစ် ခွေးဖြစ် ဝင်အောလို့မဖြစ်ပါ ဘူး။ ၁၉၉ဝ ခုနှစ်တုန်းက ဦးနုဟာ စစ်တပ်ဟာ သူ့ဆီက အာဏာလုသွားတယ်လို့ ပြောစရာရှိပေမယ့် ရွေးကောက်ပွဲမှာ ဒီငြိမ်းအဖွဲ့ ဝင်လိုက်တော့ အရှက်ကွဲသွား ရတဲ့ သင်ခန်းစာရှိပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်း တွေမှာ နောက်ကြောင်းသမိုင်း ရှိကြတဲ့ အ လျောက် သမိုင်းကပေးထားတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေကို ထမ်းဆောင်ရ ပါသေးတယ်။ ဒီလိုဆိုတဲ့အတွက် အခြေအနေသစ်တွေက ပြဋ္ဌာန်းတဲ့ လုပ်ငန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီနှစ်ရပ်စလုံးကို ပေါင်းစပ်ရမှာဖြစ်ပါတယ်။ သမိုင်းရှည်ကြာလေ၊ ထောက် ထား ရတာ များလေလို့ ဆိုရင်မမှားပါဘူး။

မှန်ပါတယ်။ သူတို့မှာ အခက်အခဲကြီးပါတယ်။ အခုအခါမှာ သူတို့ရဲ့အခက်အခဲဟာ လူထုရဲ့ အခက်အခဲလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒီချုပ်အခက် ငါတို့အချက်ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ တက်ကြွနေသူတွေ မိုးကျလို့ မှိုထွက်သလို ပေါ်ထွက်နေ ပါတယ်။ နအဖ ထားရာမှာ ထားသလိုနေမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် တော့ လတ်တလောအားဖြင့် ဖြစ်တည်မှု အခက်အခဲ မရှိသေးတာ သေချာပါတယ်။

No comments: