Wednesday, April 29, 2009

ကုသရေးညံ့ဖျင်းမှုနှင့် အခမဲ့ဆေးကုသခွင့် မရရှိခြင်းကြောင့် လူနာများ မသေသင့်ဘဲ သေနေရ

ဖြိုးကြီး Wednesday, 29 April 2009

ဇီးကုန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီး တွင် အခမဲ့ ဆေးကုသ ခွင့် အစီအစဉ်များ ရှိသော်လည်း တကယ်တမ်း လက်တွေ့တွင် ကုသခွင့် မရသည့် အပြင် ဆေးရုံအုပ် ဆရာဝန်ကြီး ၏ ကုသရေး ညံ့ဖျင်းမှုနှင့် လူနာများ အပေါ် ဆက်ဆံရေး မကောင်းခြင်း တို့ကြောင့် မသေ သင့်ဘဲ သေဆုံး နေရမှုများ ရှိနေသည်။

ဇီးကုန်းမြို့နယ်ဆရာဝန်မကြီး ဒေါ်သန်းသန်းဦးသည် မြို့နယ်ရှိ ဆင်းရဲချို့တဲ့သူများအတွက် အခမဲ့ဆေးကုသခွင့်ပြုနိုင်ရန် ငွေပဒေသာပင် စိုက်ထူထားပေးသော်လည်း လူနာများကို ကုသပေးခြင်းမရှိသည့်အတွက်ကြောင့် ငွေကြေးမတတ်နိုင်သူ များမှာ အသက်ဆုံးရှုံးနေရကြောင်း မြို့ခံများက ပြောသည်။

“ဆင်းရဲချို့တဲ့သူ ကလေးသူငယ်တွေကို ပဒေသာပင်ထဲက ငွေနဲ့ ကုသရမဲ့အစား သူတို့က ဟိန်းဟောက်တာလဲ ခံရတယ်၊ ငွေလဲ ကုန်ကျခံရတယ်၊ အသက်လဲ ဆုံးရှုံးခဲ့ရတယ်၊ စေတနာနဲ့လဲ ဘယ်တုန်းကမှ ပြုစုကုသမပေးဘူး” ဟု မြို့ခံတဦးက ပြောသည်။

လွန်ခဲ့သည့်လပိုင်းအတွင်းကလဲ ကိုယ်ဝန်ဆောင်မိခင်တဦး ကျန်းမာရေးမကောင်းသည့်အတွက် ဆေးရုံသို့ တတ်ရောက် ကုသရာ ဆက်ဆံရေးနှင့် ကုသရေးညံ့ဖျင်းမှုတို့ကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရသည်ဟု ပြောသည်။

“စက်ဘီးဆိုင်က ကောင်လေးရဲ့ မိန်းမက ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဝမ်းသွားတော့ ဆေးရုံတတ်တာ ဗိုက်ထဲက ကလေးကလဲ မလှုပ်တော့ ဆရာဝန်မကြီးကိုပြောတော့ ဝမ်းသွားတာကို ပြတာလား၊ ကိုယ်ဝန်ကိစ္စကိုပြတာလား ဆိုပြီး လုပ်တာ၊ အဲဒီမှာတင် မိခင်ရော ကလေးပါ အဖက်မတင်ဖြစ်သွားတာ” ဟု ပြောသည်။

ဇီးကုန်းမြို့နယ်ဆေးရုံတွင် လွန်ခဲ့သည့် လေးငါးနှစ်ခန့်ကတည်းက ငွေကြေးမတတ်နိုင်သူများကို အခမဲ့ ဆေးကုသခွင့်ရရန် အတွက် ငွေသိန်း ၂၀ ခန့်ကို မြို့နယ်က ငွေပဒေသာပင် စိုက်ထူထားပေးခဲ့သော်လည်း ငွေကြေးမတတ်နိုင်ပါက ဆေးကုသခွင့်မရရှိသည့် အခြေအနေကို ရောက်နေသည်ဟုဆိုသည်။

“မနေ့ကတောင် ရေစည်လှည်းတွန်းတဲ့သူ မွေးဖို့ ဆေးရုံကိုသွားပြတော့ သုံးသောင်းခွဲတောင်းတယ်၊ အဲဒါပေးစရာလဲ မရှိတော့ ရဲစခန်းကို ဖုန်းဆက်အကူညီတောင်း ပြောပြတော့ စခန်းက သူတို့တင်ပေးမယ်ဆိုပြီး လုပ်ပေးလိုက်လို့ အဆင် ပြေသွားတာ၊ ဒီနေ့ပဲ ဆေးရုံက ဆင်းရမယ့် လူနာတယောက်လဲ ဆေးရုံးက ဂရုစိုက်မှုညံ့ဖျင်းလို့ ဆုံးသွားရတယ်၊ ဇီးကုန်း ဆေးရုံက တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်နေပြီ” ဟု မြို့ခံက ပြောသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

No comments: