Wednesday, April 22, 2009

တားမြစ်မိန့်ကို မလိုက်နာသူများမှာ စစ်အာဏာပိုင်များသာဖြစ်


NEJ /၂၂ ဧပြီ ၂၀၀၉

စစ်အစိုး ရက ထုတ်ပြန် ထားသော တားမြစ်မှု များကို ဖောက်ဖျက် ကျူးလွန် သူများမှာ စစ်ဖက်ဆိုင်ရာ အာဏာပိုင်များ သာ ဖြစ်ကြောင်း ငွေဆောင်ဒေသခံ များက ပြောသည်။

ဧရာဝတီတိုင်း ဒုတိယတိုင်းမှူးကိုယ်တိုင် ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်မစီးရဟု တားမြစ်ထားသော်လည်း စစ်ဖက်မှ အရာထမ်းများနှင့် ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူများက တားမြစ်ချက်ကို အလေးမထားဘဲ ဆိုင်ကယ်များ မောင်းနှင်နေကြကြောင်း ဒေသခံများကပြောသည်။

“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကမ်းခြေမှာ ဆိုင်ကယ်စီးနေသူတဦးကို ဆိုင်ကယ် မစီးရဘူးလို့  အမိန့်ထုတ်ထားတယ် ဆိုတာ ပြောတဲ့အခါ သူက ဗိုလ်မှူး ဖြစ်တယ်ဆိုတဲ့အကြောင်းကို ကတ်တွေဘာတွေ ထုတ်ပြတယ်ဗျ။ ပြောလို့ ဘယ်ရတော့မလဲ” ဟု ငွေဆောင်မှ ဆိုင်ကယ်ကယ်ရီသမားတဦးက ပြောသည်။

ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် ငွေဆောင်ကမ်းခြေတွင် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များက ၎င်းတို့ထံလာရောက်တည်းခိုသည့် ဧည့်သည်များအား ဆိုင်ကယ်မစီးရ တားမြစ်ချက်ထုတ်ပြန်ထားကြောင်း ပြောပြသည့်အတွက် ဆိုင်ကယ်စီးနင်းသည့် ဧည့်သည်လျော့ကျလာကြောင်း ဟိုတယ်တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျမတို့ ငွေဆောင်ဟိုတယ်တွေမှာ ဧည့်သည် မ၀င်တဲ့အချိန်မျိုးဖြစ်ပေမယ့် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ပြောပြရတော့ ဟိုတယ်ကို လာတဲ့ဧည့်သည်တွေကတော့ တားမြစ်ချက်ကို လိုက်နာမှုရှိပါတယ်” ဟု ၎င်းကပြောသည်။

ငွေဆောင်ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး ဧည့်သည်များက ကမ်းခြေတလျှောက် သွားလာရေးအတွက် ဆိုင်ကယ်များကို ငှားရမ်းစီးနင်းကြပြီး ဆိုင်ကယ်စီးရေ (၃၀၀) နှင့် (၄၀၀) ကြားရှိသည်ဟု သိရသည်။

“ကျနော်တို့လည်း စီးပွားရေးအရ ဆိုင်ကယ်ကယ်ရီဆွဲတာ ဖြစ်ပေမယ့် နယ်မြေရဲတွေကိုရော ဟိုတယ်ဝန်ထမ်းတွေ ကိုရော ကြောက်လန့်နေရတာ၊ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်လာတာ ငွေဆောင် ကမ်းခြေဟိုတယ်တွေ စဖွင့်ကတည်းကပါဗျာ” ဟု ဆိုင်ကယ်ကယ်ရီသမားက ပြောသည်။

ငွေဆောင်ကမ်းခြေရှိ တေဇပိုင်သော ဟိုတယ်များတွင် လာရောက်တည်းခိုသော စစ်ဖက်ဆိုင်ရာအရာရှိများက ပို၍စည်းကမ်းကို လိုက်နာမှုမရှိကြောင်း ကိုယ်တွေ့ ကြုံရသူ တဦးက ပြောသည်။

“ကျနော်တို့ ကမ်းခြေဟိုတယ် တခုမှာ တည်းပါတယ်။ လွန်ခဲ့တဲ့ (၁) လလောက်ကပါပဲ။ ဆိုင်ကယ်ကို တဗြီးဗြီးနဲ့ လုပ်နေတဲ့ အဖွဲ့တဖွဲ့တွေ့တယ်။ လူငယ်တွေပါပဲ။ ဒါနဲ့ မေးကြည့်တော့ စစ်ဖက်အကြီးအကဲတယောက်ရဲ့သားနဲ့  သူ့သူငယ်ချင်းတွေ ပါတဲ့ဗျာ” ဟု ပြောသည်။

ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်စီးပါက စီးနင်းသည့်ဆိုင်ကယ်နံပါတ်အား မှတ်သားကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

No comments: