Tuesday, April 28, 2009

စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေး အပြုသဘောဆောင်၊ မဆောင်

ဒီလှိုင်းငြိမ်း၊

နယ်စပ်တ လျှောက် တပ်စွဲထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ မြန်မာ စစ်အစိုးရတို့ အကြား အမျိုး သား ပြန်လည် ရင်ကြားစေ့ ရေးအတွက် ဆွေးနွေးရေး ကို ကြားခံ ဆောင်ရွက်ပေး နေသူတွေက တဆင့် နှစ်ဦး နှစ်ဖက် ကမ်းလှမ်း မှုတွေ၊ တွေ့ဆုံ ဆွေးနွေး နိုင်ရေးတွေ အပေါ် တိုင်းရင်းသား ဖက်ကနေ ပြင်ဆင်မှုတွေ ရှိခဲ့ကြ ပါတယ်။

စစ်အစိုးရဖက်မှ တဆင့်ခံ ကမ်းလှမ်းတာတွေလုပ်နေတဲ့ တချိန်ထဲမှာပဲ တိုင်းရင်းသား နယ်မြေဒေသတွေမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်နေပြန်ပါတယ်။ ဒါကြောင့် တွေးတောစရာ တစ်ခုဖြစ်ပေါ်လာတာက အခု တွေ့ဆုံဆွေးနွေးရေးဟာ စစ်အစိုးရဖက်က အိမ်နီးချင်းနဲ့ ဒေသတွင်းမှာ မျက်နှာပန်းလှအောင် လူသိရှင်ကြား ဟန်ပြသဘောပဲ လုပ်ဆောင်တာလို့ ယူဆမိပါတယ်။

အခုလ ဧပြီ ၇ ရက်နေ့တုန်းကလည်း ထိုင်းအာဏာပိုင်တွေနဲ့ ကေအဲန်ယူခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အခုချိန်ထိ တွေ့ဆုံဆွေနွေးရေးရဲ့ အဖြေလမ်းစကို မမြင်ရသေးတဲ့အပြင် နယ်စပ်မှာရော ပြည်တွင်းတွေမှာပါ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် မျှော်လင့်ချက် ပိုကင်းဝေးနေပြီလို့တောင် မှတ်ချက်ချရမှာပါ။ အလားတူပဲ ကေအဲန်ပီပီ၊ အက်စ်အက်စ်အေ တို့ကလည်း စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုရင် အမြဲကြိုဆိုနေလျက်ပါလို့ ဆိုပေမယ့် တဖက်မှာ စစ်ရေးပိုင်းတွင်လည်း အဆင်သင့်အနေအထား ရှိပါတယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အကယ်၍ မြန်မာစစ်အစိုးရက ဗမာပြည် အပြောင်းအလဲ ဖြစ်နိုင်ဖို့အရေးကို အမှန်တကယ် လိုလားတယ်၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်၊ စစ်မှန်တဲ့ ဖြေရှင်းနည်းနဲ့ အလေးအနက်ထားပြီး အဖြေရှာမယ်ဆိုရင် ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) အနေနဲ့လည်း အမြဲတံခါးဖွင့်ထားပြီး ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

ယခုလက်ရှိ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီပိုးရာစိန်က “ ကေအဲန်ယူ အနေနဲ့ကတော့ ကျမတို့ ရှိထားတဲ့ ကေအဲန်ယူ ပေါ်လစီတွေကိုတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ ရှိတယ်ပေါ့လေ၊ နအဖ ဘက်ကတော့ သူတို့ ကေအဲန်ယူနဲ့ တွေ့မယ်ဆိုရင် နိုင်ငံရေးပြဿနာနဲ့ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ အဲဒါ ကေအဲန်ယူက တံခါးဖွင့်ထားတာ ရှိနေတယ်၊ ပေါ်လစီအပေါ်မှာပေါ့လေ၊ အခုဆိုရင်လည်း သူတို့ တကယ်တွေ့မယ်ဆိုရင် တွေ့ဆုံတဲ့ နည်းစနစ်နဲ့ စမယ်ဆိုရင် တွေ့ချင်တယ်ဆိုရင် အဲဒါ ကေအဲန်ယူက ကြိုဆိုဖို့ပါပဲ ” လို့ ဆိုပါတယ်။

အခု တိုင်းရင်းသား လက်နက်ကိုင် သူပုန်တွေနဲ့ စစ်အစိုးရအကြား ညှိနှိုင်းပေးတဲ့အနေနဲ့ ထိုင်းအစိုးရက ကေအဲန်ယူ ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ကေအဲန်ယူဖက်က မြန်မာစစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးပွဲ ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာ မသိရသေးပါဘူး။

ဒါနဲ့ ပတ်သက်ပြီး အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ အဲဒါကလည်း သူတို့ဘက်က မူတည်တာပေါ့လေနော်၊ တကယ် သူတို့ serious (လေးနက်မှု) ရှိလား မရှိဘူးလားဆိုတာ သူတို့ အပေါ်မှာ မူတည်တာပေါ့၊ သူတို့ကတော့ ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ စေတနာမှန်မှန်နဲ့ မှန်မှန်ကန်ကန် သူတို့ဆွေးနွေးမယ်ဆိုရင်တော့ နိုင်ငံရေးအရတော့ နိုင်ငံရေး ပြောင်းလဲမှုတော့ ဖြစ်နိုင်တာပေါ့၊ ဒါပေမဲ့ သူတို့ကတော့ ဒီနိုင်ငံရေးနဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘူးဆိုရင်တော့ ဒါကတော့ မဖြစ်နိုင်ဘူးပေါ့လေ၊” လို့ အဲသလို ပြောဆိုသွားပါတယ်။

မြန်မာစစ်အစိုးရဟာ စစ်မှန်တဲ့ ပြည်တွင်းပြောင်းလဲရေးနဲ့ ဒီမိုကရေစီကို လိုလားမယ်ဆိုရင် ကေအဲန်ယူ တစ်ဖွဲ့တည်းနဲ့ တွေ့ဆုံဆွေးနွေးရုံနဲ့ အောင်မြင်နိုင်မှာမဟုတ်ဘဲ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အတိုက်အခံ ပါတီတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးတယ်လို့ သူမက ဖြည့်စွက် ပြောပါတယ်။

တဆက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးအနက် စစ်အစိုးရနဲ့ စစ်ရေးအရဖြစ်စေ၊ တွေ့ဆိုဆွေးနွေးရေးမှာဖြစ်စေ သဘောထားတင်းမာခဲ့တဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (အက်စ်အက်စ်အေ) ကလည်း အခုအချိန်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးအတွက်ကို ကြိုဆိုပါတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အက်စ်အက်စ်အေ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေကို စစ်မှန်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်၊ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အက်စ်အက်စ်အေ အဖွဲ့အနေနဲ့ အမြဲတမ်း တခါးဖွင့်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက အခုလို ပြောပါတယ်။

“ ကျနော်တို့ကတော့ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အမြဲတမ်း တံခါး ဖွင့်လှစ်ထားပါတယ်၊ ကျနော်တို့ နိုင်ငံရေး ပြဿနာကိုလည်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လည်း လိုလားပါတယ်၊ ဒါကြောင့်မို့လို့ တွေ့ဆုံဆွေးနွေးဖို့ အတွက် open ဖွင့်ထားပါတယ်၊ ” လို့ ဆိုပါတယ်။

ဒါပေမဲ့ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဘက် အပစ်အခတ် ရပ်စဲဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်အစိုးရဟာ နိုင်ငံရေး ပြဿနာ ပဋိပက္ခများကို ဖြေရှင်းရာမှာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ မရိုးသားတဲ့ နည်းပရိယာယ်တွေကို သုံးလေ့ရှိတယ်လို့ သူက ဆက်ပြောတယ်။

၂ဝဝ၇ ခုနှစ်တုန်းက မြန်မာစစ်အစိုးရနဲ့ အက်စ်အက်စ်အေတို့ တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းခဲ့ပြီး တွေ့ဆုံမယ့် နေရာကို သတ်မှတ်ထားတဲ့အချိန်မှာ စစ်အစိုးရဘက်က ရောက်မလာတဲ့အတွက် မထမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် သူပုန်တွေအကြားမှာ တွေ့ဆုံဆွေးနွေးဖို့ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ထိုင်းအစိုးရက တစ်စုံတစ်ရာ တရားဝင် ကမ်းလှမ်းတာ၊ ဖိအားပေးတာ မျိုးတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး အက်စ်အက်စ်အေ စစ်ရေးခေါင်းဆောင်ကြီးတယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ယွက်စစ်ရဲ့အမြင်က “ မီဒီယာတွေ လက်လှမ်း မမှီနိုင်တဲ့ ပြည်တွင်းမှာ SSA နဲ့ KNPP ကို SPDC က နေ့တိုင်းလိုလို ထိုးစစ်ဆင် တိုက်ခိုက်နေတာဘဲ။ အထူးအဆန်းကြီး မဟုတ်တော့ဘူး။ ဒါပေမယ့် ကျနော်တို့ ဘက်တော့ တွေ့ဆုံဖို့ အမြဲတမ်း လက်ကမ်းကြိုနေသလို တကယ်တမ်း စစ်အစိုးရက ဆွေးနွေးမှု မလုပ်လိုဘဲ ချီတက်တိုက်ခိုက် လာမယ်ဆိုရင်လဲ ကျနော် တို့ဘက်က အဆင့်သင့်ပါဘဲ ” လို့ RFA ရှမ်းတိုင်းရင်းသား အစီအစဉ်ရဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကေအဲန်ပီပီ (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ) ဆိုရင် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့အတူ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ဆွေးနွေးရေးမှာ ထိုင်းအစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုထောက်ခံကြောင်းကိုလည်း ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စကို အထမြောက်၊ မမြောက်ဆိုတာကိုလည်း တိတိကျကျ မသိရသေးပေမဲ့ ပြည်သူလူထုအတွက် အကျိုးရှိမှသာလျှင် အဲဒီ အခြေအနေအပေါ် အခြေခံပြီး ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ကေအဲန်ပီပီ အထွေထွေ အတွင်းရေးမှူ ၁ ခူဦးရယ်က “ တွေ့ဆုံဆွေးနွေးမယ်၊ မဆွေးနွေးဘူးဆိုတာ အခြေအနေအပေါ်မှာ မူတည်တယ်ပေါ့နော်၊ အခု လောလောဆယ် နအဖ ဘက်ကျတော့ ဆွေးနွေးချင်တယ်လို့ ပြောတာပဲလေ တွေ့ကြမယ်ဆိုရင်လည်း တွေ့ဆုံကြမယ်လို့ သူတို့ ပြောတယ်၊ ဒါပေမဲ့ အခု အခြေအနေက သွားဆွေးနွေးရင်လည်း အခြေအနေက အဲလောက်မကောင်းဘူးလို့ ကျနော်တို့ အဲသလို ပြန်မြင်တယ်၊ တွေ့ဆုံဆွေးနွေးရင် အကျိုးရှိမလား၊ မရှိဘူးလား ဆိုတော့၊ သွားဆွေးနွေးရင်လည်း အဲဒီအတိုင်းပဲ၊ သွားမဆွေးနွေးရင်လည်း အဲဒီအတိုင်းပဲ ဘာမှ မထူးဘူး၊ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ နှစ်ဦးနှစ်ဘက်စလုံး ဆွေးနွေးဖို့ လိုအပ်တယ်ပေါ့၊ ပြန်လာပါ၊ မကြိုက်ရင်လည်း ပြန်သွားလို့ ရတာလို့ သူတို့ အဲလိုပဲ ပြောတာကိုး၊ ကျနော်တို့ဘက်က ပြည်သူလူထုတွေအတွက်လည်း အကျိုးရှိမယ်ဆိုရင် ဖြစ်တာပေါ့၊ ဒါပေမဲ့ အကျိုးမရှိဘူးဆိုရင် ဆွေးနွေးရင်လည်း အဓိပ္ပါယ် မရှိဘူးလေ၊ ဒါကြောင့်မို့လို့ အဲဒါ ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ အခြေအနေ အပေါ်မှာ မူတည်တာပေါ့ ” လို့ ပြောသွားပါတယ်။

မြန်မာစစ်အစိုးရဟာ အရင်က ကမ်းလှမ်းခဲ့ဖူးသလို ရဲဘော်ရဲဘက်တွေ၊ စစ်တပ်တွေ၊ မိသားစုတွေ ခေါ်ပြီး ကြိုက်တဲ့ နေရာမှာ ပြန်လာနေထိုင်ပါ၊ နှစ်သက်တဲ့ စီးပွားရေး ရှာဖွေဆောင်ရွက်ပါ၊ ဒီအတိုင်းပဲ ကမ်းလှမ်းမယ်ဆိုရင် မဆွေးနွေးရင် အကောင်းဆုံး ဖြစ်မယ်လို့လည်း ကေအဲန်ပီပီက ဆိုထားပါတယ်။

အမှန်တကယ်ဆိုရင် ပြည်သူတွေက သူတို့ ဒေသမှာ လွတ်လပ်စွာ သွားလာနေထို င်လုပ်ကိုင်စားသောက်နိုင်မှသာ ပြည်သူများအတွက် အကျိုးရှိမယ်လို့လည်း ဆိုပါတယ်။ ပြည်သူအတွက် အကျိုးရှိမှသာလျှင် ကေအဲန်ပီပီ အတွက်လည်း အကျိုးဖြစ်ထွန်းစေမယ်လို့ ခူဦးရယ်က ဆက်ပြောပါတယ်။

မြန်မာစစ်အစိုးရက ကြားခံညှိနှိုင်းသူမှတဆင့် ဖိတ်ခေါ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အခုချိန်ထိ ဘယ်ခရီးအထိ ရောက်နေပါပြီလဲ။ နှစ်ပေါင်း ၆ဝ ကျော် ပြည်စစ်တွင်း စစ်ဘေး၊ စစ်ဒဏ်တွေကြောင့် ဆင်းရဲငတ်မွတ်နေပြီဖြစ်တဲ့ နယ်စွန်နယ်ဖျားဒေသက တိုင်းရင်းသား ပြည်သူဘဝအတွက်ကလည်း ရင်လေးစရာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေတဲ့ ကာလပတ်လုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ့နဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ဟာ ဘယ်တော့မှ ဖြစ်လာနိုင်စရာအကြောင်း မရှိသေးဘူးလို့ သုံးသပ်ရင်း။

(စာရေးသူသည် ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာပြီး နယ်စပ်ဒေသမှာ ကြီးပြင်းလာသူ ဖြစ်သည်။)

No comments: