Wednesday, April 22, 2009

လေအနှော့တွင် ရော်ရွက်ဝါတို့ ကြွေ၏ … ကြွေသော်ရွက်ဝါတို့ကား …. မြေပြင်တွင် နင်းခြေခြင်း ခံကြရ

ရွှေအိမ်စည်

(က)


ကျနော်တို့ အဖွဲ့၏ ဒုတိယအကြိမ် ညီလာခံကို `ထီးခယ်ဖလှယ်`တွင် ကျင်းပ၏။ မာနယ်ပလော ကျပြီးနောက် ကရင် အမျိုးသား အစည်း အရုံး - KNU ဗဟိုသည် ပထမတွင် `ကနဲလေး`သို့ ရွှေ့၏။ ကနဲလေး တွင်လည်း ကြာရှည် အခြေစိုက်၍ မရ….။ ဤတွင် ထီးခယ်ဖ လှယ် သို့ ပြောင်းရွှေ့ အခြေစိုက်ခြင်း ဖြစ်သည်။ ထီးခယ်ဖလှယ် တွင် KNU ဗဟိုဌာနချုပ် တည်၏။ ဗိုလ်ချုပ်မြ သည်လည်း ထီးခယ်ဖ လှယ်တွင် ပင် နေသည်။ သူ့အိမ်က သဲပွတ်ခင်း၊ သဲပွတ်ကာ၊ တဲအိမ်ကြီး….။ ဧည့်ခန်း ဆောင်က လူနှစ်ဆယ် အစိတ် အစည်း အဝေး ထိုင်၍ရသည်။ သပ်သပ်ရပ်ရပ်၊ ခိုင်ခိုင်ခန့်ခန့်ပင်….။ ထီးခယ်ဖလှယ် တွင်ပင် ABSDF ၏ ပေါင်းစည်းရေး ညီလာခံ ကျင်းပခဲ့သည်။ ABSDF ၏ ပေါင်း စည်း ရေး ညီလာခံပြီးနောက် ….. ကျနော်တို့ အဖွဲ့၏ ဒုတိယ အကြိမ်မြောက် ညီလာခံ ကျင်းပခြင်း ဖြစ်သည်။

ညီလာခံကျင်းပနေသည့် အချိန်အတွင်း ထူးခြားသည့် ဖြစ်ထွန်းတိုးတတ်မှု နှစ်ရပ်က တပြိုင်တည်းလိုလိုပင် ဖြစ်တည်နေသည်။ တခုက ….ရန်ကုန်တွင် ``ဒီဇင်ဘာ ကျောင်းသား အရေးတော်ပုံကြီး`` ဖြစ်ပွားနေသည်။ တဖက်တွင် ဗိုလ်ချုပ်ကြီး တာမလာဘော ခေါင်းဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် စတုတ္ထအကြိမ်မြောက် နဝတနှင့် တွေ့ဆုံဆွေးနွေးပြီး၍ ရန်ကုန်မှ ပြန်ရောက်နေသည့်အချိန်….။ အရေးပေါ် သုံးသပ်စရာများ ဖြစ်နေ၏။ လတ်တလော လုပ်ဆောင်စရာများနှင့် ရေရှည်လုပ်ငန်းစဉ်များအတွက် ပြင်ဆင်ကြရ၏။

ညီလာခံကို တတ်သုတ်ရိုက်၍ အသော့နှင်ရ၏။ အသော့နှင်ရင်းနှင့်ပင် ရက်သတ္တ ၂ ပတ်မျှ ကြာသွား၏။ ဗဟိုကော်မတီသစ်သို့ အပ်နှင်း၍ ရသမျှကို ညီလာခံမှ ဗဟိုကော်မတီသို့ လွှဲအပ်ရ၏။ မူဝါဒနှင့် လမ်းစဉ် ပြဿနာများတွင် ညှိကြရ၏။ နိုင်ငံရေးအရ အမြင်ချင်းနီးကြ၍ မခက်ခဲ….။ ဦးဆောင်မှုအပိုင်းအတွက် ပြင်ဆင်ရာတွင်မူ ….ပုဂ္ဂလဓိဋ္ဌာန်သဘောများ မရှိတော့…..။ ညီလာခံပြင်ပ ဆွေးနွေးပွဲငယ်လေးများနှင့် နည်းလမ်းရှာလာကြ၏။ ညီလာခံအတွင်း ``ဇီးရိုးဆမ်ဂိမ်း``ယဉ်ကျေးမှုကား ….ထွန်းကား၍ အားကောင်းနေဆဲ….။ ဤအခြေအနေအောက်မှပင် ထီးခယ်ဖလှယ်ညီလာခံက ပြီးမြောက်ခဲ့၏။ တာဝန်များ အပ်နှင်းကြ၏။ အလုပ်များ ခွဲဝေကြ၏။ အချို့ကား….. ညီလာခံပြင်ပအထိပင် ညီလာခံအမူးက မပြေချင်ကြသေး…။ ထားတော့…..။

ဗဟိုကော်မတီက ကျနော့်ကို တောင်ပိုင်းဒေသတွင်ပင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးပြန်၏။ တောင်ပိုင်းဒေသ ဟူသည်ကား…. KNU ၏ ဒူးပလာယားခရိုင်နှင့် မွန်ပြည်သစ်ပါတီ - NMSP ၏ မော်လမြိုင်ခရိုင်အတွင်း ဖြစ်သည်။ ဘုရားသုံးဆူ၊ ရေး၊ သံဖြူဇရပ်၊ မုဒုံနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များအတွင်းဖြစ်၏။


(ခ)


ထီးခယ်ဖလှယ်မှ စခန်းသစ်သို့ ကျနော် ပြန်ခဲ့၏။ တာဝန်ကျသည့် ဒေသအတွင်းသို့ ပြန်ဆင်းရန်မှာ စခန်းသစ်မှတဆင့် သွားရမည်။ ထီးခယ်ဖလှယ်နှင့် စခန်းသစ်က နယ်စပ်မျဉ်းအတိုင်း မော်တော်ကားလမ်း ရှိ၏။ မြန်မာပြည်အတွင်းမှ ဒေါက်ဖျက်သွားလျှင်မူ …. ``ခုနှစ်ခွေ``တောင်တန်းကြီးကို ဖြတ်ရမည်။ နယ်စပ်မျဉ်းကား လမ်းမှာမူ …. ခုနှစ်ခွေတောင်တန်းကို ပတ်၍ ဖောက်ထားသည့်လမ်း ဖြစ်၏။

ထိုအချိန်က …..စခန်းသစ်တွင် ကျနော်တို့အဖွဲ့၏ အလယ်ပိုင်းဒေသ စခန်းရုံး ရှိသည်။ ကျနော်တို့ရုံးနှင့် ကပ်လျက်တွင်မူ DPNS စခန်းရုံး ရှိ၏။ ကျနော်တို့ အဆောက်အဦများ ရှိသည့်လမ်းက စခန်းသစ်ဈေးတန်းနှင့် ကြက်လျှာသဏ္ဍာန် ယှက်လျက်ရှိသည်။ ကြက်လျှာစွန်းဆုံရာတွင် KNU ၏ လုံခြုံရေးကင်းစခန်းတခု ရှိ၏။ ကင်းစခန်းက ထိုင်း-မြန်မာနယ်စပ် စည်းပေါ်၌ တည်ထား၏။ စခန်းသစ်ဈေးခင်းက နယ်စပ်စည်းမှစ၍ စခန်းသစ်၊ ကျိုက်ဒုံသွား ကားလမ်းကို ခွ၍ တည်ထားသည်။ ဈေးခင်းအဆုံးတွင်မူ ဗိုလ်မှူးမျိုးချစ်၏ တပ်ရင်းစခန်းရှိသည်။

ABSDF အတွင်း ဒေါက်တာနိုင်အောင်နှင့် ကိုမိုးသီးဇွန် သဘောထားကွဲသည့် အချိန် ….. အချို့တပ်ရင်းများက ဒေါက်တာနိုင်အောင်နှင့် ပူးပေါင်းကြပြီး၊ အချို့တပ်ရင်းများက ကိုမိုးသီးဇွန်နှင့် ပူးပေါင်းကြသည်။ အချို့တပ်ရင်းများက နှစ်ဖက်စလုံးနှင့် မပူးပေါင်းဘဲ ကြားနေအဖြစ်နှင့် ကိုယ့်ဘာသာ ကိုယ်ရပ်တည်ကြ၏။ KNU နှင့်တွဲ၍ စစ်အုပ်စုကို စစ်ရေးအရ တိုက်၏။ ဗိုလ်မှူးမျိုးချစ်၏ တပ်ရင်းသည်လည်း မည်သည့်ဘက်တွင်မှ မပါဘဲ ကြားနေအဖြစ် ရပ်တည်၍ KNLA တပ်မဟာ (၆) နှင့် အတူတွဲ၍ စစ်အုပ်စုကို စစ်ရေးအရ တိုက်ပွဲဝင်နေသည့် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသည့် တပ်ရင်းတရင်း ဖြစ်သည်။

KNU ၏ စစ်ဦးစီးချုပ်ရုံးနှင့် အထွေထွေ အတွင်းရေးမှူးချုပ် ရုံးသည်လည်း စခန်းသစ်တွင်ပင် ရှိ၏။ KNU ၏ ရုံးများက ရေကန်ကြီးကို ပတ်၍ မေးတင်ပြီး ဆောက်ထားကြသည်။ ပဒိုမန်းရှာလားဖန်းသည်လည်း စခန်းသစ်တွင်ပင် အနေများ၏။ ထိုစဉ်က …. ပဒိုမန်းရှာလားဖန်းသည် KNU ၏ ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ အဖွဲ့ခေါင်းဆောင်တဦးအဖြစ်နှင့် နဝတ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နေခဲ့သည်မှာ ၄ ကြိမ်မျှ ရှိခဲ့ပြီး ဖြစ်သည်။

တာဝန်ကျသည့် အခြေခံဒေသအတွင်းသို့ မဆင်းမီ တရက်တွင် ပဒိုမန်းရှာ၏ ရုံးသို့သွားပြီး ကျနော် ပဒိုမန်းရှာနှင့် တွေ့၏။ သူ၏ ရုံးဘေး မြေကွက်လပ်များတွင်က ဆောင်းသီးနှံပင်တို့နှင့် စိမ်းစိမ်းစိုစို….။ မုံလာပွင့်ဝါဝါတို့က နှင်းရည်ဝ၍ ဝင်းဝါနေသည်။ ငှက်ပျောရုံကြီးများက ညိုညိုမှိုင်းမှိုင်း…..။ ပဒိုမန်းရှာက KNU နှင့် နဝတ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ ရှင်းပြ၏။

``နဝတက …. ကျနော်တို့ကိုဗျာ… လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး ဥပဒေဘောင်ထဲကို ဝင်ခိုင်းတယ်။ ပြီး… အပစ်အခတ် ရပ်ဆိုင်းထားမယ်။ တပ်နေရာ ချမှုတွေအတွက် ညှိမယ်ပေါ့ဗျာ။ နယ်မြေဖွံ့ဖြိုးရေးတွေ ဘာတွေကိုလည်း သူတို့နဲ့ပေါင်းပြီး လုပ်ပေါ့….။ နိုင်ငံရေးအရကတော့ သူတို့ရဲ့ အမျိုးသားညီလာခံကို ကျနော်တို့အနေနဲ့ တက်ပြီး လေ့လာပါတဲ့….။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ပြီးရင်တော့ …. အပြီးအပိုင် လက်နက်စွန့်ပြီး တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် ဖွဲ့စည်းတည်ထောင်သွားပါ….ဆိုပြီး အချက် ၆ ချက်ကို ဆွေးနွေးတယ်``

``သူတို့ဟာက `လက်နက်ချအညံ့ခံရေးပဲဟာ` ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒီနေ့ပဲ KNU အနေနဲ့ ကျနော်တို့ရဲ့ သဘောထားကို သူတို့ဆီ ပို့ပေးလိုက်ပြီ`` ကျနော်တို့ကတော့ …..စောဘဦးကြီးရဲ့ မူအတိုင်း လက်နက်ချစကား အလျဉ်းမပြောရ။ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။ ဒီမူတွေအပေါ်မှာပဲ ရပ်တည်သွားမှာပါ…။

ပဒိုမန်းရှားက သူ့စကားကို အဆုံးသတ်လိုက်သည်။ မနက်ဖြန်က ….နှစ်သစ်။ ၁၉၉၇ ခုနှစ် နှစ်သစ်၏ နေ့သစ်…..။ လေက မသော့….။ ငြိမ်နေ၏။ လေမနှော့သဖြင့် ကန်ရေပြင်သည် လှိုင်းကြက်ခွပ်တို့ မထ….။ မှန်သားပြင်ကဲ့သို့ ….။ ငြိမ်သက်မှုက …လေဖိအားနည်း ရပ်ဝန်းငယ်လေးတခု ပမာအလား….။


(ဂ)


စခန်းသစ်မှ အဇင်းသို့ ကျနော်တို့ ထွက်ခဲ့ကြသည်။ ကျနော်တို့ခရီးက အဇင်း၊ ကျိုက်ဒုံမှတဆင့် ကြာအင်းဆိပ်ကြီးသို့ ဆင်းရန် ဖြစ်သည်။ အဇင်းတွင် KNLA တပ်ရင်း ၁၆ မှ ဒုရင်းမှူး ဗိုလ်မှူးဂျိုးဇက်၏ စစ်ကြောင်းရှိသည်။ ဗိုလ်မှူးဂျိုး၏ စစ်ကြောင်းနှင့်ပေါင်းပြီး ကျနော်တို့ ကြာအင်းဘက်သို့ ဆင်းကြမည်။ ကြာအင်းမှတဆင့် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြောက်ပိုင်းရှိ ကျေးရွာများသို့ ဆင်း၍ လူထုနှင့် တွေ့မည်။ လူထုနှင့်တွေ့၍ နိုင်ငံရေး ရှင်းလင်းပွဲများ ပြုလုပ်ကြမည်။ နဝတမှ ပြုလုပ်နေသည့် အမျိုးသားညီလာခံအကြောင်း ရှင်းပြကြမည်။ အကျိုးဆက်ကို ချပြမည်။ ရန်ကုန်တွင် ဖြစ်ခဲ့သည့် ကျောင်းသားဆန္ဒပြမှု၏ အကြောင်းတရားကို ရှင်းပြမည်။ ပြီးလျှင် …. KNU နှင့် နဝတ၏ တွေ့ဆုံဆွေးနွေးရေး အခြေအနေများ…..။

အဇင်းတွင် ဗိုလ်မှူးဂျိုးနှင့် ဆုံ၏။ ပဒိုလီလေးအိမ်၌ပင် ဗိုလ်မှူးဂျိုးနှင့် တွေ့ကြသည်။ ဖဒိုလီလေးက KNU ဒူးပလာယားခရိုင်၏ အတွင်းရေးမှူး ဖြစ်သည်။ ပဒိုလီလေး၊ ဗိုလ်မှူးဂျိုးနှင့် ကျနော်တို့ လူထုရှင်းလင်းပွဲ စည်းရုံးရေးခရီးစဉ်ကို ဆွေးနွေးကြ၏။ ရေးဆွဲကြ၏။ ခရီးစဉ် လုံခြုံရေးအတွက် KNULA တပ်ရင်း (၁၆) မှ စစ်ကြောင်းတကြောင်းက တာဝန်ယူပေးမည်။ စစ်ကြောင်းမှူးက ဗိုလ်မှူးဂျိုး ဖြစ်သည်။ ဗိုလ်မှူးဂျိုး၏ စစ်ကြောင်းတွင် ဗိုလ်မိုရှေး၏ တပ်ခွဲတခွဲ၊ ဗိုလ်သန်းတင်အောင်၏ တပ်ခွဲတခွဲနှင့် စစ်ကြောင်းရုံးအဖွဲ့တို့ ပါမည်။ ဝင်းယော်မြစ် အနောက်ဘက်ကမ်း ရောက်လျှင်မူ …. ဗိုလ်တင်လှိုင်၏ ခွဲ (၅) တခွဲနှင့် ဗိုလ်ဒေါင်းညို၏ ခွဲ (၃) တခွဲနှင့် ပေါင်း၍ ၂ ကြောင်းဖြန့်၍ လုံခြုံရေး ယူကြမည်။ ဝင်းယော်မြစ် အနောက်ဘက်ကမ်းရှိ `ဝင်းယော်-ဝင်းရေး` ဒေသက ရန်သူ၏ လှုပ်ရှားစစ်ကြောင်းများ ဖြန့်ကျက်ထားမှု များသည်။ ဗျူဟာက တောင်စွန်းတွင် တဗျူဟာနှင့် သံဖြူဇရပ်၊ ဝဲကလိတွင် တဗျူဟာ ရှိသည်။ ခလယ်တံခွန်တိုင်နှင့် ချောင်းနှစ်ခွတွင်က အောင်ကြည်ဝင်း၏ DKBA အချို့ ရှိ၏။

ကျနော်တို့၏ စည်းရုံးရေးခရီးစဉ်တွင် Mobil Medical Back Pack Team မှ Back Pack ၃ ခုလည်း ပါမည်။ Back Pack တခုလျှင် ကျန်းမာရေးလုပ်သားဆေးမှူး ၃ ဦးမျှ ပါကြမည်။ ကျနော်တို့က ရွာစဉ်ဆက်၍ လူထုနှင့်တွေ့ပြီး ရှင်းလင်းပွဲများ ပြုလုပ်မည်။ ကျန်းမာရေးလုပ်သားတို့က လူထု ကျန်းမာရေးအရ ပြုစုစောင့်ရှောက်မည်။ ကုသမှုများ ပြုလုပ်ပေးသွားကြမည်။ Back Pack Team တွင် မျက်စိနှင့် ပတ်သက်၍လည်း စမ်းသပ်ပေးမည်။ မျက်မှန်များလည်း ထုတ်ပေးသွားမည်။

ကျနော်တို့၏ ခရီးစဉ်၌ အရေးအကြီးဆုံးက လုံခြုံရေးဖြစ်သည်။ လုံခြုံရေးစီမံချက်ကို အသေးစိတ် ဆွေးနွေး၍ ရေးဆွဲကြသည်။ တပ်မှူးများက KNLA မှ စွမ်းရည်ပြည့်သော စစ်သည်တော်များ…..။ အတွေ့အကြုံရှိ၏။ စစ်ရည် `ဝ`၏။ နဝတသည် KNU နှင့် တွေ့ဆုံဆွေးနွေးရေးကို (က.က.လှမ်း) နှင့် ၄ ကြိမ် ပြုလုပ်ခဲ့၏။ စစ်မှန်သော ငြိမ်းချမ်းရေးက မရ။ နဝတ၏ တဖက်သတ် တောင်းဆိုချက်များနှင့် ပြတ်စဲခဲ့ရပြီ။ (က.က.လှမ်း) နှင့် ဆွေးနွေးပွဲ ပျက်လျှင် ….(က.က.ကြည်း)၏ ခြေလှမ်းကား…။ သိ၏။


(ဃ)


ကျနော်တို့ စစ်ကြောင်းသည် ကြာအင်းဆိပ်ကြီးဘက်တွင် ၅ ကြိမ်မျှ လူထုဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြ၏။ ကြာအင်းဆိပ်ကြီးအတွင်းရှိ ကျေးရွာများက ရွာငယ်လေးများ ဖြစ်သည်။ ခေါင်၏။ မြို့ပြနှင့် ကူးလူးဆက်ဆံမှု နည်း၏။ ဗမာစကားအား အတန်အသင့် နားလည်ကြသည်။ နဝတက ထိုနယ်၊ ထိုရွာများကို `အမဲရောင်` နယ်မြေဟူ၍ သတ်မှတ်ထား၏။ ထိုနယ်….ထိုရွာမှ ရွာသားများကို `သူပုန်` အားပေးသူများနှင့် `သူပုန်``များဟူ၍ ထင်မှတ်ထားကြ၏။ ထို….ထိုသော ပြည်သူတို့က လက်တွေ့ဘဝ ဖြတ်သန်းမှုအရ ….ရန်/ငါစည်း ပြတ်ကြပြီးသည့်… ပြည်သူများ ဖြစ်နေကြ၏။

`ကြာအင်း`မှ ဇမိမြစ်ကို ကျနော်တို့ ကူးကြသည်။ `ဝင်းယော်`ချောင်းနှင့် `ဇမိ`မြစ် အကြားရှိ `တောင်ပေါက်` နှစ်ဆယ့်လေးရွာ အတွင်းရှိ လူထုနှင့်ကျနော်တို့တွေ့ဆုံကြ၏။ တောင်ပေါက် နှစ်ဆယ့်လေးရွာက လူမျိုးစုံ နေထိုင်ကြသည့် ရွာများဖြစ်သည်။ မွန်ရှိ၏။ ကရင်ရှိ၏။ ဗမာရှိ၏။ ရှမ်းရှိ၏။ မွန်ပြည်သစ်ပါတီမှ အပစ်အခတ် ရပ်စဲထားပြီးဖြစ်သဖြင့် တောင်ပေါက်ရွာမှ နဝတတပ်ခွဲတခွဲ ထိုင်သည့် စခန်းကို ရန်သူသည် ပြန်၍ ရုပ်ထားပြီးဖြစ်သည်။ အထိုင်စခန်းဟူ၍ မထားရှိသော်လည်း နဝတစစ်ကြောင်းများကမူ အဝင်အထွက် ရှိမြဲပင်….။ အခွန်အကောက် ရှိမြဲပင်……။ မွန်လူထုမှာမူ နဝတ၏ ဘေးမှ မလွတ်ကင်းသေး….။ မထူးခြားလှ….။

တောင်ပေါက် နှစ်ဆယ့်လေးရွာ အတွင်းမှတဆင့် ကျနော်တို့ စစ်ကြောင်းသည် `ဝင်းယော်`ချောင်းကို ကူးပြီး တောင်ညိုတောင်တန်း အရှေ့ခြမ်းရှိ တောင်ခြေရွာများသို့ ချီကြ၏။ `ဖားပြတ်`နှင့် `ချောင်းနှစ်ခွ`ကြားသို့ ဝင်ကြခြင်း ဖြစ်သည်။ နဝတ၏ နယ်မြေပိုင်းခြားမှုအရမူ …. ထိုဒေသက ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း ဖြစ်သည်။ ဖားပြတ်တွင် ရန်သူစစ်ကြောင်း ရုံးစိုက်သည်။ ခလယ်တံခွန်တိုင်တွင် အောင်ကြည်ဝင်း၏ DKBA ရှိသည်။ ချောင်းနှစ်ခွတွင်မူ နဝတ၏ ခွဲရုံးစခန်း ရှိသည်။ လှုပ်ရှားစစ်ကြောင်းများကလည်း ဖားပြတ်၊ ချောင်းနှစ်ခွနှင့် မုဒုံကားလမ်းပိုင်းကို လုံခြုံရေး ယူထားကြသည်။ ဤနယ်အတွင်းရှိ လူထုနှင့်ဝင်၍ တွေ့ဆုံကြခြင်း ဖြစ်သည်။ ထိုဒေသအတွင်းသို့ ဝင်သည့်အခါတွင်မူ ကျနော်တို့၏ စစ်ကြောင်းနှင့် ဗိုလ်တင်လှိုင်၏ ခွဲ (၅)နှင့် ဗိုလ်ဒေါင်းညို၏ ခွဲ (၃) တို့သည်လည်း ပူးပေါင်းခဲ့ပြီးဖြစ်သည်။ ဗိုလ်တင်လှိုင်က ထိုဒေသသား ဖြစ်သည်။ နယ်မြေ ကျွမ်း၏။ လူထုစည်းရုံးရေး ရှိ၏။ တပ်ခွဲတခွဲဟု ဆိုသော်လည်း သူ့တပ်ခွဲက လူ ၁ဝဝ ကျော်သည်။

`ကျုံခို`ရွာလူထုဆွေးနွေးပွဲက ရင်ခုန်စရာ…..။ `ကျုံခို`နှင့် `ဖားပြတ်`က ဟိုဖက်ရွာမှ ခွေးဟောင်လျှင် ဒီဖက်ရွာက ကြားရ၏။ ထိုနေ့က ဖားပြတ်တွင် နဝတ စခန်းထိုင် တပ်ခွဲရှိသည့်အပြင် `တောင်စွန်း`ဗျူဟာမှ လှုပ်ရှားစစ်ကြောင်းတကြောင်းလည်း ရောက်နေ၏။ ရန်သူ့စစ်ကြောင်းတွင် ….81 MM ပါသည်။ 60-MM ရှိ၏။ ကျနော်တို့ လူထုစည်းဝေးပွဲလုပ်သည့် ဘုန်းတော်ကြီးကျောင်းကလည်း ရန်သူစစ်ကြောင်းများ အမြဲလိုလို …ဝင်ထွက်စခန်းချတတ်သည့် နေရာ….။ O.P အတွက် မခက်။ မြေပုံညွှန်းက မှတ်ပုံတင်ထားပြီး ရှိလိမ့်မည်။ လူထုက စိတ်တတ်ကြွဖွယ်ကောင်းလှစွာပင် တက်ကြ၏။ နဝတ၏ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများလည်း တက်ကြသည်။ ကျုံခိုတွင်က…အလယ်တန်းကျောင်း ရှိသည်။ ကျေးလက်ဆေးပေးခန်း ရှိသည်။ လူထုနှင့် ဝန်ထမ်းများပေါင်းလျှင် …. ၁ဝဝဝ ခန့် ရှိမည်။ ဆွမ်းစားဇရပ်ကြီးအတွင်း ပြည့်နေ၏။ ဇရပ်အပြင် ကွင်းလယ်တွင်လည်း လူထုပရိသတ်နှင့်….။ အသံချဲ့စက်ကြီးနှင့် ပြောကြ၊ ရှင်းကြရသည်။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲ ပျက်ရသည့်အကြောင်း….။ အမျိုးသားညီလာခံအကြောင်း….။ `ဖားပြတ်`မှ နဝတစစ်ကြောင်းသည်လည်း အသံချဲ့စက်မှတဆင့် ကြားလိမ့်မည်ထင်၏။

လူထုစည်းဝေးကြီးက ရင်ခုန်စွာနှင့်ပင် ပြီးသွား၏။ လူထုအစည်းအဝေး ပြီးသည့်နောက်တွင် ဖားပြတ်မှ ကင်းသမားတယောက် ရောက်လာသည်။ စာလာပို့ခြင်းဖြစ်၏။ နဝတစစ်ကြောင်းမှူးက သူတို့ ကျုံခိုသို့ လာမည်၊ ကျနော်တို့ ရှောင်ပေးဖို့….။ အကြောင်းကြားသည့် စာဖြစ်သည်။ ကျနော်တို့အလုပ်က ပြီးပြီ။ ရွာမှ ထွက်ပေးရန် ကျနော်တို့ ဆုံးဖြတ်လိုက်ကြသည်။ ကျနော်တို့ တောင်ထီးရွာသို့ ထွက်ခဲ့ကြ၏။ ကျုံခိုနှင့် တောင်ထီးက စစ်သားခြေနှင့် တနာရီသာသာခန့်သာ လျှောက်ရမည်။ တပ်မဟာအထူးတပ်မှ ဗိုလ်လေးဝါး၏ တပ်ခွဲတခွဲကမူ ကျနော်တို့ စစ်ကြောင်းနှင့် တောင်ထီးသို့ လိုက်မလာခဲ့….။ ကျုံခိုရွာအနားတွင်ပင် ကျန်ခဲ့၏။ ဗိုလ်လေးဝါးက ကျုံခိုရွာသားဖြစ်၍ သူ့ရွာအနီးတွင်ပင် ကျန်ခဲ့သည်ဟု ထိုစဉ်က….ထင်မိ၏။

နောက်ရက်၌ တောင်ထီးတွင် အစည်းအဝေး ပြုလုပ်ရန် ကျနော်တို့ သဘောထား ရှိကြ၏။ ဗိုလ်တင်လှိုင်က နယ်မြေခံဖြစ်၍ အစီအစဉ်များကို သူပင် ပြုလုပ်ရန် ဗိုလ်မှူးဂျိုးက … တာဝန်ပေးထား၏။ တောင်ထီးရွာက (ဖဆပလ) ခေတ်တွင် ကရင်ပြည်နယ်ဝန်ကြီး ဖြစ်ခဲ့ဖူးသည့် ဒေါက်တာစောလှထွန်း၏ ဇာတိဟု ဆိုသည်။ အိမ်ကြီးအိမ်ကောင်းများနှင့်။ အိမ်ခြေ ၃ဝဝ ခန့်ရှိမည့် ရွာကြီး….။ မုဒုံ၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးတို့နှင့် ကားလမ်းပေါက်၏။

နောက်တနေ့….။

ဗိုလ်မှူးဂျိုးနှင့် ဗိုလ်တင်လှိုင်တို့က ကျနော်တို့ကို တိုင်ပင်သည်။ ကြေးနန်းတစောင် ပြသည်။ KNLA တပ်ရင်း (၁၆) ၏ တပ်ရင်းမှူး စောသမူဟဲထံမှ ကြေးနန်းဖြစ်သည်။ KNLA တပ်ရင်း အစည်းအဝေးရှိ၍ ကြာအင်းသို့ ပြန်တက်ခဲ့ရန် ဗိုလ်မှူးဂျိုးနှင့် ဗိုလ်တင်လှိုင်တို့ကို ခေါ်သည့် ကြေးနန်းဖြစ်သည်။ တောင်ထီးတွင်က လူထုအစည်းအဝေး ပြုလုပ်ရန် ဗိုလ်တင်လှိုင်မှ ရွာလူထုနှင့် စီစဉ်ပြီးဖြစ်သည်။ သမူဟဲထံသို့ ပြန်တက်လျှင် ….လူထုအစည်းအဝေး ဖျက်ရမည်။ ပြီးလျှင် …. ရန်သူစစ်ကြောင်းများက ကျနော်တို့ ကူးခဲ့ကြသည့် `ဝင်းယော်`၊ `ဇမိ` မြစ်ကြောင်းများ စိုးမိုးထားပြီးဖြစ်သည်။ အခက်အခဲ ရှိမည်။

KNLA ရင်း (၁၆) ၏ ဒုရင်းမှူးဖြစ်သည့် ဗိုလ်မှူးဂျိုးက သူ့တပ်ခွဲမှူးများနှင့် တိုင်ပင်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်လည်း ဆွေးနွေး၏။ ကျနော်တို့ကမူ သဘောထားမပေးကြ။ KNLA ရင်း (၁၆) ၏ တပ်ရင်းတပ်ဖွဲ့အရေးဖြစ်၍ ဝင်ပြီးဆွေးနွေးရန် မသင့်ဟု ယူဆထားကြ၏။ နောက်ဆုံးတွင်မူ ဗိုလ်မှူးဂျိုးနှင့် တပ်မှူးများက ….စောသမူဟဲ ပြန်ခေါ်သည့် တပ်ရင်းအစည်းအဝေးသို့ ပြန်မတက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုနေ့က တောင်ထီးရွာ၌ ကျနော်တို့ လူထုအစည်းအဝေး ကျင်းပခဲ့ကြ၏။

တောင်ထီးရွာက ဒေါက်တာစောလှထွန်း၏ ဇာတိမြေဖြစ်၍လားမသိ၊ ရွာမိရွာဖများက နိုင်ငံရေးအသိ ရှိကြသည်။ ဆွေးနွေး၍ ကောင်းသည်။ မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက်နေကြသည့် တက္ကသိုလ် ကျောင်းသားများနှင့်လည်း တွေ့ရ၏။ အလွတ်သဘော ရေနွေးကြမ်းဝိုင်းက ပို၍ပင် ကျေနပ်စရာ ကောင်းသည်။ နေညို၍ ညိုမှန်းပင် မသိကြရ….။ ဗိုလ်တင်လှိုင်က စစ်ကြောင်းနေရာ ပြောင်းရန် ပြောမှပင် ….ရေနွေးကြမ်းဝိုင်း သိမ်းကြသည်။ အခြေအနေက ထူးခြားမှု ရှိနေပြီဟု ထင်မိ၏။ ခရီးစဉ်များ ဖျက်လိုက်ရသည်။ ဗိုလ်မှူးဂျိုး၏ စစ်ကြောင်းက `ရေး`မြောက်ခြမ်းသို့ ….. ညတွင်းချင်းပင် ဆုတ်ကြမည်။ ဗိုလ်ဒေါင်းညို၏ တပ်ခွဲက `ဝင်းယော်`ချောင်းနံဘေးရှိ ရွာများသို့ အစုလိုက်၊ အစိတ်လိုက် ဖြန့်မည်။ ဗိုလ်တင်လှိုင်နှင့် ကျနော်တို့ကမူ …တောင်ညိုတောင်ခြေသို့ ကပ်ရန် …ဟူ၍ စီစဉ်ကြသည်။

လက မှိန်မှိန်ပြပြ….။ ပိတောက်ဖူးတို့က လရောင် အပျက်တွင်ပင် ရွှေရည်ရောင်မသွေး….။

သတင်းများက ဝင်လာ၏။ KNLA တပ်ရင်း (၁၆) ရင်းမှူး စောသမူဟဲနှင့်အဖွဲ့ နဝတနှင့် ပူးပေါင်းလိုက်ပြီ။ တပ်ရင်းအစည်းအဝေးခေါ်၍ တက်လာခဲ့ကြသည့် တပ်ခွဲမှူး ဗိုလ်ကြည်ဝင်းနှင့် ဗိုလ်ကြည်လင်းတို့လည်း ပါသွားကြပြီ……။

နောက်ရက် …. နောက်ရက်များတွင်မူ …. သမူဟဲကို နဝတမှ DKBA ကဲ့သို့ အဖွဲ့အစည်းတခု ဖွဲ့ပေးကြောင်းကြားရပြန်၏။ သမူဟဲ၏ လက်နက်ချ အခမ်းအနားသို့ (က.က.ကြည်း) မှ ဗိုလ်ချုပ်ကြီးမောင်အေး လာ၏။ မောင်အေး ရှေ့တွင် သမူဟဲ ဒူးထောက်ရကြောင်း…. ကြားရပြန်၏။ ဓာတ်ပုံသတင်းတွင်မူ ဗိုလ်ချုပ်ကြီး မောင်အေးသည် ကရင့်အမျိုးသားအလံကို စစ်ဖိနပ်နှင့်နင်းလို့……။ တိုက်ဆိုင်လှ၏။ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့သည့်နှစ် ၅ဝ ပြည့်သည့် …. ဖေဖော်ဝါရီလတွင်…၊ ပင်လုံစိတ်ဓာတ်ကို ဗိုလ်ချုပ်ကြီး မောင်အေးက …… နင်းခြေရင်း…….။ ။

No comments: