Saturday, April 25, 2009

“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ”

ကွန်းအိန်း

လွှတ်တော်ရုံးမှ ဆင်းလာသော ဧကရာဇ် ဂျူးလီယက် ဆီဇာကို လွှတ်တော်အမတ်များ၊ စစ်သူကြီး များက သူ့အနောက် ကြောချဉ်း ကပ်ပြီး ဒါးဖြင့် ထိုးနှက်ကြ သည်။ အဆက်မပြတ် ဝင်ရောက် လာသော ဒါးချက်များကို အံကြိတ် ခံယင်း အနောက်ဘက်သို့ လှည့်ကြည့် လိုက်ရာ- “သြော်- ဘရုတပ် မင်းလဲပါ တာကိုး”

စစ်မြေပြင်တွင် ရန်သူများကို ကြံကြံခံ မကြောက်မရွှံ့ တိုက်ခိုက်ခဲ့သော စစ်သားရင့်မကြီးခင်မျာ နောက်ကြောကို ဒါးနှင့် ထိုးခဲ့သော မိတ်ဆွေများကို ကြည့်ယင်း အံ့သြသော၊ မယုံကြည်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ လဲကျသွားသည်။ ရန်သူများ၏ ဒါးချက်ထက် မိတ်ဆွေများ၏ သစ္စာဖောက်မှုကို ဂျူးလီယက်ဆီဇာကိုယ်တိုင် အံ့အားသင့်စွာ ခံယူယင်း အသက်ပေးသွားခဲ့သည်။

ငယ်စဉ်က သမိုင်းတွင် ဖတ်ဖူးခဲ့သောကမ္ဘာ့၊ မြန်မာရာဇဝင်များကို အတိတ်တွင်ထားခဲ့သော်လည်း ယခင်က အတိတ် ဖြစ်ရပ်များသည် ပစ္စုပ္ပန်၌ အသစ်တဖန်ပြန်လည်အသက်ဝင်လာသည်ကို မျက်ဝါးထင်ထင် ပြန်တွေ့မြင်ရသောအခါ၊ ကိုယ်တိုင်အံ့သြမိတာအမှန်ပင်။ သြော်သမိုင်းဘီးဆိုတာ နောက်ထပ်တဖန် ပြန်လည်တတ်သည်မျိုးလည်း ရှိနိုင်ပေ တကား။

လူ့သဘာဝမှာ မိမိ၏ အကျိုးအတ္တကို ရှေ့တန်းတင်လွန်းခြင်းပင်ဖြစ်သည်။ ဘရုတပ်အနေနှင့် လွှတ်တော်အမတ်များ မြှောက်ပင့်ပေး၍ ဂျူးလီယက်ဆီဇာကို လုပ်ကြံ ခဲ့သော်လည်း နိုင်ငံခေါင်းဆောင်အနေနှင့် မရပ်တည်နိုင်ခဲ့ပါ။

နိုင်ငံတော်သစ္စာဖေါက်အမည် ဆိုးဖြင့် နိဂုံးချူပ်ခဲ့ရပေသည်။ ဘရုတပ်အစား မတ်အန်တိုနီယိုက ပြည်သူ့ခေါင်းဆောင် ဖြင့် ရပ်တည်ဦးဆောင်နိုင်ခဲ့သည်။

မြန်မာရာဇာဝင်၌လည်း သီပေါမင်းလက်ထက်တွင် ပါလီမန်စံနစ်ကို တည်တောင်လိုသူ ဦးကောင်းနှင့် မြန်မာပဒေ သရာဇ်တို့ကြား ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့သေးသည်။ နောက်ဆုံး၌ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဟူသော တဘောင်အတိုင်း မြန်မာမင်းဆက်ပြုတ်ကာ ကင်းဝန်မင်းကြီးအနေနှင့် ဗီလိန်အဖြစ် ရာဇဝင်တွင်ရစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း အာဏာရယူလိုမှုဖြင့် ဂဠုန်ဦးစောသည် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဦးစောအနေနှင့် လူထု ခေါင်းဆောင်အရိုက်အရာကို ရခဲ့ပါသလော။ ပြည်သူ့ချဉ်ဖတ်အမည်ဖြင့် ရာဇဝင်တွင်ခဲ့သည်။

နေမဝင်အင်ဘာရာအရှင်သခင် အင်္ဂလိပ်လူမျိုးတို့သည် မိမိတို့ပိုင်ကိုလိုနီနယ်များတွင် သွေးခွဲအုပ်ချူပ်ရေးစံနစ်အရ သော်၎င်း၊ ဆူးကိုဆူးဖြင့်ထွင်သောနည်းစနစ်အရ၎င်း ယင်းတို့၏ အင်ဘာရာကို ချဲ့ထွင်ခဲ့သည်။ ကိုလိုနီနယ်သားများကို မွေး၍ သွေးခွဲပြီးအချင်းချင်း တိုက်ခိုက်ခိုင်းသည်။ တခြားနယ်ရှိ ကိုလိုနီနယ်သားများကို အထူးအခွင့်အရေးပေးမွေး၍ စစ်တိုက်ခိုင်းသည်။

ဤကဲ့သို့ လုပ်ရပ်ဖြင့် မိမိတို့ နိုင်ငံအကျိုးကို တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။ နအဖစစ်အစိုးရအနေနှင့် တဖက်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏ လုပ်ရပ်ကို ရှုတ်ချယင်း တဖက်တွင် သွေးခွဲအုပ်ချူပ်ရေးစံနစ်ကို တည်ထွင်လုပ် ဆောင်နေလေပြီး။

ထမင်းကြမ်းခဲကိုသာ မြင်ပြီး ဝါးရင်း တုတ်ကို မမြင်တတ်သော လူဗလံများကို မွေးခဲ့သည်။ ဤနည်းကို နအဖစစ်အရာ ရှိများ ကိုယ်တိုင် မဟာဗျူဟာချမှတ်၍ လုပ်ဆောင်နေခဲ့သည်။ ဗိုလ်မှူးကြီး သောင်းထိုက်ကိုယ်တိုင်ကပင် မျက်မှောက် ခေတ် ပထဝီနိုင်ငံရေးအခန်းစာမျက်နှာ (၁၅၇) အလယ်၌ ရန်သူကို လှို့ဝှက်သတ်ဖြတ် သုတ်သင်အဆိပ်ကျွေးသတ်၊ လူသတ်သမားအငှားသတ်အာလုံးတရားသည်ဟု ရေးခဲ့သည်။ ဤကားစစ်အစိုးရ၏ စက်ယုက်ကွယ်ပေါ်လစီတခုပင် ဖြစ်ပေသည်။

ယ္ခုပစ္စက္ခကာလ၌လည်း လက်နက်ကိုင်အဖွဲ့အစည်းများကို ချော့တခါချောက်တလှည့်ဖြင့် သိမ်းသွင်းဖြားယောင်း နေသည်။ အစိပ်စိပ်မွှာမွှာကွဲလေ၊ ၎င်းတို့အကြိုက်တွေ့လေ ဖြစ်နေသည်။ ထိုကွဲပြားနေသော၊ နိုင်ငံရေး၊ အမျိုးသားရေး ဦးတည်ချက်မရှိသောအဖွဲ့ငယ်များကို မွေးကာဒေသခံနယ်မြေများတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးထားသည်။

လူထုဆန့်ကျင်ရေးလုပ်နေစေကာမူ တဖက်တွင် အကာအကွယ်ပေးထားသည်။ ထိုအဖွဲ့ငယ်များကို တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အနေနှင့် အမည်တပ်ကာ ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ခွင့် ပေးထားသည်။ ကြိုးရှည်ရှည်လှန်၍ လူထုဆန့်ကျင်ရေးလုပ်ခိုင်းသည်။

နောက်ဆုံးငြိမ်းချမ်းရေးတပ်ဖွဲ့၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ရောယောင်၍ လူထုအော့ကြောလန် ဖြစ်အောင် ပရိယာယ်ဖြင့် မြှောက်ပေးခဲ့သည်။ အနှီထမင်းကြမ်းခဲကိုသာမြင်၊ ဝါးရင်းတုတ်ကိုမမြင်သောသူများမှာ ဝါးလုံးခေါင်းတွင် လသာနေပြီးနွားခြေရာခွက်တွင် ပင်လယ်အသွင်ဖြင့် ကူးခတ်ပျော်ပါးနေခဲ့သည်။ စစ်အစိုးရ၏ ရေရှည်ပရိယာယ်ကို နားလည်နိုင်စွမ်းမရှိခဲ့။ အရိုးအရင်းကိုက်ရရုံနှင့် မိမိတို့၏အမျိုးသားရည်မှန်းချက်ကို မျက်ကွယ် ပြုခဲ့သည်။

ထိုမျက်ကန်းသမားများကို အသုံးပြု၍ စစ်အစိုးရအနေနှင့် အတိုက်ခံအဖွဲ့အစည်းများသုတ်သင်ချေမှုန်းရာတွင် အသုံးချ ခဲ့သည်။ ဥပမာအားဖြင့် ကရင်ခေါင်းဆောင် ဗဒိုမန်းရှာလဖန်းကို လုပ်ကြံခိုင်းခဲ့သည်။ အခြားတိုင်းရင်းသားခေါင်းဆောင် များကို တိုးတိုးတိတ်တိတ်လုပ်ကြံလျှက်ရှိသည်။ ဤကားစစ်အစိုးရ၏ ကူညီထောက်ပံ့မှုမပါဘဲ လုပ်၍ မရနိုင်ချေ။

မွန်အမျိုးသားကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မီလီအတွင်းရေးမှူး နိုင်မင်းနောင်လည်း ဧပြီးလ (၁၈) ရက်နေ့ မုဒုံမြို့နယ် ရိုးဂိုးဂိတ်အနီးတွင် လုပ်ကြံခံရသည်။ စစ်အစိုးရ၏ ပယောဂမဟုတ်ဟု ဘယ်သူပြောနိုင်မည်နည်း။ နှစ်လကြာရှည်စွာ ချမှတ်ထားသော လုပ်ကြံရေးပေါ်လစီကို စတင်အသုံးချနေပြီး ဖြစ်ကြောင်း ဤဖြစ်စဉ်များက သက်သေပြနေပါသည်။

ပုထုဇဉ်မှန်သမျှအတ္တနှင့်မကင်းနိုင်ပေ။ သို့သော် မိမိကိုယ်ကျိုးစီပွားတခုတည်းအတွက် အမျိုးသား၏ ဂုဏ်သိက္ခာ၊ အမျိုးသား၏ ရည်မှန်းချက်များကို ရောင်းစားရန်မသင့်တော်ပါ။

စစ်အစိုးရရူးတိုက်တိုင်း ဟောင်နေကိုက်နေပါက ရေရှည်တွင်မိမိတို့တိုင်းရင်းသား၏ ရုပ်ပုံကိုတွေ့လိုပါက ပြတိုက်၌သာ တွေ့နိုင်ဘွယ်ရှိနိုင်သည်ကို တွေးမိရန်လိုသည်။ သစ်ပင်ကိုခုတ်ရန် သစ်သားလက်ကိုင်ရိုးသုံးသည့်နည်းလမ်းကို နအဖစစ်အစိုးရ လက်တွေ့အသုံးပြုနေလေပြီး။

ထို့ကြောင့် ဘုံရန်သူကို ဦးတည်တိုက်ခိုက်မည့်အစား အမျိုးသားအချင်းချင်း အိုးမဲသုတ်ခွပ်ခိုင်းသည်ကို ကျေနပ်အားရ စွာ လက်ခံနိုင်မည်လော။ သခင်အားရ ကျွန်ဒါဏ်အသွင်နှင့် ထမင်းကြမ်းခဲလောက်၌ တင်းတိမ်မည်လော။

မိမိ၏ကိုယ်ကျိုးစီးပွါးအတ္တအတွက် အမျိုးသားများ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို ပစ်ပယ်တော့မည်လောဟု မေးစရာတပုံတပင် ကျန်ရစ်နေသည်။ ယ္ခုပစ္စုပ္ပန်အနေထားတွင်လည်း ဂျူးလီယက်ဆီဇာသည် ဒါးဒါဏ်ရာကြားမှ နောက်ပြန်လှည့်ကြည့်ယင်း
“သြော်ဘရုတပ်မင်းလည်းပါတာကိုး”

No comments: