Tuesday, April 28, 2009

ကျေးရွာဥက္ကဋ္ဌနှင့် အာဏာပိုင်များက ရွာသားကို အမှုဆင်ပြီး ပစ္စည်းများသိမ်းယူ

ရိုးမ ၃

ကျေးရွာ ဥက္ကဋ္ဌနှင့် ရဲစခန်း အာဏာပိုင် တို့ ပူးပေါင်း၍ ရွာသားဖြစ်သူ ကိုဇော်မင်းသိန်းကို ဖမ်းဆီးကာ ခိုးမှုဖြင့် တရား စွဲဆိုပြီး ၎င်းပိုင်ဆိုင် သည့် ပဲများကို သိမ်းယူ သွားခဲ့သည့် အတွက် ကာယကံ ရှင်မိသားစုမှာ ဒုက္ခရောက်နေ ရသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မြပဲခူးရွာမှ ကျေးရွာ ဥက္ကဋ္ဌ ဦးနီကွေးနှင့် ကညွှတ်ကွင်း ရဲစခန်း တာဝန်ရှိ သူများက ရွာသား ကိုဇော်မင်းသိန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့က ၎င်းရိတ်သိမ်း ထားသည့် ပဲများကို သက်သေခံ အဖြစ်သိမ်းကာ လူကိုပါ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်း ဆွေးမျိုး နီးစပ်သူ တဦးက ပြောသည်။

“ဇော်မင်းထွန်းက သူစိုက်ထားတဲ့ ပဲကို သူရိတ်သိမ်းတာကို တခြားရွာက အမျိုးသမီးတယောက်က တရားလိုလုပ်ပြီး တိုင်လို့ သူ့ကို ခိုးမှုနဲ့ဖမ်းတယ်၊ နှုတ်ထားတဲ့ ပဲတွေကိုလဲ လှည်းနဲ့တိုက်ပြီး သိမ်းသွားတယ်၊ အဲဒါကို သက်သေခိုင်ခိုင်လုံလုံနဲ့ (မယက)ဥက္ကဋ္ဌကိုပြောတော့ (မယက)က အာမခံထားလို့ သူ့ကို အချုပ်ထဲကတော့ လွှတ်လိုက်ပြီ ဒါပေမဲ့ ဖြူးမြို့နယ်တရားရုံးမှာတော့ ရုံးတင်ထားတယ်” ဟု အဆိုပါဆွေမျိုးက ပြောသည်။

မြပဲခူးကျေးရွာဥက္ကဋ္ဌက ကိုဇော်မင်းသိန်းအား (၁) လပိုင်း (၁၇) ရက်နေ့တွင် (ရယက) ရုံးသို့ ခေါ်ယူကာ ရဲစခန်းမှ တားမြစ်စာ ပေးပို့လာသည့်အတွက်ကြောင့် ပဲများကို မရိတ်သိမ်းရန် လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ကာယကံရှင်ကို ဇော်မင်းသိန်းက ပြောသည်။

“ကျနော် ပဲနှုတ်တော့ ကညွှတ်ကွင်းရဲစခန်းက ရဲလေးယောက်နဲ့ ဥက္ကဋ္ဌက ကျနော့်ကို လာဖမ်းသွားတယ်၊ ဟိုရောက်တော့ စခန်းမှူးက မင်း သူများပဲကို ခိုးတယ်ပြောတော့ ကျနော်က မခိုးဘူး၊ ကျနော်ပဲကျနော်နှုတ်တာလို့ ပြောတာ လိမ်တယ်ဆိုပြီး အချုပ်ထဲကို ပို့ထားလိုက်တယ်၊ အချုပ်ထဲမှာ (၄၈) ရက် နေလိုက်ရတယ်၊ အဲဒီ စိုက်ထားတဲ့အထဲက ငါးဧက နှုတ်ထားတာကို အကုန်လုံး လှည်းနဲ့တိုက်ယူသွားတာ” ဟု ဆိုသည်။

ယင်းကဲ့သို့ တရားလိုလုပ် တိုင်တန်းသူမှာ ပဲနွယ်ကုန်းကျေးရွာမှ ဖြစ်ပြီး တခါမှ သိကျွမ်းခြင်းမရှိသည့်အပြင် ယခုစိုက်ပျိုးထားသည့် လယ်မြေမှာလည်း ကိုဇော်မင်းနာမည်ဖြင့် ၂၀၀၂ ခုနှစ်ကတည်းက ဂရမ်ပေါက်ထား၍ ပုံမှန် အခွန်ဆောင်ထားသည့် မြေဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ကျနော့်နာမည်နဲ့ ဂရမ်ပေါက်ထားတာ ၂၀၀၂ ခုနှစ်ကတည်းက ပေါက်ထားတာ၊ စုစုပေါင်း (၁၂) ဧကရှိတာ၊ အခုဖြစ်တာက ရွာလူကြီးက အဲဒီအမျိုးသမီးနဲ့ပေါင်းပြီး ပိုက်ဆံယူပြီး ကျနော့်ကို ဒီလိုလုပ်လိုက်တာလို့ ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ တရားလို ဒေါ်သန်းမြင့်ဆိုတဲ့ အမျိုးသမီးကိုလဲ မသိဘူး၊ သူက ပဲနွယ်ကုန်း၊ ကျနော်က ဖြူးမြို့နယ် မြပဲခူးရွာမှာနေတာ” ဟု ကာယကံရှင် ကိုဇော်မင်းသိန်းက ဆက်လက်ပြောသည်။

ထိုကဲ့သို့ အမှုဖြစ်ပွားသည့်အတွက် ကုန်ကျစရိတ် (၁၀) သိန်း ဝန်းကျင်ခဲ့ရှိခဲ့ပြီး နွားနှင့်လှည်းကို ရောင်းလိုက်ရသည့်အပြင် သက်သေခံအဖြစ် သိမ်းသွားသည့် ပဲများကိုလည်း ပြန်မရသေးကြောင်း ပြောသည်။

“အဲဒီ စိုက်ထားတဲ့အထဲက ငါးဧက နှုတ်ထားတဲ့ ပဲကို အကုန်လုံး လှည်းနဲ့တိုက်ယူသွားတာ၊ ပြီးတာ့ တခြားရွာက တလင်းထဲပြောင်းနယ်ပြီး အဲဒီမိန်းမကို ပေးလိုက်တယ်၊ အခု (ရယက)ဥက္ကဋ္ဌက ဇော်မင်းသိန်းမိန်းမကို ပဲ ၃၅ တင်းပေးမယ်၊ ဘယ်ကိုမှ မတိုင်ပါနဲ့ဆိုပြီး ပြောတယ်” ဟု ဆွေးမျိုးနီးစပ်သူတဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကိုဇော်မင်းသိန်းက ကျေးရွာဥက္ကဋ္ဌ ဦးနီကွေးအား အရေးယူဆောင်ရွက်ပေးရန် ရဲတပ်ဖွဲ့မှူးထံ ယခုလ (၂၂) ရက်နေ့ကတည်းက တိုင်တန်းထားသော်လည်း ယနေ့အထိ တစုံတရာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ကိုဇော်မင်းသိန်းက ပြောဆိုသည်။

No comments: