Wednesday, April 22, 2009

လက်သည်တရားခံက ဘယ်သူလဲ

မင်းထက်အောင်

နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူးစ လွန်ခဲ့တဲ့ နှစ်ဆန်း နှစ်ရက်နေ့မှာ မွန်ပြည်သစ် ပါတီက မွန်ကယ်ဆယ်/ဖွံ့ဖြိုး (ဗဟို) ဌာန အတွင်းရေး မှူး နိုင်မင်းနောင် (ခေါ်) ဒေါက်တာ မင်းနောင်BVS ဟာ လူအသွား အလာမပြတ်တဲ့ မွန်ပြည်နယ်မြို့တော်အဝင် စစ်ဆေးရေး ဂိတ်အနီးမှာ သေနတ်ဒဏ်ရာနဲ့ မော်တော်ဆိုင် ကယ်ပေါ်က လဲကျသေဆုံး ခဲ့ရတဲ့ဖြစ် ရပ်ဟာ စနစ် တကျကြိုတင် စီမံထားတဲ့ လုပ်ကြံမှု တစ်ရပ်လို့ ဆိုယင် ဘယ်သူတွေက မဟုတ်ပါဘူးလို့ စောဒက တက်ချင်ပါသလဲ ခင်ဗျာ။

အဲဒီလို သေဆုံးပြီဆိုတာနဲ့ သက်ဆိုင်ရာရဲက အမှုဖွင့်ပြီး ဘာကြောင့် ယခုလိုသေဆုံးခဲ့ရတာကို ဆေးရုံတွေမှာ ဆေးစစ် ချက်အတည်ပြုလုပ်ကြတာဟာ သက်ဆိုင်ရာဌာနတွေ ဆောင်ရွက် ကြရတဲ့လုပ်ရိုးလုပ်စဉ်တွေပါ။ ပြီးတော့ ရရှိခဲ့တဲ့ အချက်အလက်တွေကိုပြုစုပြီး သက်ဆိုင်ရာ အထက်ဌာနအဆင့်ဆင့်ကို ဆက်လက်တင်ပြကာ အဲဒီဖိုင်တွဲကို ဗီဒိုထဲမှာ သိမ်းထားနိုင်ယင် စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီ မဟုတ်ပါလား။ ဝတ်ကျေတန်းကျေ တာဝန်အရ ဆောင်ရွက်ပြီး တာနဲ့ သူတို့တာဝန်ကျေပြီလို့ ယူဆနေကြဟန်တူပါတယ်။ အခု နိုင်မင်းနောင် လုပ်ကြံခံလိုက်ရတဲ့ ရာဇဝတ်ပြစ်မှုကြီး ဟာလဲ အဲဒီ ရဲစခန်းနဲ့ ထောက်လှမ်းရေးတွေရဲ့ တရားခံမပေါ်တဲ့ ဖိုင်တွဲတွေထဲမှာပဲ ကျန်ရစ်နေမှာပါ။

နိုင်မင်းနောင် လုပ်ကြံခံလိုက်ရတဲ့အပေါ် ထောက်လှမ်းရေးပညာအရာမှာ အင်မတန် ထက်မြက်တဲ့ စစ်အစိုးရရဲ့ ရဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေအနေနဲ့ လက်သည်တရားခံဆိုလို့ မသင်္ကာဖွယ်(သို့မဟုတ်) မသင်္ကာဖွယ်လို့ ယူဆရသူ၊ ပါဝင်ပတ်သက်နေကြတဲ့ ပုဂ္ဂိုလ်အဖွဲ့ အစည်းတွေအကြောင်း တစ်ခွန်းတစ်ပါဒမှ ဖွင့်ဟပြောဆိုခြင်း မပြုပါဘူး။

မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဒေသတစ်ဝှမ်းမှာ စစ်အစိုးရအနေနဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတွေကို တရားဝင်
ကဲ့သို့ လက်နက်ကိုင်ဆောင်ခွင့် ပြုထားကြရာမှာ လက်နက်အမျိုးအစား၊ ကျည်အရေအတွက် စသည်ဖြင့် စာရင်း ကောက်ယူခဲ့ပြီးဖြစ်တယ်၊ ဒါမှမဟုတ်ယင်လည်း နည်းလမ်းတစ်မျိုးမျိုးနဲ့ သိရှိထားတယ်ဆိုတာ အပစ်ရပ် (သို့) လက်နက်ချငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ မကင်းကြတဲ့သူတိုင်း သိနေကြပါတယ်။

ဒါတင်မကသေးပါ၊ အဲဒီ အပစ်ရပ်၊ လက်နက်ချငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ မြို့ပေါ်မှာ အထူးသဖြင့် မော်လမြိုင်မြို့ပေါ်မှာ နေ့တဒူဝ ဝင်ထွက်သွားလာကြတဲ့အခါ စစ်ထောက်လှမ်းရေး၊ ရဲ အထူးသတင်းတပ်ဖွဲ့ဝင်များ ဒါမှမဟုတ်ယင် စစ်ဆေး ရေးဂိတ်များတွေမှာ သတင်းပေးကြရပါတယ်။ လက်နက်ပါမပါ ဒီအတိုင်းပါပဲ။ အဲဒီလိုသတင်း မပေးပဲ တိတ်တဆိတ် သွားလာတတ်တဲ့ သူတွေဆိုလဲ နောက်ယောင်ခံပြီး ဘယ်နေရာကို သွားလာခဲ့တယ်ဆိုတာကို စုံစမ်း၊ ထောက်လှမ်း၊ မှတ်တမ်းတွေ အမြဲပြုလုပ်နေကြရတာက စစ်ထောက်လှမ်းရေနဲ့ ရဲတွေပါ။

ဒါမှမဟုတ်ယင်လည်း သူတို့လက်သပ်မွေးထားတဲ့ သတင်းပေးတွေနဲ့ ရယကတွေဆီကလည်း သတင်းရယူနိုင်ပါသေး တယ်။ တစ်ဖန် ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လာတိုင်း ဆိုင်ရာအပစ်ရပ်၊ ငြိမ်းအဖွဲ့တွေနဲ့ တစ်ဦးချင်းပဲဖြစ်ဖြစ် လက်နက်ချ အဟောင်းအသစ်တွေပါမကျန် ဒီပုဂ္ဂိုလ်တွေရဲ့အမြင်၊ သဘောထားထင်မြင်ချက်တွေကို စစ်ထောက်လှမ်းရေးတွေ၊ ရဲတွေက ရယူတတ်ကြပါတယ်၊ ဒီတော့ မျက်မြင်အရ မဟုတ်တောင်မှ အနီးစပ်ဆုံး၊ ဖြစ်နိုင်ချေတွေကို သိနိုင်ကြပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းကြီးတွေဆီက တစ်ဦးချင်း၊ အဖွဲ့ငယ်တစ်ဖွဲ့ ခြင်း၊ တစ်စုချင်းတွေကို နည်းလမ်းမမှန်တဲ့ ကိုယ်ကျိုးစီးပွားမက်လုံးတွေ အမျိုးမျိုးပေးပြီး ဖဲ့ထုတ်စည်းရုံးကာ သူတစ်ဗိုလ်ငါတစ်မင်းပုံစံနဲ့ ဆိုင်ရာနယ်မြေ ဒေသ အသီးသီးမှာ ဒေသဖွံ့ဖြိုးရေး၊ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာနယ်မြေအေးချမ်းသာယာရေးလို့ အမည် ခံပြီး မတူကွဲပြားတဲ့ စရိုက် အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ စစ်အစိုးရက ရပ်တည်လှုပ်ရှားခွင့် ပေးထားခဲ့ရာက နယ်မြေ၊ ဂိတ်တွေသတ်မှတ်ကြ၊ စီးပွားအပြိုင်ရှာကြရာကနေ သူတောင်းစားခြင်းခွက်လုကြတဲ့ကိန်း ဆိုက်လာပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ မျက်စောင်းတွေထိုးလာကြပါတော့တယ်။ ဒီအကွက် ဆိုက်ရောက်လာအောင် ဘယ်သူတွေက ဖန်တီးထားပါသလဲ ခင်ဗျာ။

ဒီတော့ အခုဖြစ်ပေါ်ခဲ့တဲ့ နိုင်မင်းနောင် လုပ်ကြံခံရမှုမှာ တရားခံဘယ်သူလဲဆိုတာ မွန်ပြည်နယ် အကြီးအကဲတွေ သိရှိ နားလည်ထားပြီးလို့ ဆိုလိုက်ပါရစေ။ အဲဒီလက်သည်တရားခံတွေကို မွန်ပြည်နယ် အကြီးအကဲတွေကိုယ်တိုင် တိုက်ရိုက် စီမံအမိန့် ပေးထားလို့လား၊ ဒါမှမဟုတ် နောက်ကွယ်ကနေ လျှို့ဝှက်သွယ်ဝိုက်တဲ့နည်းတွေနဲ့ အသုံးချခဲ့တာလား၊ လက်သည်တရားခံကို ဖမ်းဆီးဖို့ ဒီလို နှာစေးနေပြီး ဝတ်ကျေတန်းကျေ လုပ်နေတာတွေဟာ ဆက်ပြီးတွေးတော
စရာတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ပါ၊ အမှုမှန်ပေါ်လာမှာကို အလွန်စိုးရိမ်နေကြပြီး ဒီလက်သည် တရားခံတွေအတွက် ဖုံးဖိ အကာအကွယ် ပြုလုပ်နေတာတွေဟာ အာဏာပိုင်တွေရဲ့ မရိုးသားတဲ့သဘောထား အစစ်အမှန်ကို ဖေါ်ပြနေပါပြီဆိုတာ ထင်ရှားနေပါတယ်။

ဒီလိုပဲ ဒီလက်သည်တရားခံတွေကို အမှုမဖေါ်ပေးကြတဲ့အတွက် ရှေ့အနာဂတ်ခရီးလမ်းဟာ ရင်လေးစရာဖြစ်ရပ်တွေ နဲ့အတူ မျက်ရည်စတွေ၊ သွေးစက်တွေနဲ့ ဆက်ပြီးအဖေါ် လုပ်နေကြရဦးမှာပါ။ ဒီလက်သည်တွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးအတင့်ရဲလာပါလိမ့်မယ်။ ဒုတိယနိုင်မင်းနောင်တွေ ထပ်ပြီးပေါ်ပေါက်လာမှာ မလွဲနိုင်ပါ။

အချုပ်အားဖြင့်ဆိုယင်တော့ ရာဇဝတ်ပြစ်မှုတစ်ရပ်ရပ်မှာ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော၎င်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ မိမိသိမြင်ထားတဲ့ အချက်အလက်တွေကို ဖုန်းကွယ်ထားမယ်ဆိုခဲ့ယင် မိမိသည်လည်း အားပေး ကူညီမှု မြောက်ပါတယ်။ နောက်ပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို တာဝန်အပြည့်အဝ ရယူထားသူ တွေလို့ ခံယူထားတဲ့ အာဏာပိုင်တွေဟာ ဒီအတိုင်းပဲ အဖြစ်မှန်ကိုမဖေါ်ပြရဲ ထိမ်ချန်ထားမယ်ဆိုယင် နိုင်မင်းနောင် လုပ်ကြံခံရခြင်းရဲ့ အဓိကတရားခံတွေဟာ လက်ရှိအာဏာပိုင်တွေသာ ဖြစ်ကြောင်းလို့ ဆိုလိုက်ပါတယ်။


No comments: