Thursday, April 30, 2009

အုန်းဖျန်စခန်းကို ဒီကေဘီအေ ၀င်စီးမည့်သတင်းကြောင့် ဒုက္ခသည်များ ပုန်းခိုကျင်းတူးနေကြ

NEJ /၃၀ ဧပြီ ၂၀၀၉

အုန်းဖျန် ဒုက္ခသည် စခန်းကို တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (ဒီကေဘီအေ) မှ ၀င်ရောက် စီးနင်း မီးရှို့ဖျက်ဆီး မည်ဟူသော သတင်း များထွက်ပေါ် နေသောကြောင့် စခန်းတွင်း နေထိုင်သူ (၂၅,၀၀၀) ခန့်မှာ ကျီးလန့် စာစားဖြစ်နေ ကြသည်။


ဒီကေဘီအေအဖွဲ့မှ အုန်းဖျန်စခန်းအတွင်း ၀င်ရောက်မီးရှို့ဖျက်ဆီးပြီး အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဆိုသည့် သတင်းတရပ်ကြောင့် စခန်းတွင်းနေထိုင်သူများမှာ ယခု ရက်ပိုင်းအတွင်း အထုပ်အပိုးများ ထုပ်ပိုးထားကြကာ ရပ်ကွက်များတွင်လည်း ပုန်းခိုကျင်းများ တူးထားကြပြီး အချို့စခန်းအနီးရှိ တောင်ပေါ်တွင် တက်ရောက်ပုန်းရှောင်ကြသည်။

အဆိုပါအတည်မပြုနိုင်သည့် သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ခေတ်ပြိုင်မှ ဒီကေဘီအေသို့ ဆက်သွယ်မေးမြန်း ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားသည်။

ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဆရာရောဘတ်ထွေးက “ဒီရက်ပိုင်းအတွင်းမှာ အုန်းဖျန်စခန်းကို ဒီကေဘီအေနဲ့ စောဌေးမောင်ငြိမ်းချမ်းရေးအဖွဲ့တွေက ၀ါဒဖြန့်ထားတာတွေရှိတော့ ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်ပုန်း ကြတာဖြစ်တယ်” ဟု ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ဦးဖလူက “ကျနော်တို့အခု ပစ္စည်းတွေ ထုပ်ပိုးထားတယ်။ ညဘက်မအိပ်ရဲဘူး။ ပုန်းခိုကျင်းလည်း တူးထားတယ်၊ ပုန်းခိုကျင်းတူးတဲ့လူတွေ ရပ်ကွက်တိုင်းမှာ ရှိတယ်” ဟု ပြောသည်။

ဦးဖလူသည် ဟွေ့ကလုပ်ဒုက္ခသည်စခန်းမှ ပြောင်းလာသူဖြစ်ပြီး ယင်းစခန်းအား ဒီကေဘီအေ (၉၉၉) မှ ဗိုလ်ချစ်သူတို့က လာရောက်ကာ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒုက္ခသည်များနှင့်အတူ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရသူဖြစ်သည်။

၎င်းက “ထိုင်းစစ်တပ်ကလည်း ဘာမှ အကာအကွယ်မပေးနိုင်ဘူး။ ဒီလို အတွေ့အကြုံမျိုးရှိတော့ ဒုက္ခသည်တွေ စိုးရိမ်တာ မလွန်ဘူး” ဟု ပြောသည်။

အုန်းဖျန်စခန်းနှင့် ဒီကေဘီအေ (၉၀၇) အခြေစိုက်ရာ ဒေသသည် ကီလိုမီတာ (၄၀) ခန့်သာ ကွာဝေးသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။

ယခင်က ဖျက်သိမ်းလိုက်သည့် တာ့ခ်ခရိုင်အတွင်းရှိ ဟွေ့ကလုပ်၊ ရှိုးကလိုး၊ ဘောနော် စသည့် ဒုက္ခသည်စခန်း သုံးခုကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ကာ မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ခဲ့သဖြင့် ဒုက္ခသည်အချို့သေဆုံး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပြီး အိုးအိမ်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

အဆိုပါစခန်းများအား ဒီကေဘီအေတို့ ၀င်ရောက်ဖျက်ဆီးရာတွင် ထိုင်းလုံခြုံရေးအဖွဲ့များက တစုံတရာ ၀င်ရောက်ဟန့်တားနိုင်သည့် အခြေအနေမရှိကြောင်း၊ ဒုက္ခသည်များ ကြိုတင်ရရှိထားသည့် သတင်းကို စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူများအား ပြောကြားသော်လည်း တာဝန်ရှိသူများက ကောလာဟလ သတင်းများသာဖြစ်သည်ဟု ဆိုကာ အရေးမလုပ်ကြောင်း၊ အမှန်တကယ် ပြဿနာဖြစ်ချိန်တွင် ဒုက္ခသည်များသာ ဒုက္ခရောက်ကြရသည်ဟု ဟွေ့ကလုပ် ဒုက္ခသည်စခန်းဟောင်းတွင် နေထိုင်ခဲ့သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။


အုန်းဖျန်ဒုက္ခသည်စခန်း၏ တဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တည်ရှိပြီး မြန်မာဘက် နယ်စပ်မျဉ်းအနီးတွင် ဒီကေဘီအေ တပ်ရင်း (၉၀၇) အခြေချသည့် ကလို့ထူးဘော ဒေသဖြစ်သည်။

No comments: