Tuesday, April 21, 2009

စစ်တပ်က မြေယာတွေသိမ်းယူဟု တိုင်းရင်းသား လူငယ်အဖွဲ့များ ထုတ်ပြန်

သန်းထိုက်ဦး Tuesday, 21 April 2009

စစ်အစိုးရက စစ်တပ်များ နေရာချထားရေး အတွက် တိုင်းရင်းသား ပြည်နယ် ၃ ခု ရှိ ဒေသခံ ပြည်သူများ ပိုင်ဆိုင်သော မြေယာများကို သိမ်းယူနေကြောင်း တိုင်းရင်းသား လူငယ်အဖွဲ့သုံးဖွဲ့က ယနေ့ပြောဆိုလိုက်သည်။

အဆိုပါ မြေယာသိမ်းမှုနှင့်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(AASYC) ၊ တိုးတက်သော မွန်လူငယ်အစည်းအရုံး(MYPO)နှင့် ပအိုဝ်း လူငယ်အစည်းအရုံး(PYO) တို့က ပူးပေါင်း၍ “ကျွန်ုပ်တို့၏ မြေယာများကို သိမ်းပိုက်ထားခြင်း”ဟူသော ခေါင်းစဉ်ဖြင့် အစီအရင်ခံစာ ထုတ်ပြန် ၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center – IC ခန်းမတွင် ယနေ့ ပြုလုပ်သည်။

ယင်းအစီရင်ခံစာကို တာဝန်ခံရေးသားသူ ကိုအောင်မင်းဦးက“ကျနော်တို့ ဒီထုတ်ပြန်ချက်ထဲမှာ မြေတွေ အသိမ်း ခံရတာ ဧက တသိန်းလောက်ရှိပြီဗျာ၊ အသိမ်းခံရတာ ဧက တသိန်းဆိုတာ ကျနော်တို့ ရခိုင်ပါမယ်၊ မွန် ပါ မယ်၊ နောက် ဒီ ပအိုဝ်းပေါ့ ရှမ်းပြည်နယ် တောင်ပိုင်းဘက်တွေ မှာ မျက်မြင်သက်သေများနဲ့ စုစည်းထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အဖွဲ့ ၃ ဖွဲ့မှ ပြုစုထားသော အစီရင်ခံစာတွင် ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ်နှင့်ရှမ်း ပြည်နယ် တောင်ပိုင်း ပအိုဝ်းဒေသများမှ ဖြစ်ရပ်များကိုသာ အလေးပေးတင်ပြထားကြောင်း၊ ဤဒေသများအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို သတင်းမီဒီယာများတွင် အလေးပေးတင်ပြသည်ကို မတွေ့ကြရသောကြောင့် ယခုကဲ့သို့ စုစည်း တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီဒေသ ၃ ခုက သဘာဝအရင်းမြစ်များ ပေါကြွယ် ၀ပြီး ၊ ဇီဝမျိုးကွဲတွေ စုံလင်ကြတယ်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ဆက်လက် တည်ရှိနေတဲ့အတွက် ကြောင့်လည်း မြန်မာစစ်အစိုးရက ဒီဒေသအတွင်းမှာ စစ်တပ် အင်အား တိုးချဲ့ချထားတာတွေ၊ အဓမ္မမြေယာသိမ်း ပိုက်မှုအများအပြား ဆက်လုပ်နေကြတယ်။ ဒါတင်မကဘူး စီးပွားရေးအကျိုးအမြတ်အတွက်လည်း သဘာဝ အရင်းမြစ်တွေကို ထုတ်ယူအသုံးချနေကြတယ်”ဟုလည်း အစီရင်ခံစာတွင် ကိုအောင်မင်းဦးက ပြောဆိုထားသည်။

ယင်းအကျိုးဆက်များကြောင့် မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူများမှာ မိမိတို့၏ ဘ၀ တိုးတက် ကောင်းမွန်ရေးအတွက် အဆင်ပြေသည့် နေရာများတွင် ရွှေ့ပြောင်းနေကြရကြောင်းလည်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရွာသား တဦးကလည်း“စစ်တပ် တွေ ဒီနေ ရာတွေမှာ အခြေလာပြုတာ စစ်ပွဲတွေဆင်နွှဲဖို့ မဟုတ်ပါဘူး။ ရခိုင်ကမ်းရိုးတန်းမှာ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ထုတ် ယူဖို့လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အစောင့်အရှောက်ပေးဖို့ အတွက်ပဲဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ယခုလဆန်းပိုင်းတွင် လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မဲခေါင်မြစ်ဘေး တလျှောက်တွင် တရုတ်ကုမ္ပဏီ တခုမှ ရာဘာစိုက်ပျိုးရေး စီမံကိန်းကြောင့် ဒေသခံများ၏ ဘိုးဘွားပိုင် လယ်ယာ မြေများ ဆုံးရှုံးကာ အလုပ်အကိုင်များလည်း အခက်အခဲဖြစ်သည့် အစီရင်ခံစာတခုကိုလည်း ထုတ်ပြန်ခဲ့သည်။

No comments: