Sunday, April 26, 2009

၂၀၀၉-၂၀၁၀ ခုနှစ်အတွက် မစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒစကား


မောင်စွမ်းရည်

မစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒ စကား တွေ ဟာ ၂၀၀၉-၂၀၁၀ ခုနှစ်များ အတွက် အထူးအရေး ကြီးပါတယ်။

စစ်အစိုးရဟာ သူရဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် အရှက်မဲ့စွာ တဖက်သတ် အနိုင်ကျင့်ရေးဆွဲထားတဲ့ အခြေခံ ဥပဒေ ဆို တာ ကြီးကို သံဃာသတ်ပွဲအပြီး နာဂစ်မုန်တိုင်းဘေး ကျရောက်နေတဲ့ကြားက တဖက်သတ် အနိုင်ကျင့် အတည်ပြုခဲ့ပြီ။ အဲဒီ ဥပဒေဟာ ရွေးကောက်ပွဲ နိုင်နိုင်၊ ရှုံးရှုံး “ရွေးကောက်ပွဲ မ၀င်တဲ့” စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ် ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့မှာ ထိပ်ဆုံးက ရာထူးကြီး (၂၅) ရာခိုင်နှုန်းကို မသဒ္ဓါရေစာ ဇွတ်အဓမ္မ ၀င်ယူကြအုံးမှာ ဖြစ်ပါ တယ်။ ကျန်တဲ့ (၇၅) ရာနှုန်းက ပြည်သူတွေက ရွေးထား တဲ့ ကိုယ်စားလှယ်တွေ ပါတဲ့။ အရေအတွက်က စစ်ဗိုလ်ချုပ်တွေရဲ့ သုံးဆများပါတယ်တဲ့။

ဟုတ်ကဲ့။ ဒီလို (၂၅) နဲ့ (၇၅) နှိုင်းယှဉ်ရင် အရေအတွက်အရ အရပ်သားကများပြီး စစ်ဗိုလ်ဟာ နည်းတာကို အထင်အရှားသိနိုင်ပါတယ်။ ဒါပေမယ့် (၂၅) ရာနှုန်းက ထိပ်ဖျားက အာဏာပါဝါရှိတဲ့ ရာထူးကြီးတွေသာ ဖြစ်ပါတယ်။ ဥပမာပေးကြည့်ကြရအောင် “သမင်တွေ (၇၅) ကောင်နဲ့ ကျား (၂၅) ကောင်ကို ခြံတခုထဲမှာ အတူထားကြည့်ပါ”။ ဘာဖြစ်သွားမလဲ။ ပြည်သူတွေဟာ ငတုံးငအတွေ မဟုတ်ဘူး။ ဒီလို မြင်တတ်ဖို့ရာ ပညာရှိကြီး ဖြစ်စရာမလို။ အစိုးရရဲ့ ၀န်ထမ်းသင်တန်းတက်စရာ မလို။ စစ်ဗိုလ်ဖြစ်စရာ မလိုပါ။ သာမန်ပြည်သူတွေရဲ့ ဦးနှောက်နဲ့ ကျား (၂၅)၊ သမင် (၇၅) အတူထားရင် ဘာဖြစ်သွားမယ်ဆိုတာ သိကြပါတယ်။

စစ်အစိုးရ ရေးဆွဲတဲ့ အခြေခံဥပဒေကို ကျနော်တို့က သေချာလေ့လာထားပါတယ်။ ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း တို့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကိုလည်း လေ့လာထားပါတယ်။ ဒါကြောင့် မစိုးရိမ်ဆရာတော်ကြီးက ကမကထပြုပြီး ဖွင့်တဲ့ သာသနာ့မောဠိ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲမှာ ဒကာတယောက်က “အရှင်ဘုရား စစ်ဗိုလ်တွေ ရေးဆွဲတဲ့ အခြေခံဥပဒေကို တပည့်တော်တို့ လေ့လာပြီးပါပြီ။ အလွန်မတရားတာပါပဲလို့ နိဒါန်းပျိုး လျှောက်ထားလိုက်ပါတယ်။ ဒီတော့ ဆရာတော်ကြီးက ဘယ်လို အမိန့်ရှိတယ်မှတ်ပါသလဲ။ မစိုးရိမ်ဆရာတော်ကြီးက-

“သံဃာတွေကို သတ်တဲ့ စစ်အစိုးရရဲ့ ဥပဒေတွေကို ဘာဥပေဒဖြစ်ဖြစ် လေ့လာစရာ မလိုဘူး။ သူတို့ကို သံဃာသင်းခွဲပြီး သံဃာသတ်တဲ့ မိစ္ဆာကောင်တွေအဖြစ် ငါတို့က သူတို့ တက်စကတည်းက ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက်ထားခဲ့တာ။ သူတို့ပေးတာ မယူဘူး။ သူတို့ကျွေးတာ မစားဘူး။ သူတို့ကို ကြဉ်ထားတယ်။ သူတို့ဘက်က လုံးဝ အလျှော့ပေးတာမရှိ၊ ရိုသေလေးစားမှု မရှိ၊ နောက်တခါ “အ၀ါရောင် တော်လှန်ရေး” ဆိုတဲ့ ကမ္ဘာတုန်ရတဲ့ သံဃာ့အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရပြီး သံဃာတို့ကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။

ကမ္ဘာလုံးရဲ့ မျက်စိအောက်မှာ သံဃာတွေကို ရိုက်နှက်သတ်ဖြတ်ရုံမက၊ ကျောင်းတွေထဲထိ လိုက်လံမောင်းထုတ် သတ်ဖြတ်ခဲ့ပြန်တယ်။ ဒီလို မိစ္ဆာကောင်တွေ ရေးဆွဲထားတဲ့ ဥပဒေကို ဘုန်းကြီးတို့ရော၊ ပြည်သူတွေရော လေ့လာစရာမရှိဘဲ မကောင်းမှန်း၊ မတရားမှန်း သိနေရတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ပြောခဲ့ပြီးပြီ။ သံဃာတွေက သပိတ်မှောက်ခံထားရသူတွေဟာ မကြာမီ ကံကြီးထိုက်ပြီး ဇာတ်သိမ်းသွားလိမ့်မယ်။ ကံကြီးထိုက်မယ့်သူတွေကို ပူးပေါင်းသူ၊ ထောက်ခံအားပေးသူအားလုံးဟာလည်း သူတို့နဲ့ အတူ ကံကြီးထိုက်တတ်တယ်။ ဒါကြောင့် သူတို့ကို မထောက်ခံနဲ့။ မဲမပေးနဲ့။ ဗမာပြည်ကို ပြန်ချင်တယ်ဆိုပြီး နန့်နန့်တက်မနေနဲ့။ ဘုန်းကြီးတို့လည်း ပြန်ချင်တယ်။ ခဏလောက်စောင့်ပါ။ ကံကြီး မထိုက်စေနဲ့။”

အဲသလို မစိုးရိမ်ဆရာတော်ကြီးက သြ၀ါဒပေးခဲ့ပါတယ်။ မစိုးရိမ်ဆရာတော်ကြီးဟာ ပီနန်ဆရာတော်ကြီးနဲ့အတူ မန္တလေးမြို့ မစိုးရိမ်တိုက်မှာ ဗုဒ္ဓစာပေများကို သင်အံ လေ့ကျက်ခဲ့ပါတယ်။ ပညာပြည့်စုံတဲ့အခါ မစိုးရိမ်တိုက်မှာပဲ စာချခဲ့ပါတယ်။ ပီနန် ဆရာတော်ကြီးကတော့ ကမ္ဘာ့သာသနာပြု ပုဂ္ဂိုလ်အဖြစ်နဲ့ ဗမာပြည် ပြင်ပကို ထွက်ခဲ့ပါတယ်။

မစိုးရိမ်ဆရာတော်ကြီးဟာ ပိဋကတ်အဘိဓာန် ပြုစုရေးပညာရှင် အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ နွေရာသီတွေမှာဆိုရင် ရန်ကုန်ဆင်းပြီး ငွေကြာယံ ဘုန်းကြီးကျောင်းမှာ စာချပါတယ်။ နှစ်ပေါင်း (၅၀) လောက်၊ ထက်အောက်ညာကြေ တပည့်သံဃာတွေကို စာချလာခဲ့တာ တပည့်ပေါင်း ခြောက်ထောင်ကျော်ခဲ့ပါပြီ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီမှာ ကျောင်းသားတွေ၊ ပြည်သူတွေနဲ့အတူ တပည့် သံဃာတွေပါ ပါဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသားတွေကို စစ်အစိုးရက ရက်ရက်စက်စက် ရိုက်နှက် ဖမ်းဆီးသတ်ဖြတ် တာတွေကို ကိုယ်တိုင်မြင်ရတဲ့အခါ ရင်ထုမနာဖြစ်ပြီး ကိုယ်တိုင် ဦးဆောင်ပါဝင်ရင်း စစ်အစိုးရကို ဆုံးမဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကတော့ သံဃာများမှာ ပိုင်ဆိုင်တဲ့ တခုတည်းသော လက်နက်ဖြစ်တဲ့ “သပိတ်လက်နက်” ပါပဲတဲ့။ ဒီသပိတ်နဲ့ ဆွမ်းခံစားတယ်။ ဒီသပိတ်ကို မှောက်ထားပြီဆိုရင် ဆွမ်းမခံတော့ဘူး။ စစ်အစိုးရ ကျွေးတဲ့ ဆွမ်းကို မစားတော့ဘူး။ သူ့ကို ဘာမှ လုပ်တာမဟုတ်ဘူး။ သူကျွေးတာကို မစားတာပါပဲတဲ့။ မစိုးရိမ်ဆရာတော်ကြီးနဲ့တကွ ဗမာနိုင်ငံတ၀န်းမှာရှိတဲ့ ထေရ်ကြီးဝါကြီး ရဟန်းတွေတိုင်ပင် စည်းဝေးပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းဆိုတဲ့ သပိတ်မှောက်ခြင်းကို သံဃာထုက ပြုလုပ်လိုက်တဲ့အခါ အစိုးရတဖွဲ့လုံး ပျာယာခတ်သွားပါတယ်။

စစ်အစိုးရဟာ ပြည်သူလူထုရဲ့ အုံကြွမှုမှာ သံဃာတော်များရှေ့က ပါဝင်ရပ်တည်လိုက်တာကို အထူးမလိုလားဘူး။ ဒါပေမယ့် သံဃာတွေကို လုံးဝ မတောင်းပန်တဲ့အပြင် ရက်ရက်စက်စက် ရိုင်းရိုင်းစိုင်းစိုင်း နှိမ်နင်းဖြိုခွင်းခဲ့ပါတယ်။ မစိုးရိမ်ဆရာတော်ကြီးနဲ့ အတူ တိပိဋက ဆရာတော် ဦးသုမင်္ဂလ၊ မေဒိနီ ဆရာတော်ကြီး စတဲ့ ထေရ်ကြီးဝါကြီး သံဃာအများကို အကြမ်းဖက် ဖမ်းဆီးခဲ့ပါတယ်။ ဆရာတော်ကြီးကို ဖမ်းဆီးမိတဲ့အခါ “လိမ္မော်သီး အကြီးကြီး တလုံးရပြီ” လို့ ဖမ်းဆီးလာတဲ့ စစ်ဗိုလ်တွေက အထက်ကို အစီရင်ခံလိုက်ပါတယ်။ ဆရာတော်ကြီးဟာ ထောင်တွင်းမှာ (၇) နှစ် သတင်းသုံးခဲ့ရပါတယ်။

ထောင်က လွတ်တဲ့အခါ “၀ဋ်ရှိသမျှ ခံလိုက်အုံးပေါ့” လို့ မိမိဘာသာ ဖြေသိမ့်ပြီး အမေရိကန်ပြည်ထောင်စုကို ထွက်လာခဲ့ပါတယ်။ နယူးယောက်မြို့မှာ အေးအေးချမ်းချမ်း သတင်းသုံးနေထိုင်ပါတယ်။ ဒါပေမယ့် နေလို့မရပါဘူး။ ၂၀၀၇ ခုနှစ် စက်တင်ဘာမှာ “ရွှေဝါရောင်တော်လှန်ရေးကြီး” လို့ ကမ္ဘာကျော်တဲ့ သံဃာအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လက်နက်ဆို အပ်တိုမှ မဆောင်ခဲ့ဘဲ မေတ္တာပို့ရင်း စီတန်းလမ်းလျှောက်လာတဲ့ အသိန်းအသန်း သံဃာထုကြီးကို စစ်တပ်က ရိုက်နှက်သတ်ဖြတ်၊ သေနတ်နဲ့ ပစ်ပြီး အကြမ်းဖက်နှိမ်နင်းတာကို ကမ္ဘာ့လူထု ပရိသတ်ကြီးနဲ့အတူ ဆရာတော်ကြီး တအံ့တသြ ရှုမြင်ရပါတယ်။ လမ်းပေါ်မှာ သာမက ဘုန်းကြီးကျောင်းတွေကိုပါ ၀င်ရောက်နှိမ်နင်းပြီး သံဃာတော်တွေကို နှင်ထုတ်ခဲ့ပါတယ်။ ဒါတွေကို မြင်သိရတဲ့ အတွက် ဆရာတော်ကြီးဟာ အထူးစိတ်မကောင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဗဟိုပြုကာ “သာသနာ့မောဠိ” လို့ ဆရာတော်ကိုယ်တိုင် ဘွဲ့အမည်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

သာသနာ့မောဠိ အဖွဲ့ချုပ်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ (၂၇) ရက်နေ့က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လောစ့်အိန်ဂျယ်လိစ်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ မစိုးရိမ်ဆရာတော်ကြီးက ပဓာနစေရ နာယကဆရာတော်ကြီးအဖြစ် တာဝန်ယူပါတယ်။ ဥက္ကဋ္ဌအဖြစ် ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီးက တာဝန်ယူပါတယ်။ ကမ္ဘာအရပ်ရပ်က ဆရာတော် သံဃာတော်များ ပါဝင်ပြီး အတွင်းရေးမှူးချုပ်အဖြစ် လန်ဒန်က ဆရာတော် ဦးဥတ္တရကို တာဝန်ပေးအပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ကမ္ဘာအရပ်ရပ်က သံဃာတော်ပေါင်း အပါး (၅၀) ကျော် ပါဝင်ပါတယ်။ အဓိက ဦးတည်ချက်ကတော့ သာသနာ့ အန္တရာယ် ကာကွယ်ရေးပါပဲ။ သည်နောက် အမေရိကန်မြို့ကြီးတွေကို ကြွရောက်တရားဟောပါတယ်။

ဆရာတော်ကြီးက သံဃာအဖွဲ့အစည်းနဲ့ စစ်တပ်အဖွဲ့အစည်းတို့ကို နှိုင်းယှဉ်ပြောရာမှာ အောက်ပါအတိုင်း အရှင်းဆုံး ပြောခဲ့ပါတယ်။

(၁) စစ်သားတွေက လူသတ်ရဲကြတယ်။ ဒါပေမယ့် ဒင်းတို့ စစ်သားတွေက မသေရဲကြပါဘူး။
(၂) ဘုန်းကြီးတို့ သံဃာတွေကတော့ လူမသတ်ရဲကြဘူး။ ဒါပေမယ့် သံဃာတွေက သေရဲကြတယ်။ အဲဒါ မှတ်ထားတဲ့။

ဘုန်းကြီးတို့ သေရဲတယ်ဆိုတာက ဘုရားဟော ကျမ်းစာနဲ့ ညီတယ်။ အောင်ဆန်းပြောသွားတဲ့ စကားဟာ “ထွင်” ပြောတာ မဟုတ်ဘူး။ သူက ဗုဒ္ဓကျမ်းစာအရ ပြောခဲ့တာ။ သူပြောခဲ့တာက-

“ရဲဘော်မသေ၊ သေဘော်ငရဲမလား” တဲ့။ အဲဒါ ခု ဘုန်းကြီးပြောတာနဲ့ အတူတူပဲ။ ဘုန်းကြီးတို့က သေရဲတယ်။ ဘုန်းကြီးတို့ဟာ သာသနာ့ အန္တရာယ်ကာကွယ်ရင်း၊ လောကအကျိုးဆောင်ရွက်ရင်း သေသွားရင် ငရဲမလားဘူး။ ဒင်းတို့ စစ်သားတွေဟာ ကံကြီးထိုက်မယ်။ ဒင်းတို့ သေရင် ငရဲလားမယ်။ ဒါမှတ်ထားပါ။ မကြာဘူး။ သူတို့ ကံကြီးထိုက်မယ်။ ဒကာ၊ ဒကာမတို့ အဖျားခတ်မခံကြနဲ့” အဲဒါ ဆရာတော်ကြီး အထပ်ထပ် မိန့်ကြားခဲ့တဲ့ သြ၀ါဒ စကားတွေပါ။

ဆရာတော်ကြီးက နိုင်ငံရေးသမားတွေကိုရော ပြည်သူတွေကိုပါ အထူးအရေးကြီးတဲ့ ကာလမှာ အတူညီညွတ်ဖို့ လိုအပ်ကြောင်း သတိပေးနှိုးဆော်သွားပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေကြားမှာ မညီမညွတ် ဖြစ်နေတာ တွေ ကြားမိတော့ အံ့သြရတယ်။ ဒါကြောင့် ဘုန်းကြီးအထူးမေတ္တာရပ်ခံလိုတာကတော့ “နိုင်ငံရေးသမားတွေဟာ ဟန်ဆောင်လေးဖြစ်ဖြစ်၊ ခဏကလေး ညီညွတ်ပေးကြပါ” တဲ့။

မစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒများကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ဝေမျှလိုက်တာဖြစ်ပါတယ်။

ဗမာပြည်ရဲ့ အခြေအနေဟာ အကျပ်အတည်းဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပြည်တွင်းရှိ နိုင်ငံရေးသမားတွေက သင်လျော်သလို ကြည့်လုပ်ကြမှာ ဖြစ်ပါတယ်။ ပြည်ပကတော့ ပြည်တွင်းက လိုအပ်တာကို ညီညာဖြဖြ အားပေး ကူညီသွားကြရပါလိမ့်မယ်။ အရေးကြီးပြီမို့ သွေးစည်းကြပါစို့။


No comments: