Wednesday, April 22, 2009

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှု လက်မှတ်ပေါင်း (၃) သိန်းခန့် ရရှိ


NEJ /၂၂ ဧပြီ ၂၀၀၉

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ သည် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံး ပြန် လည် လွတ်မြောက်ရေး အတွက် လက်မှတ်ထိုး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ လက်မှတ်ပေါင်း (၃) သိန်းခန့် ရရှိ နေပြီဟု အဆိုပါ အဖွဲ့ တွင် ဦးဆောင် လှုပ်ရှားနေသူတဦးဖြစ်သည့် ကိုတိတ်နိုင်က ပြောသည်။

ယခင်လ (၁၃) ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွတ်မြောက်ရေး အတွက် ရည်ရွယ်ကာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကင်ပိန်း (campaign) ကို စတင်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ)နဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) တို့ကနေ ကမကထပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီလိုလုပ်ရာမှာ နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်း အားလုံးနီးပါးဝင်တယ်။ ဒါ့အပြင် နိုင်ငံတကာမှာရှိတဲ့ နိုင်ငံပေါင်း (၃၂) နိုင်ငံက အဖွဲ့အစည်းပေါင်း (၂၃၀) ကျော် ကနေ လုပ်ဆောင်ခဲ့တဲ့ ကင်ပိန်း (campaign) ဖြစ်တယ်။ (၇၃) ရက် ကြာမှာဖြစ်ပြီးတော့ လာမယ့် မေ (၂၄) မှာ အဆုံးသတ်မှာဖြစ်တယ်။ အဲ့ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရတာ (၆) နှစ်ပြည့်မြောက်တဲ့ နေ့လည်း ဖြစ်တယ်” ဟု အေအေပီပီ-ဘီ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကော်မတီသည် လက်မှတ်ကောက်ယူမှုကို နိုင်ငံအရပ်ရပ်တွင် ပြုလုပ်လျက် ရှိပြီး လက်မှတ်ပေါင်း (၈၈၈,၈၈၈) ခုထိ ရရှိရန် ရည်ရွယ်ထားကာ ရရှိသည့်လက်မှတ်များကို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးပို့ပြီး အရေး ယူဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရှိ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များ ရယူသွားမည်ဟု သိရသည်။

ကိုတိတ်နိုင်က “ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေဟာ ရာဇ၀တ်သားတွေမဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုက ရေစီ ရေးနဲ့ လူ့အခွင့်အရေးလုပ်ရင်းနဲ့ လက်ရှိစစ်အစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့လူတွေပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို တိုးတက်စေချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်ပြီးတဲ့အခါမှာလည်း ဒီမိုကရေစီ ပြောင်းလဲတိုးတက်ဖို့ ဖြစ်စဉ်တွေမှာ သူတို့ပါဝင်မှုတွေလိုပါတယ်” ဟု ပြောသည်။

ယမန်နှစ်ကလည်း ကမ္ဘာအရပ်ရပ်တွင်ရှိသည့် သမ္မတဟောင်း၊ ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးသည် ကမ္ဘာနှင့် မြန်မာတွင်ရှိသည့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးပေးပို့ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားများကို ၂၀၀၈ ခု ဒီဇင်ဘာ (၃၁) မတိုင်မီ ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အရှေ့တောင်အာရှမှ နိုင်ငံ့ခေါင်းဆောင် (၂၄၀) ကျော်ကလည်း လက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီတွင် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ကို မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ၂၀၀၀ ပြည့်နှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။

No comments: