Sunday, April 26, 2009

မပေးသင့်တဲ့ အမိန့်၊ မရသင့်တဲ့ အာဏာနဲ့ မတိုးတက်သော နိုင်ငံ


စစ်အာဏာ ရှင်တွေဟာ ပြည်သူလူထု ကိုသာမက တပ်မ တော်အတွင်း မှာပင် “အမိန့်” ဆိုတဲ့ သတ်မှတ်ချက်အား သုံးချင် တိုင်းသုံး၊ ရမ်းချင် တိုင်းရမ်းကာ တပ်မတော် အရာရှိများ အား ထင်သလို ခိုင်းစေကာ နိုင်ထက်စီးနင်း ပြုမှုလျက် ရှိနေ ပါတယ်။ စစ်တပ် အရာရှိ တွေလည်း အခြေအနေ မပေးလို့သာ အောင့်အည်း သည်းခံ နေရ ပေမယ့် သူတို့လည်း ပုထုဇဉ် လူသားတွေပေမို့ အခြေအနေပေးတာနဲ့ ထုတ်ဖော်ရင်ဖွင့်လာခဲ့တာ ကြောင့် တပ်မတော် ထောက်လှမ်းရေး မှူးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့  ကိုယ်တွေ့ဖြစ် စဉ် တွေ့ကြုံခဲ့ပုံ တပိုင်းတစအား တင်ပြပေးလိုက်ရပါတယ်။

ဟိုမိန်းမှာ MTA ခေါင်းဆောင် ဘိန်းဘုရင် ခွန်ဆာဟာ ရပခတိုင်းမှူး ဗိုလ်ချုပ် တင်ထွဋ်ထံတွင် လက်နက်ချ အပ်နှံတဲ့ အခမ်းအနား ပွဲအား ပြည်တွင်း ပြည်ပ တရားဝင် သတင်းထုတ်လွှင့် နိုင်ဖို့ ဒုတိယ အကြိမ် ထပ်မံ ကျင်းပခဲ့ကြ ပါတယ်။ အဲဒီအချိန်မှာ ရှမ်းပြည်နယ်ရဲ့ အခြေ အနေ ကို အထိုက်အလျောက် တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ပြီမို့ တရားဝင် သတင်းထုတ်လွှင့်နိုင်ဖို့ ကကလှမ်းမှ ဒု-ဗိုလ်မှူးကြီး စန်းပွင့်နဲ့ ဗိုလ်မှူးအောင်လင်းထွဋ် တို့ဟာ တာဝန်ပေး ချက်အရ ဟိုမိန်းကို သွားရောက်ခဲ့ရ ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်တို့လည်း လက်နက်ချ အခမ်းအနားကို ဗွီဒီယိုမှတ်တမ်းတင် ရိုက်ကူးပြီးလို့ အနားယူမယ် ကြံကာရှိသေး ဗွီဒီယိုအခွေအား ရေးကြီးခွင်ကျယ်လုပ်ကာ ဗိုလ်မှူး အောင်လင်းထွဋ်အား အမြန်လာပေးဖို့ ကက(ကြည်း)က ညွှန်ကြားချက်ရောက်လာရာ ရဟတ်ယာဉ်နဲ့ သူတဦးတည်း အခွေကိုင်ကာ သုတ်ခြေတင် ရပါတော့တယ်။

စစ်ရုံးကို (၁၇း၃၀) ချိန် ညနေပိုင်း ရောက်သွားပြီးနောက် ကက(ကြည်း) စစ်ဆင်ရေးမှ စစ်ဦးစီး ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးသိန်းစိန် (ယခုဝန်ကြီးချုပ်) ထံကို ဗိုလ်မှူးအောင်လင်းထွဋ်က အခွေကို အပ်နှံပေးအပ်ခဲ့ပါတယ်။ ဗိုလ်သိန်းစိန်က ဗိုလ်သန်းရွှေ ရုံးခန်းသို့ အခွေဝင်ပေးလိုက်ရာ ဗိုလ်သန်းရွှေလည်း အားနေတာမို့ ချက်ချင်း ကြည့်နေတာကို သိလိုက်ရပြီးနောက် ကိုအောင်လင်းထွဋ်လည်း စိတ်လက်ပေါ့ပါးစွာနဲ့ ပြန်လာခဲ့ကာ သူ့ရုံးခန်းတွင် အနားယူနေလိုက်ပါတယ်။

(၄၅) မိနစ်ခန့်အကြာ ဗိုလ်သန်းရွှေက အခွေကို ပြန်ပေးခိုင်းပြီး ကိုအောင်လင်းထွဋ်အား ခေါ်ခိုင်းကာ အဲဒီနေ့ည MRTV (၈) နာရီ သတင်းမှာ ဒီလက်နက်ချ အခမ်းအနားအခွေကို ထုတ်လွှင့်ပြသဖို့ စေခိုင်းပါတယ်။ ကိုအောင်လင်းထွဋ်ဟာ ဗိုလ်သိန်းစိန်ကို ဒီအခွေအား ဒီအတိုင်း လွှင့်လို့မရကြောင်း၊ သတင်းရေးရပြီးမှ ထုတ်လွှင့်နိုင်မှာဖြစ်ကြောင်း ပြောဆိုရာ ဗိုလ်သိန်းစိန်က “ကိုအောင်လင်းထွဋ်ပဲ သတင်းရေးလိုက်ပါ” လို့ ထပ်ခိုင်းခဲ့ကြောင်း သိရပါတယ်။ ကိုအောင်လင်းထွဋ်လည်း သတင်းရေးသားပြီး ကွန်ပျူတာရိုက်ကာ အတည်ပြုဖို့ ဗိုလ်သိန်းစိန်ထံ တင်ပြရာ ကြည့်တောင်မကြည့်တော့ဘဲ “မင်းပဲ MRTV ကို မြန်မြန်သွားပေးလိုက်ပါ” လို့ ပြောပါတယ်။

ကိုအောင်လင်းထွဋ်ဟာ MRTV မှာ အဲဒီ မှတ်တမ်းတင် ဗွီဒီယိုအခွေကို သွားရောက် အပ်နှံခဲ့ပါတယ်။ (၈) နာရီသတင်းမှာ ထည့်ချင်ရင် ရိုက်ကူးထားတဲ့အတိုင်း တိုက်ရိုက်လွှင့်လို့မရဘဲ အများပြည်သူကြည့်ဖို့ မသင့်တော်တဲ့ တချို့ ရိုက်ကွင်း ရိုက်ကွက်တွေကို MRTV ရဲ့  မူဝါဒအရ ညွှန်ကြားရေးမှူးက စိစစ်တည်းဖြတ်ကာ (၂၀) မိနစ်ခန့် ချုံ့လိုက်ပြီး (၈) နာရီသတင်းမှာ စတင် ထုတ်လွှင့်ခဲ့ပါတယ်။

သတင်းဟာ နောက်ကျရောက်လာလို့လည်း ည (၈:၃၀) ကျမှ ကြားဖြတ် ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ လွှင့်ပြီးတာနဲ့ တပြိုင်တည်း ကိုအောင်လင်းထွဋ်ထံ ဖုန်းဝင်လာကာ ကကလှမ်း ဒု-ညွှန်ကြားရေးမှူးဗိုလ်ကျော်ဝင်းနဲ့ ဗိုလ်သိန်းစိန်တို့က “မင်းဘယ်လိုလုပ်လိုက်တာလဲ” လို့ ပြောပြီး အဘိုးကြီး (ဗိုလ်သန်းရွှေ) ဒေါသူပုန်ထနေကြောင်း၊ ရုံးခန်းထဲကို ၀င်လာတဲ့ ရေနွေးကြမ်း ငှဲ့ပေးရတဲ့ ရဲဘော်ကိုတောင် နီးစပ်ရာပစ္စည်းနဲ့ ကောက်ပေါက်နေကြောင်း၊ အဲဒီအခွေကို အစအဆုံးမပြလို့ ဒေါကန်နေကြောင်း စသဖြင့်ပြောဆိုပြီး ပြစ်တင်ကြိမ်းမောင်း ဆူပူခဲ့ကြောင်း သိရပါတယ်။

အဲဒါနဲ့ ကိုအောင်လင်းထွဋ်ဟာ ဗိုလ်မှူးအောင်မင်းနှင့်အတူ MRTV ကို ချက်ချင်း အပြေးသွားပြီး အဲဒီခွေကို အစအဆုံး ပြန်လည်ပြသဖို့နဲ့ လက်ရှိလွှင့်နေတဲ့ နိုင်ငံတကာသတင်း မလာမီကလေးပင် ကြေညာတွေထိုးနေတုန်း အင်္ဂလိပ်သတင်းနဲ့ ရောကြိတ်ကာ ဖုတ်ပူမီးတိုက် ထပ်မံလွှင့်ဖို့ စေခိုင်းရပြန်ပါတော့တယ်။

MRTV မှာတော့ ပြန်ကြားရေးဝန်ကြီိးနဲ့ ၀န်ထမ်းများဟာ မျက်စိမျက်နှာပျက် ဖြစ်ကုန်ကြသလို လုပ်ရိုးလုပ်စဉ် အတိုင်း ဗွီဒီယိုအခွေအား မလိုအပ်တာတွေ ဖြတ်တောက် စိစဉ်ရတဲ့ကိစ္စအပေါ် ရေးကြီးခွင်ကျယ်လုပ်တာမို့ စိတ်လက်မချမ်းမသာ ဖြစ်ကြရပါတယ်။ ကိုအောင်လင်းထွဋ်တို့လည်း စစ်ရုံးကို ခပ်ကုပ်ကုပ်လေး ပြန်လာခဲ့ရ ပါတယ်။

ကိုအောင်လင်းထွဋ် စိတ်ထဲမှာတော့ တပ်မတော်ရဲ့  အကြီးဆုံးလူနဲ့ ထိပ်တိုက် ပြဿနာ ဖြစ်နေတာမို့ ကယ်မယ့်သူလည်း မရှိနိုင်တော့တာကြောင့် “ထောင်သား” ၀တ်စုံ အဖြူရောင်ကိုတော့ မ၀တ်တန်ရကောင်းရဲ့ဟု ညည်းတွားကာ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ကြောင်း သိရပါတယ်။

ကိုအောင်လင်းထွဋ်ဟာ စစ်ရုံး ဆင်ဝင်အောက်ရောက်တော့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ကျော်ဝင်းတို့ကို တည့်တည့်တိုးမိကာ ဗိုလ်သန်းရွှေရဲ့  မျက်ထောင့်နီကြီးနဲ့  ဒေါသတကြီး မျက်စောင်းတချက်ထိုးတာကို ခံလိုက်ရပြန်ကြောင်း သိရပါတယ်။ နောက်ပိုင်း ဗိုလ်ကျော်ဝင်းက အဘိုးကြီးကို မနည်း အကြောလျှော့ပေးလိုက်ရကြောင်း၊ MRTV မူဝါဒနဲ့ မနည်းအကြောင်းပြရကြောင်း၊ အဲဒီသတင်းကြောင့် နအဖရဲ့  နိုင်ငံရေးအမြတ်ထုတ်မှု အကျိုးရလဒ်များ ရရှိနေလို့သာ အဖိုးကြီးက စိတ်ပြေသွားဟန်တူကြောင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်မှာ (၈) နာရီသတင်းကို ကြည့်နေတဲ့ ပြည်သူလူထုဟာ နိုင်ငံတကာသတင်းကို ကြည့်ချင်လို့ စောင့်ကြည့်နေရာက ခွန်ဆာရဲ့  လက်နက်ချ သတင်းကိုသာ နှစ်ခါ ထပ်ကြည့်ရတာမို့ စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ အာဏာရှင်ပီသစွာ ဗိုလ်သန်းရွှေဟာ ငါ လုပ်ချင်သလို လုပ်မယ်၊ လုပ်လို့ရတယ်ဆိုတဲ့ ဟန်မျိုးနဲ့ ပြည်သူကို မထီမဲ့မြင် လုပ်ခဲ့ပါတယ်။ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ ဇောကလည်း ငယ်ထိပ်မှာ ဆောင့်တက်နေတာ တွေ့ရမှာဖြစ်ပါတယ်။

ဗိုလ်သန်းရွှေကတော့ နိုင်ငံတကာနဲ့ ပြည်သူတွေကို ခွန်ဆာရဲ့ လက်နက်ချ သတင်းအား အဲဒီလို မော်ကြွားပြသကာ ထုတ်လွှင့်ခိုင်းခဲ့ပေမယ့် တကယ်တမ်း ပြည်သူတွေကတော့ (၈) နာရီ သတင်းခေါင်းစဉ်တွေကို အကြမ်းဖျင်း ကြည့်လိုက်ပြီးမှ တီဗွီခလုတ်ကို ပိတ်လိုက်ကြကာ မြန်မာနိုင်ငံရဲ့  ပေါ်လစီသတင်းများအား စိတ်ဝင်စားမှု မရှိကြောင်း တွေ့ရပါတယ်။ စစ်အာဏာရှင်တွေရဲ့  အပ်ကြောင်းထပ်နေတဲ့ မူဝါဒတွေကို ပြည်သူတွေက ငြီးငွေ့လွန်းလို့ နိုင်ငံတကာ သတင်းတွေကိုသာ စောင့်မျှော် ဖွင့်ကြည့်ကြတာ တွေ့ရှိရပါတယ်။

တကြိမ်မှာတော့ အစည်းအဝေးတခုတွင် ဗိုလ်သန်းရွှေက “ငါတို့လမ်းတံတား တည်ဆောက် ပြုပြင်ရေး သတင်းတွေ ကို ပြည်သူတွေ စိတ်ဝင်တစား ကြည့်ကြတယ်မဟုတ်လား” လို့ တီးခေါက်မေးကြည့်တော့ ဗိုလ်သန်းရွှေရဲ့ တပည့်ရင်း ဗိုလ်ချုပ်တယောက်က ရီသလို နောက်သလိုနဲ့ တရုတ်ကား၊ ကိုရီးယားကားနဲ့ နိုင်ငံတကာသတင်းတွေကိုသာ စိတ်ဝင် စားကြလို့ တီဗွီခလုတ်ကို ဖွင့်လိုက်ပိတ်လိုက်နဲ့ လုပ်နေကြတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်သန်းရွှေက ပြည်သူတွေ စိတ်ဝင်တစားကြည့်ကြတဲ့ ကိုရီးယားကားလိုမျိုးနဲ့ တရုတ်ကားတွေမှာ ၀ါဒဖြန့်ချိရေးတွေကို ကြားဖြတ်ထည့်ဖို့ ဇွတ်အတင်း ခိုင်းစေခဲ့ပါတယ်။ ဇာတ်ကား ကောင်းခန်းရောက်တာနဲ့ ပေါ်လစီတွေ ကြားဝင်ပြသနေလို့ ပြည်သူတွေရဲ့  ရွံ့ မုန်းစိတ်ပျက်စရာ ဖြစ်နေခဲ့ပါတယ်။

အမှန်စင်စစ် ဗိုလ်သန်းရွှေဟာ ခွန်ဆာလက်နက်ချတဲ့ ဗွီဒီယိုခွေတွေကို အစအဆုံး ပြသဖို့ မူလကတည်းက တပါတည်း အမိန့်ပေးဖို့ ပျက်ကွက်ခဲ့တာ တွေ့ရပါတယ်။ စစ်အာဏာရှင်တွေအနေနဲ့ တသွေး၊ တသံ၊ တမိန့်တွေကို ပေးရသည် ဆိုသော်လည်း မပေးခင် မိမိရဲ့ လိုလားချက်ဟာ မိမိချမှတ်ထားတဲ့ မူဝါဒ၊ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ ဆိုတာကို ချင့်ချိန်မှုမှာ အားနည်းနေတာကို အမြဲတွေ့နေရပါတယ်။

MRTV ရဲ့ မူဝါဒအရ သတင်းများဟာ အများပြည်သူတို့ ရှေ့မှောက်ကို ပြသရတာဖြစ်လို့ မသင့်တော်တဲ့ တချို့ရိုက်ကွက်တွေကို ဖြတ်တောက်ပစ်ရမယ်ဆိုတဲ့ မူဝါဒမျိုးရှိတာ သိလျက်နဲ့ နိုင်ငံ့ခေါင်းဆောင် မပီသစွာ ဗိုလ်သန်းရွှေက ဖောက်ဖျက်ခဲ့ပါတယ်။ ဗိုလ်သိန်းစိန် ကိုယ်တိုင်ကလည်း တာဝန်ယူစိစစ်ပေးတာမျိုး၊ ကာကွယ် ပြောဆိုပေးတာမျိုး မရှိခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် တပ်မတော်အရာရှိ အများစုနဲ့ ၀န်ထမ်းတွေဟာ ဒီလို အာဏာရှင်တွေရဲ့  နိုင်ထက် စီးနင်း လုပ်ရပ်တွေကို ခါးစည်းခံနေရပြီး စိတ်ဒုက္ခရောက်နေရတာမျိုး ကြုံတွေ့နေကြရကြောင်း ဖြစ်ရပ်မှန်တစ်ခုအား အလျဉ်းသင့်လို့ တင်ပြလိုက်ရပါတယ်။

No comments: