Friday, April 24, 2009

ပန်းပုပြပွဲရုပ်ထုများကို ၀န်ကြီးချုပ်က ရောင်းချရန်တားမြစ်


NEJ /၂၄ ဧပြီ ၂၀၀၉

ဆရာစံပလာဇာ တွင် ကျင်းပနေသော နာဂစ်လွန် မြန်မာ အနုပညာနှင့် ပန်းပု အရောင်း ပွဲတော်တွင် ပန်းပုရုပ်များ ၀ယ်ယူ၍ မရကြောင်း ဈေးဝယ်သူများ က ပြောသည်။

မည်သည့်အကြောင်းကြောင့် ပန်းပုရုပ်များကို မရောင်းသေးကြောင်း ပြပွဲတာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခြင်းမရှိဟု သိရသည်။

“သူတို့ ပြောတာကတော့ အရောင်းပွဲလို့ ပြောပေမယ့် အရင်ကရောင်းမယ်ပြောပြီးတော့ ခုတော့ မရောင်းတော့ဘူး လို့ ပြောတယ်ဗျာ။ ကျနော့်အထင်ပြောရရင်တော့ ဈေးခေါ်နေတာ ဖြစ်မယ်” ဟု ဟိုတယ်တခုမှ မန်နေဂျာတဦးက ပြောသည်။

အဆိုပါ ပန်းပုပြပွဲကို ကောင်းမြန်မာအောင်ကုမ္ပဏီနှင့် ဗဟိုသမ၀ါယမအသင်းလီမိတက်တို့က ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ပုဂ္ဂလိကမှလည်း ပါဝင်ပြသရောင်းချလျက်ရှိသည်။

ပုဂ္ဂလိကအရောင်းဆိုင်များမှာ နာဂစ်သစ်ပင်များကို ရန်ကုန်မြို့တော်စည်ပင်မှ တန်ချိန်ဖြင့်ဝယ်ယူကာ ပန်းပုထုလုပ် ရောင်းချခြင်းဖြစ်သည်။

ပြပွဲကို နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် ဧပြီ (၃) ရက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပန်းပုရုပ်ထုများမှာ အမေရိကန်ဒေါ်လာ သောင်းဂဏန်းထိ တန်ဖိုးရှိကြောင်း ကောင်းမြန်မာအောင်ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြောသည်။

“လောလောဆယ် ၀န်ကြီးချုပ်က မရောင်းပါနဲ့အုံးလို့ ပြောပါတယ်ခင်ဗျာ” ဟု ၎င်းက ပြောသည်။

ဗဟိုသမ၀ါယမအသင်းလီမိတက်၏ တရားဝင်ထုတ်ပြန်ထားချက်များအရ ပြပွဲကို မေ (၇) ရက်ထိ ကျင်းပမည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ သက်တမ်း (၁၀၀) ကျော်ရှိသော နာဂစ်ကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည် နယ်တို့မှ ပန်းပုပညာရှင် (၃၀၀) တို့က ပန်းပုရုပ်ထုများ ထုလုပ်ထားခြင်းဖြစ်သည်။

နာဂစ်လွန်ပန်းပုပြပွဲတွင် သမိုင်းတွင် ရှိခဲ့သော ရာမဇာတ်တော် ရုပ်တုများ၊ ပျူစောထီးပုံ၊ နာဂစ်မုန်တိုင်းတိုက်နေစဉ် ပြေးလွှားနေကြ သည့်မိသားစု သရုပ်ဖော်ပုံများ၊ ပုံတူပန်းပုများနှင့် မြန်မာ့ခေတ်အဆက်ဆက် ယဉ်ကျေးမှု ရုပ်ထုများကို ပြသထားသည်။

ပန်းပုရုပ်များနှင့် ဓာတ်ပုံတွဲဖက်ရိုက်လိုပါက မိမိကင်မရာဖြင့် ရိုက်၍မရဘဲ စွယ်တော်ဓာတ်ပုံတိုက်ကို ကန်ထရိုက် ပေးထားကြောင်း ပြပွဲလုံခြုံရေးက ပြောသည်။

No comments: