Sunday, April 26, 2009

ရေအတွက် အခက်ပွေဆဲ

မဇ္ဈိမ

အချိန်ကား အပူချိန် ပြင်းထန်သော နေ့လည် ၁ နာရီခန့် ဖြစ်သည်။ လပွတ္တာမြို့ ၏ ဆိပ်ကမ်း တနေရာတွင် အသက် ၅ဝ ကျော်အရွယ် အမျိုး သမီးကြီး တဦး နေရောင်ပြင်းပြင်း ကျရောက်နေ သော မြစ်ပြင်ပေါ်ကို ငေးနေသည်။ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ၂၆ နှစ် အရွယ် သားဖြစ် သူကို ဆုံးရှုံးခဲ့ရ ရှာသော အဆိုပါ အမျိုးသမီး ကြီးမှာ မြစ်ပြင်ကို လက်ခတ်လှေငယ်ဖြင့် ဖြတ် ကျော်လာသော ခင်ပွန်း ဖြစ်သူကို မျှော်နေခြင်း ဖြစ်သည်။ လပွတ္တာမြို့နှင့် ရွေးမြစ် ခြားလျက် ရှိသော တဖက်ကမ်း ကျွန်းကွင်းရွာ သို့ ပြန်ရန် နာရီဝက် နီးပါးမျှ လက်ခတ် လှေကို လှော်ခတ်ရ မည် ဖြစ်သည်။

“ဟာ... ပုံးယူမလာဘူးလား..“ အမျိုးသမီးကြီးက လှေမကပ်မီ ခင်ပွန်းဖြစ်သူကို မေးခြင်းဖြစ်သည်။

“ ဘယ်ယူနိုင်မလဲဟာ.. ကမန်းကတန်း လာရတာကြီးကို..“

“ဟာ... ငတ်ပြီ...ဒါဆိုရင်တော့....”

နာဂစ်မုန်တိုင်း၏ နောက်ဆက်တွဲ ပြဿနာများအနက် ယနေ့အချိန်၌ အပြင်းထန်ဆုံး ရိုက်ခတ်လျက်ရှိသည့် သောက်သုံးရေ ရှားပါးမှုပြဿနာ၏ တစိတ်တပိုင်း ဖြစ်ရပ်တခုကို မြင်တွေ့ရခြင်း ဖြစ်သည်။ မိုင်ဝက်ခန့် ကျယ်ဝန်းသော မြစ်ပြင်ကို နေ့စဉ် ဖြတ်သန်း၍ သောက်သုံးရေ လာရောက်ခပ်ယူရာမှ ယခုအကြိမ်တွင် အလျင်အမြန် ထွက်လာသူ ခင်ပွန်းသည် ရေထည့်စရာ ပုံးယူမလာသဖြင့် တရက်တာ ရေအငတ်ခံရမည့် အခြေအနေ ဖြစ်နေသည်။

သောက်သုံးရေ လုံလောက်စွာ မရရှိသည့်ု နာဂစ်ဒဏ်ခံ ဒေသ၏ ပြဿနာကို အများနည်းတူ ခံစားနေရသူ အရွယ်လွန် လင်မယားမှာ ယခုအကြိမ်တွင် ကံကောင်းသွားခဲ့သည်။ စာနာစိတ်ရှိသူ ခရီးသွားလူငယ်တဦးမှ ၅ ဂါလံဝင် ပလတ်စတစ်ပုံး တပုံးကို ကုသိုလ်ယူ လှူဒါန်းလိုက်သောကြောင့် ဖြစ်သည်။

နာဂစ်မုန်တိုင်း၏ အဆိုးရွားဆုံး ဖျက်ဆီးမှုတွင် သောက်သုံးရေကန်များကို ပင်လယ် ဆားငန်ရေများ ဖုံးလွှမ်းလိုက်ခြင်းသည် ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း NGO များနှင့် အခြား လူမှုဝန်ထမ်းအဖွဲ့များအတွက် အဓိက ခေါင်းခဲစရာ ပြဿနာတခု ဖြစ်နေသည်။ ဧရာဝတီတိုင်း၏ ရေငန်ရောက်ဒေသများမှာ ယခင်နှစ်များကလည်း နွေရာသီ၌ သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။ ရေအရင်းအမြစ် ကောင်းမွန်သည့် ရွာများမှ ရေကန်များကို အနီးအနားရှိ ရွာများမှ ရေလမ်း၊ ကုန်းလမ်းများဖြင့် သွားရောက်ခပ်ယူကြခြင်း၊ ရေဖြန့်ဝေရောင်းချခြင်းများ ယခင်နှစ်များကပင် ရှိခဲ့ကြောင်း သိရသည်။

လပွတ္တာဒေသသည် ကုလ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေ အဖွဲ့ - UNICEF မှ တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သောက်သုံးရေ ပြတ်လပ်မှု ပြဿနာ ဆိုးရွားနိုင်မှု အနေအထားမှာ ဘိုကလေး၊ ငပုတော စသော ဒေသများ၏နောက် ဒုတိယနေရာ၌သာ ရပ်တည်နေသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထားမှာ စိုးရိမ်ဖွယ်ရာ အနေအထားပင် ဖြစ်သည်။

ရေကန်များ အများစုမှာ ယခုနှစ် မိုးတွင်းကာလအတွင်း အနည်းဆုံး တကြိမ်မှ၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အချို့ရပ်ရွာများရှိ ရေကန်များမှ လေးကြိမ်အထိ ရေငန်များ စုပ်ထုတ်ခဲ့ပြီး ဖြစ်သော်လည်း သောက်သုံးရေအတွက် အသုံးပြုနိုင်ခြင်း မရှိသေးသကဲ့သို့ ယခုနှစ် မိုးရာသီတွင်လည်း အနည်းဆုံး တကြိမ်နှင့်အထက် ရေစုပ်ထုတ်သန့်စင်ပြီးမှ သောက်သုံးရေအတွက် ပြန်လည်အသုံးချနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် ယင်းရေကန်များနှင့် လက်ယက်တွင်းများ၊ စိမ့်ရေတွင်းများကို သုံးရေ၊ ချိုးရေ အဖြစ်သာ အသုံးပြုနိုင်ကြသည်ကို မြင်တွေ့ခဲ့ရသည်။

“သောက်ရေ ၄ ဂါလံပုံး တပုံးကို ၂ဝဝ၊ ၂၅ဝ ပေးပြီး ဝယ်သောက်ရပါတယ်။ အဖွဲ့အစည်းတွေ (NGO များကို ဆိုလိုခြင်း ဖြစ်သည်။) လာပေးတဲ့ ရေတွေက ပေါ့နေတယ်။ လူတယောက်ကို တနေ့ ၃ ပုလင်းနှုန်း ပေးမယ်၊ အလကားပေးမယ်လို့ ပြောတယ်..။ အခုထိတော့ လပွတ္တာက ရေကို ခပ်ပြီး လာရောင်းတဲ့ သူတွေကို အားကိုးနေရပါတယ်” ဟု ပြင်စလူအပိုင်၊ သပြုကုန်းကျေးရွာ အုပ်စုဝင် ရွာသားတဦးက ပြောသည်။

လပွတ္တာမှ ရေချိုကို စက်လှေတွင် တာလပတ်ကန် ပြုလုပ်သယ်ဆောင် ရောင်းချသူများအပြင်၊ ၎င်းတို့ထံမှ ၅ ဂါလံ ၁၅ဝ ကျပ်ဖြင့် ဖောက်သည်ယူပြီး ရွာတွင် တဂါလံ ကျပ် ၅ဝ နှုန်းခန့်ဖြင့် ပြန်လည်ရောင်းချသူများလည်း ရှိသည်ကို တွေ့ရသည်။

“အရွယ်ရောက်ပြီးသား သူတွေချည်းပဲ ၅ ယောက်လောက်ရှိတဲ့ မိသားစုတစုဆိုရင် သောက်ရုံသက်သက်အတွက် ၂ ရက်ကို ၅ ဂါလံပုံး တပုံး ကုန်ပါတယ်“ ဟု လပွတ္တာမြို့နယ်၊ မြယာကုန်းကျေးရွာမှ သောက်သုံးရေ တဆင့်ပြန်လည်ရောင်းချသူ ဒေါ်လှက ရှင်းပြသည်။

NGO များအနေဖြင့်လည်း သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်နေသော်လည်း လပွတ္တာဒေသ တခုလုံးကို

ထိရောက်အောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ Merlin, UNDP, Save The Children, Acted စသော NGO များက လပွတ္တာဒေသကို တာဝန်ယူဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

ထူးခြားချက်မှာ NGO အချို့မှ လာရောက်ပေးပို့သော ရေများသည် လပွတ္တာအထက်ပိုင်း ရွေးမြစ်အတွင်း ရေချိုပေါက်သော ဒေသမှ ရေများကို ရေသန့်စက်များဖြင့် သန့်စင်ပြီးမှ လာရောက်ဖြန့်ဝေပေးခြင်း ဖြစ်သော်လည်း အဆိုပါ ရေများကို သောက်သုံးသူများ (အဓိကအားဖြင့် ကလေးသူငယ်များ) ဝမ်းပျက်ဝမ်းလျော ရောဂါများ ဖြစ်ပွားကြောင်း ဒရယ်ဖြူ၊ ကြိုးကြာကွင်း၊ ချောင်းကြီး၊ ကြားကုန်းကြီး၊ ကြားကုန်းလေး၊ မြယာကုန်း စသော ကျေးရွာများက အခိုင်အမာ ပြောဆိုသည်ကို တွေ့ရသည်။

NGO များအနေဖြင့် ရေကို ကိုယ်တိုင်သယ်ယူ၍ သွားရောက်ပို့ဆောင်ပေးခြင်းမျိုး မဟုတ်ပေ။ ကျေးရွာများတွင် သောက်သုံးရေ ရရှိရေး ကော်မတီများ ဖွဲ့စည်းပေးပြီး တာဝန်ခံ၊ ငွေကိုင်စာရေး စသည့်တို့ကို ခန့်ထားပေးကာ.. လူဦးရေနှင့် သောက်သုံးရေ ပမာဏ (လူတဦး တရက် ၃ ပုလင်းနှုန်း) တွက်ချက်၍ ရေဖိုးပေးခဲ့ခြင်း ဖြစ်သည်။

ရေ လာရောက် ဖြန့်ဖြူးပေးသော စက်လှေကို အဆိုပါ ငွေကြေးကို ပေးရခြင်းမျိုး ဖြစ်သည်။ NGO များအနေဖြင့် ရေရရှိရေးအပြင် အခြားတာဝန်များ ယူထားရခြင်းနှင့် ဝန်ထမ်းအင်အား မပြည့်စုံခြင်းတို့ကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် ကျေးရွာကောင်စီ ရ.ယ.က များ၊ ကော်မတီဝင်များမှ အဆိုပါ ငွေကြေးများကို အလွဲသုံးစားလုပ်ခြင်း၊ ငွေကြေးဖြင့် ထပ်မံရောင်းချခြင်း စသော ဖြစ်ရပ်များ ထပ်ဆင့်ပေါ်ပေါက်နေသည်ကို တွေ့ရသည်။

“သုံးရေခပ်နေရတဲ့ ရေကန်က နောက်ထပ် ၁ဝ ရက်၊ ၁၅ ရက်လောက်ဆိုရင် ခန်းတော့မယ်..။ အရင်က နွေဘက်တွေဆို ရွာနီးချုပ်စပ်ကတောင် လာခပ်ရတယ်.။ အခု ၄ ခေါက် စုပ်ထုတ်ထားပြီးပြီ။ ဒီတမိုးကျရင် အနည်းဆုံး တခေါက်တော့ ရေပြန်စုပ်ထုတ်ရဦးမယ်။ ဒါမှ သုံးလို့ရမယ်” ဟု သပြုကုန်း ကျေးရွာအုပ်စုဝင် ချောင်းကြီးရွာမှ သောက်သုံးရေ ကန်နှင့် ပတ်သက်ပြီး လယ်သမားကြီးတဦးက ရှင်းပြသည်။

ကျေးရွာများသို့ လာရောက်ရောင်းချသော လပွတ္တာမြို့ရှိရေမှာ သောက်သုံးရာတွင် အဆင်ပြေသည်ဟု ပြောဆိုကြသည်ကို တွေ့ရသည်။ လပွတ္တာမြို့ ၁ဝ ရပ်ကွက်ရှိ သောက်သုံးရေကန်မှ ရေများကို မြစ်ဆိပ်သို့ သယ်ဆောင်ရာတွင် ဂါလံ ၄ဝဝ ဝင်ဆန့်သည့် ထော်လာဂျီ တစီးလျှင် ကျပ် ၃ဝဝဝ မှ ၃၅ဝဝ အကြား ရှိသည်။ အဆိုပါ သောက်သုံးရေကန်မှာမူ ရေအရင်းအမြစ် ကောင်းမွန်ပြီး အခြား ရေကန် ၆ ကန်ခန့်ဖြင့် တွဲဆက်လျက်ရှိကာ ခန်းခြောက်မည့် အနေအထားသို့ မရောက်ရှိနိုင်ဟု လပွတ္တာမြို့ခံတဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးထွန်းလွင်က ယခုနှစ် မုတ်သုန်နောက်ကျမည် ဖြစ်ကြောင်းနှင့် မေလနောက်ဆုံးပတ်မှ ဧရာဝတီတိုင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ပြောသကဲ့သို့ ဒေသခံများမှာလည်း မိရိုးဖလာ တွက်ချက်မှုအရ ယခုနှစ် မိုးနှောင်းမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားကြသည်ကို တွေ့ရသည်။

ယခုလကုန်ပိုင်းတွင် NGO များ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ရုပ်သိမ်းရတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အစိုးရမှ ဆက်လက်လုပ်ဆောင်ရန် MOU ထိုးခွင့်မပြုတော့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ကြားသိရသည်။ ယင်းသို့ ရုပ်သိမ်းပါက လက်ရှိအနေအထားတွင် NGO များအပေါ် ရာခိုင်နှုန်း အတော်များများ မှီခိုနေရသော နာဂစ်ဒဏ်သင့် ပြည်သူများ၏ သောက်သုံးရေသန့် ပြဿနာမှာ ပိုမိုကြီးထွားလာနိုင်ကြောင်း ပြည်တွင်းဂျာနယ်တစောင်မှ အယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။

ယနေ့အချိန်တွင် လပွတ္တာမြို့ ပတ်ဝန်းကျင်ဒေသမှ ကျေးရွာများအားလုံး၌ NGO များမှ လာရောက်ဖြန့်ဖြူးသော သောက်သုံးရေနှင့် ပြင်ပမှ ရောင်းချသောသူများ အပေါ်တွင်သာ မှီခိုနေရပြီး ယင်းတို့၏ မူလရေရင်းမြစ်များကို သောက်သုံးရေအတွက် လုံးဝ အသုံးမချနိုင်သေးသည်ကို တွေ့မြင်ခဲ့ရသည်.။

No comments: