Tuesday, April 28, 2009

နောင်တ မရကြစေချင်ပါ

ဗိုလ်ထက်မင်း

နအဖ ဟာ ၁၉၉၆-၉၇ ခုနှစ် များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့် ခန်းကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) (ခြေလျင်၊ တင့်) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ကြီး တွေကို ထိပ်တန်း လျှို့ဝှက်ချက် အဆင့်နဲ့ ဆင်နွှဲခဲ့ပြီး တဲ့နောက် တပ်မ (၂၂/ ၄၄/ ၅၅/ ၇၇/ ၈၈) တပ်မ ငါးခုစလုံး အား နောက်တန်း ဌာနချုပ် များသို့ မပြန်ခိုင်း တော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေး သို့ ထိုးသွင်းကာ တောက်လျှောက် ထိုးစစ် ဆင်ခဲ့ပါတယ်။

အဲဒီနောက် ကြာအင်း ဆိပ်ကြီး နယ်မြေတ၀ိုက် စစ်ဆင်ရေး တာဝန်ယူရတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်သိန်းထံ ကေ အန် ယူမှ တိုက်ခိုက်ရေး ထူးချွန်တဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲက လက်နက်ချ လို ကြောင်း ဆက်သွယ် သတင်းပို့လာ ပါတယ်။ ဗိုလ်သန်းရွှေက ဒီနေရာမှာ ကေအန်ယူကို စိတ်ဓာတ်ရေးရာ ထိခိုက်ကျဆင်းအောင် လုပ်ရ မယ်ဆိုကာ စိတ်ဓာတ် စစ်ဆင်ရေး နည်းဗျူဟာ အပါအ၀င် အောက်လမ်းနည်း ကိုပါ ရောမွှေ စီစဉ်ခိုင်းပါ တော့တယ်။

ဗိုလ်သန်းရွှေ ဟာ သဘောထား တင်းမာတဲ့ ဗိုလ်မောင်အေး အပါအ၀င် ဗိုလ်မြင့်အောင်နဲ့ ဝန်ကြီးများ အပြင် အတွင်းရေး မှူး (၁) ဗိုလ်ခင်ညွန့် ကိုပါ စောသမူဟဲ အား သွားရောက် တွေ့ဆုံ လက်ခံဖို့ ညွှန်ကြား ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ နှစ်ဦး ဟာ စစ်သက်တမ်း တလျှောက်မှာ မတွဲစဖူး အတွဲထူး ပြီးတော့ စောသမူဟဲရဲ့ လက်နက်ချ အခမ်းအနားကို လုပ်ခဲ့ကြ ရပါတယ်။

အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို မြေမှာ ဗိုလ်မောင်အေးရဲ့  ဖိနပ်နဲ့ ချနင်းဖို့ အောက်လမ်း အစီအမံ တွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လုပ်ခိုင်းရာမှာ နာမည်ကြီး စစ်ဗိုလ် သီချင်းရေး ဆရာ ဗိုလ်မှူးမြသန်းစံ (ကကပြည်) အား ငြိမ်းချမ်းရေးပန်းခင်းသီချင်းအား အမြန်ရေးသား စပ်ဆိုခိုင်းကာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ခိုင်းခဲ့ပါတယ်။

ဒီနေရာမှာ စစ်အစိုးရဲ့ ပျင်းရိဖွယ်ကောင်းလှပြီး လက်တွေ့မရှိတဲ့ မူဝါဒတွေ ဦးတည်ချက်တွေကို ပြည်သူတွေ နားဝင်ချိုအောင် ဆွဲဆောင်နိုင်အောင် အနုပညာပီသစွာ စပ်ဆိုပေးနိုင်တဲ့ စစ်သားတပိုင်း၊ အနုပညာရှင်တပိုင်း ပါရမီရှင် ဗိုလ်မှူးမြသန်းစံဟာ တပ်က ထွက်လိုက်ရတာမို့ နှမြောစရာ ကောင်းလှပါတယ်။ တပ်က ထွက်လိုက်ရတဲ့ အကြောင်းရင်းကလည်း သူ့အား အမိန့်အာဏာတွေနဲ့ ဇွတ်တရွတ် လုပ်ခိုင်းနေတာမို့ အနုပညာဟာ အာဏာနဲ့ အမိန့်ပေးပြီး ချက်ချင်းရေးခိုင်းလို့ ရတာမျိုး မဟုတ်ဘဲ ဈာန်ဝင်မှ လုပ်ရတာဖြစ်ကြောင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးကာ သံစဉ်နဲ့စာသား ချောမွေ့အောင်ထည့်ပြီးမှ လုပ်ပေးနိုင်မယ်လို့ အာဏာရှင်တွေကို ပြန်ပြောခဲ့တဲ့အတွက် အချေအတင်ဖြစ်ခဲ့ရာက ပြန်လည်တုံ့ပြန်ခဲ့ကာ တပ်မှ ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာ ရှင်တွေဟာ သူတို့ လိုချင်ပြီဆိုရင် ပြည်သူကို မဆိုထားနဲ့ မိမိလက်အောက်ခံ အရာရှိတွေကိုတောင် နိုင်ထက် စီးနင်း အမိန့်နဲ့ အာဏာသုံးကာ နှိပ်ကွပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီတုန်းက လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လွှတ်လိုက်တဲ့ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်အောင်ကလည်း ကြာအင်းဆိပ်ကြီးမြို့က ရှေ့တန်းနယ်မြေ ကျိုက်ဒုံစခန်းမှာ ဖင်ပူအောင် မနေနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးကို ပြီးစလွယ် လုပ်ပေးကာ ပြန်ပြေးသွားခဲ့ပါတယ်။ သူဟာ တပ်မ (၄၄) တပ်မမှူးဘ၀နဲ့ ကရင်ပြည်နယ်ရဲ့  အကျိုးကျေးဇူးကြောင့် ရာထူးတက်သွားခဲ့တာကိုတောင် ဘ၀မေ့သွားကာ ကရင်ဒေသရဲ့ ဖွံ့ဖြိုးရေးကို ဂရုမစိုက်တာကတော့ တရားကျစရာ ကောင်းလှပါတယ်။

နအဖဟာ သမူဟဲလို လက်နက်ချပြီး ၀င်ရောက်လာတာမျိုးကိုလည်း စနစ်တကျ လုံခြုံရေး စီမံမှုနဲ့ ကာကွယ် စောင့်ရှောက်မှု မပေးဘဲ ပစ်ထားတာကြောင့် သူ့ရဲ့မိသားစု ပစ်သတ်ခံရတာမျိုး ဖြစ်ပွားခဲ့တာမို့ တိုင်းရင်းသား တွေအနေနဲ့ အထူးသတိထားသင့်လှပါတယ်။ နအဖအပေါ် အားကိုးတကြီး လက်နက်ချပြီး ၀င်ရောက်လာတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက်မရှိရင် အနိုင်ကျင့်ခံရမယ့်အပြင် လုပ်ကြံပစ်သတ်ခံရတဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ မလွဲမသွေ တနေ့ ကြုံတွေ့ရမှာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။

ကေအန်ယူက သစ်တောရေးရာဝန်ကြီး ဖဒိုအောင်ဆန်းကတော့ သစ်ကိစ္စပြဿနာ တက်လာလို့ ဘားအံမှာရှိတဲ့ ထောက်လှမ်းရေး တပ် (၂၅) က တပ်မှူး ဗိုလ်မှူးခင်မောင်ကြည်မှ တဆင့် လက်နက်ချဖို့ ဆက်သွယ်ကာ နအဖထံ ၀င်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖဒိုအောင်ဆန်းဟာ နအဖရဲ့ အရိုးအရင်း ချကျွေးထားတဲ့ ပါမစ်တွေကို လောဘဇောတက်ပြီး ဈေးကစားရာ ပွဲစားပေါင်းစုံ ရှုပ်ထွေးလာပြီး ပွဲစားတချို့က မကျေနပ်ဘဲ တိုင်ကြားလာ တာကြောင့် သူကိုယ်တိုင်လာမှ ပစ္စည်းထုတ်ပေးမယ်လို့ သက်ဆိုင်ရာက ခေါ်ပြောရတဲ့အထိ ရှုပ်ထွေးမှု ဖြစ်ခဲ့ ပါတယ်။ ပွဲစားကုလားတဦးဆိုရင် စရန်ငွေပေးထားလျက်နဲ့ ဖဒိုအောင်ဆန်းဟာ တခြားမှာ ဒီထက်ဈေးကောင်းရလို့ ကတိဖျက်ပြီး ပါမစ် မပေးတော့တာမို့ သွားရောက်တောင်းဆိုခဲ့ရာ ဖဒိုအောင်ဆန်းက သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့ ကြောင်း သိရှိရပါတယ်။

ဖဒိုအောင်ဆန်းဟာ အမျိုးသားညီလာခံ တက်နေစဉ်မှာလည်း နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု လုံးဝမရှိသူ ဖြစ်ပါ တယ်။ ဒါ့အပြင် သွားချင်ရာသွားကာ ညီလာခံမှ ရုတ်တရက် နေအိမ်သို့ ပြန်သွားသလို၊ တည်းခိုဆောင်ကို ထောက်ပံ့စရိတ်လာပေးတဲ့ လွှတ်တော်ရုံးက မိန်းမပျို နှစ်ဦးအား သူ့အပြော “အားဆေး” ခေါ် တိုင်းရင်းဆေးတွေကို ပါးစပ်ထဲ အတင်းခွံ့ကျွေးလို ကျွေးပြီး ပေါက်တတ်ကရ နေသူဖြစ်ကြောင်း သိရပါတယ်။

နအဖဟာ နိုင်ငံရေးအရ အသုံးချလိုတဲ့အခါမှာတော့ ဖဒိုအောင်ဆန်းကို သတင်းထောက်တွေနဲ့ သတင်းဌာနတွေ ရှေ့မှာ နအဖကောင်းကြောင်း ရှင်းလင်းပြောဆိုခိုင်းတာမို့ လူတတ်ကြီးလုပ်ပြီး နိုင်ငံရေး ပါရဂူသဖွယ် ကင်မရာရှေ့မှာ နအဖအလိုကျ ကားရားကားရား လုပ်ပြပုံကဖြင့် သနားစရာ ကောင်းလှပါတယ်။ တကယ်တော့ ဖဒိုအောင်ဆန်းဟာ နအဖရဲ့  ကြိုးဆွဲရာကို ကနေရရှာတဲ့ မျောက်ကြီးသဖွယ် အသုံးတော် ခံနေရတဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်နေသူသာ ဖြစ်ပါတယ်။ နအဖဟာ သမူဟဲနဲ့ ဖဒိုအောင်ဆန်းကို ကြည့်ပြီး တိုင်းရင်းသားတွေ အပေါ်မှာ အထင်သေး နှိမ့်ချဆက်ဆံမှုတွေနဲ့ အကြွင်းမဲ့ လက်နက်ချခိုင်းရေးကိုသာ အားသန်နေပါတယ်။

နအဖဟာ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့သာ ကြံရွယ်ပြီး ကေအန်ယူဗဟိုနဲ့ တိုက်ရိုက် မဆွေးနွေးသေးဘဲ တပ်မဟာမှူးတွေကို တိုက်ရိုက် Deal လုပ်ကာ ဖဲ့ထုတ်ခဲ့ပါတယ်။ ကေအန်ယူအင်အားချည့်နဲ့ပြီး ဘေးကျပ်နံကျပ်ဖြစ်အောင် ဖန်တီးပြီးမှ ကေအန်ယူဗဟိုကို အထက်စီးနဲ့ ဆွေးနွေးမယ်လို့ နအဖက ကြံစည်ထားခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ မှူးတွေ ဖြစ်ကြတဲ့ ဗိုလ်အော်လီဗါနဲ့ ဗိုလ်ရွှေဆိုင်းတို့က သစ္စာရှိကြလို့ နအဖရဲ့  သွေးခွဲမှုအား ငြင်းဆန်ခဲ့ကြပြီး တပ်မဟာ (၇) မှူး ဗိုလ်ထိန်မောင်ကိုတော့ နအဖ ဗိုလ်မြတ်ထွန်းဦးက ထပ်မံ ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဗိုလ်ထိန်မောင် နအဖကို အညံ့ခံပူးပေါင်းရာမှာ တပ်မဟာတခုလုံး မပါဘဲ အင်အားအနည်းငယ်သာရှိလို့ နအဖက ဘ၀င်မကျကာ ပစ်ထားရာ လိုက်ပါသွားသူ တချို့တောင် နောင်တရပြီး ပြန်ပြေးခဲ့ကြပါတယ်။ ဗိုလ်ထိန်မောင်လည်း မထူးဇာတ်ခင်းပြီး နအဖ အလိုကျ ကနေရပါတယ်။

တကယ်တော့ နအဖဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တန်းတူအခွင့်အရေးမျိုး ပေးဖို့ နေနေသာသာ ဘာတခုမှ တင်ပြပိုင်ခွင့် မရှိတဲ့ ညီလာခံအတုအယောင်က တဖက်သတ် ဥပဒေနဲ့အတူ ဗြောင်ကျကျ အနိုင်ကျင့် ယူထားတဲ့ စစ်ဗိုလ်တမတ်သားရယ်၊ ကြံ့ဖွံ့ရယ်၊ စစ်အစိုးရ လက်ဝေခံ ကုန်သည်စီးပွားရေး လုပ်ငန်းရှင်ရယ်၊ ဌာနဆိုင်ရာ အသွင်ပြောင်း စစ်ဗိုလ်လူထွက်ရယ် စတဲ့ ကိုယ်စားလှယ်အတုတွေနဲ့သာ လူထုကိုလိမ်ညာကာ မျက်လှည့်ပွဲကြီးကို ကျင်းပပါတော့မယ်။

ဒါကြောင့် လူနည်းစု ကောင်းစားရေးသာရှိပြီး တတိုင်းပြည်လုံး ကျွန်ဖြစ်တာထက် ဆိုးဝါးအုံးမယ့် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုင်းရင်းသားတွေအားလုံးမှာ လုံးဝ တာဝန်ရှိပါတယ်။ အာဏာသိမ်းထားတဲ့ ဒီစစ်အာဏာရှင် လက်ထက်မှာတောင် ဒီလောက် နွံနစ်နေရင် ရွေးကောက်ပွဲ ပြီးရင်တော့ ပေးထားတဲ့ မရှိမဲ့ ရှိမဲ့ အခွင့်အရေးလေးကို ပြန်သိမ်းလိုက်မှာ သေချာသလောက်ရှိ တယ်ဆိုတာ ယနေ့ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးသိထားဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျား။


No comments: