Tuesday, April 28, 2009

မြန်မာ့တပ်မတော်သို့ ၀င်ရောက်သူနည်း တံဆိပ်တုံးတုဖြင့် ပညာရေးထောက်ခံချက် လုပ်ပေးနေရ

အောင်ထက် / ၂၈ ဧပြီ ၂၀၀၉

စစ်အစိုးရ တပ်မတော်တွင် အခြေခံ တပ်သားသစ် စုဆောင်း ရာ၌ အခက်အခဲ များနှင့် ရင်ဆိုင်နေ ရကြောင်း စစ်သား စုဆောင်းရေး ရုံးမှ အရာထမ်း တဦးက ပြောသည်။

စစ်သားစုဆောင်းရေး ရုံးခန်းငယ်များ မြို့တိုင်းတွင် ချထားသော်လည်း တပ်သားသစ် စုဆောင်းရရှိမှု မရှိသလောက်နည်းပြီး ခရိုင်အဆင့်၊ တိုင်းအဆင့် တပ်သားသစ်စုဆောင်းရေးရုံးများတွင်သာ တလ တဦး၊ နှစ်ဦးမျှ အ၀င်ရှိကြောင်း စစ်သားစုဆောင်းရေးရုံးတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။

ထိုသို့ တဦးစ နှစ်ဦးစ စုဆောင်းရရှိခြင်းမှာလည်း တပ်သားသစ်အဖြစ် လာရောက်သွင်းပေးသူကို ငွေထုတ်ပေးသော ကြောင့်ဟု အဆိုပါ တပ်ကြပ်ကြီးက ပြောသည်။

ခမရ တခုမှ တပ်ကြပ်ကြီးတဦးကလည်း တပ်မတော်အတွင်းတွင် စစ်ဗိုလ်များပြီး တပ်သားအလွန်နည်းနေကြောင်း၊ ခြေမြန်တပ်ရင်းများ၌ ဖွဲ့စည်းပုံမပြည့်ဖြစ်နေကြောင်း ပြောသည်။

တပ်မတော် (ရေ) တွင် တပ်သားသစ် လာသွင်းသည့် ပွဲစားကို ကျပ်တသိန်းပေးရပြီး အရာရှိအချင်းချင်းထဲမှဆိုပါက ကိုတာပိုရထားသူကို တသိန်းခွဲပေးရသည်ဟု တပ်မတော် (ရေ) တပ်မှူးဟောင်းတဦးက ပြောသည်။

“ဥပမာ ကျနော့်မှာ တပ်သားသစ်မရဘူး။ ဗိုလ်ကြီးတယောက်က သူ့ကိုယ်တာအပြင် တယောက်ပိုရထားတယ်။ သူ့လူကို ယူရင် တသိန်းခွဲ သူ့ကို ပေးရတယ်” ဟု ၎င်းက ပြောသည်။

တပ်မတော် (ရေ) တွင် တပ်သားသစ်များအား ဆယ်တန်းအောင်၊ ဘွဲ့ရကို A အုပ်စု၊ ရှစ်တန်းအောင်ကို B အုပ်စု၊ မူလတန်းအောင်ကို C အုပ်စု စသဖြင့် အုပ်စု သုံးစုခွဲ လက်ခံကြောင်း သိရသည်။


C အုပ်စုဝင် တပ်သားသစ်များသည် စာဖတ်တတ်ပြီး လိုအပ်သည့်ကိုယ်ခန္ဓာရှိကာ စကားပြောပီသရန်သာ လိုအပ်ကြောင်း၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံချက်၊ ပညာရေး စသည်တို့ မလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တပ်ရင်းတပ်ဖွဲ့များ၌ ပညာရေးထောက်ခံချက် တံဆိပ်တုံးအတုများ ပြုလုပ်ထားရှိကြောင်း၊ C အုပ်စုဆိုပါက ဘယ်မြို့နယ်၊ ဘယ်ကျောင်းတွင် (၇) တန်းအောင်အထိ တက်ရောက် ပညာသင်ကြားခဲ့ကြောင်းကို ကျောင်းတံဆိပ်တုံး၊ ကျောင်းအုပ်ကြီး တံဆိပ်တုံး အတုတို့အပြင် ကျောင်းအုပ်ကြီးလက်မှတ်တုတို့ဖြင့် ထုရိုက်ရေးထိုးကာ သင်တန်းသို့ ပို့လိုက်ကြောင်း အဆိုပါ တပ်မတော် (ရေ) တပ်မှူးဟောင်းက ပြောသည်။

စစ်အစိုးရက တနှစ်လျှင် ကြည်း၊ ရေ၊ လေ အရာရှိ (၃,၀၀၀) ကျော်၊ တပ်မတော်ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာအရာရှိ (၁,၀၀၀) နီးပါး မွေးထုတ်နေသော်လည်း လက်တွေ့တွင် တပ်မတော်အတွင်း ၀င်ရောက်သူ နည်းနေပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်း မပါရှိသူ၊ ရာဇ၀တ်မှုကျူးလွန်သူ၊ နောက်ကြောင်း ခြေခြေမြစ်မြစ် မပြောနိုင်သူများသာ တပ်သားသစ်အဖြစ် ၀င်ရောက်သူ များနေကြောင်း စစ်သားစုဆောင်းရေးရုံးတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။

No comments: