Saturday, April 25, 2009

ကလေးစစ်သားအသုံးပြုမှုစာရင်း ပယ်ဖျက်ပေးရန် ကရင်နီတောင်းဆို

ခွန်အောင်မြတ်။

ကရင်နီ တပ်မတော်တွင် ကလေး စစ်သား အသုံးပြုမှု စာရင်းကို ကုလသမဂ္ဂမှ ပယ်ဖျက်ပေး ရန် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအဲန်ပီပီ)က ကြေညာ ချက်တစောင် ထုတ်သည်။

ယခုလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်နှင့်ပတ်သက်၍ ကေအဲန်ပီပီ အထွေထွေအတွင်းရေး မှူး ခူးဦးရယ်က ယခုလို ပြောသည်။

“မကြာမီမှာ ကြားရတဲ့ သတင်းအရကတော့ ယူအဲန်မှာ စစ်ရေးပဋိပက္ခမှာ ကလေးတွေရဲ့ အနေ အထားနဲ့ ပတ်သက်ပြီးတော့ သူတို့ ဒီဘိတ်လုပ်ဖို့ ရှိနေတဲ့အပေါ်မှာ ကျနော်တို့လည်းပဲ အရင်တုန်းက ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့၊ အထူးသဖြင့်ပေါ့လေ တချို့ဒေသတွေ မှာ ကျနော်တို့ ကလေးတွေကို စစ်မြေပြင်မှာ ပေါ်တာအဖြစ် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက် တချို့တွေ ရှိတဲ့အနေအထားအပေါ်မှာ နောက်ပြီးတော့ ကျနော်တို့ ကလေးစစ်သားအသုံးပြုတဲ့ စာရင်းထဲမှာ ကရင်နီတပ်မတော် ကနေပြီးတော့ ပါနေတဲ့အတွက်ကြောင့်မို့လို့ ကုသမဂ္ဂ အတွင်းရေး မှူးချုပ်ဆီကို ကျနော်တို့ အမည်စာရင်း ပယ်ဖျက်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုထားတဲ့ အနေအထား အောက်မှာ ကျနော်တို့ အနေနဲ့ အက်ရှင်တခုမှ မတွေ့ရတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့ နောက်ထပ် ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ အရေးတယူဖြစ်လာအောင်လို့ ဒီကြေညာချက်ကို ထုတ်ရခြင်းဖြစ်တယ်။”

ကရင်နီတပ်မတော်ထဲတွင် ကလေးစစ်သား အသုံးမပြုရန် မူပေါ်လစီတရပ် ချထားပြီး လက်ရှိအနေထားလည်း ကလေးစစ်သား မရှိတော့ကြောင်း၊ စစ်ရေးပဋိပက္ခအောက်တွင် မည်သည့်ကလေးမျိုးကိုမှ ပေါ်တာအဖြစ် ခိုင်းစေ ခြင်း၊ စစ်သားအဖြစ် အသုံးပြုခြင်း၊ စစ်တွင်းသို့ သွတ်သွင်းခြင်း မလုပ်တော့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

“လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်လောက်ဆိုရင် ကျနော်တို့ တရာ၊ နှစ်ရာ ၀န်းကျင်လောက်တော့ ရှိခဲ့တယ်။ အဲဒီအနေအထားအောက်မှာ ကလေးအတော်များများကို စာသင်ကျောင်းကို ပြန်ပို့တာတွေ ရှိတယ်။ နောက်ပြီးတော့ စာသင်ကျောင်းကို တခါမှမရောက်ဖူးတဲ့ ကလေးတွေကျတော့ ၁၃၊ ၁၄၊ ၁၅ အရွယ် စာသင်ကျောင်းကို သွားဖို့ ရှက်ကြောက်တဲ့အခါကျတော့ မသွားဘူး။ အဲလို မသွားတဲ့လူ တွေကျတော့ ကျနော်တို့ နောက်ပိုင်းမှာ ကျနော်တို့ အသုံးချလို့ရတဲ့နေရာ ဥပမာ ဆိုပါတော့ဗျာ နောက်တန်းစခန်း ကင်းစခန်း တွေမှာ စောင့်ရတာမျိုးတွေ၊ ရုံးမှာ ရုံးလုလင်အနေနဲ့ စာပို့တာမျိုး၊ သန့်ရှင်းရေး လုပ်တာမျိုးတွေ သို့တည်းမဟုတ် ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ဘော်ဒီကဒ်အနေနဲ့ အသုံးပြုတာမျိုး တွေ စသဖြင့်ပေါ့ နည်းပေါင်းစုံနဲ့ ကျနော်တို့ အသုံးပြုတာမျိုးတွေ ရှိပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၀၇ ခုနှစ် ကလေးစစ်သားအသုံးပြုမှု အစီရင်ခံစာတွင် မြန်မာစစ်အစိုးရအပြင် အပစ်ရပ်အဖွဲ့ဖြစ်သည့် ဒီကေဘီအေ၊ ကေအိုင်အေ၊ ကေအဲန်ပီ အယ်လ်အက်ဖ်နှင့် တိုင်းရင်းသား လက်နက် ကိုင်များဖြစ်ကြသည့် ကေအဲန်ယူ၊ ကေအဲန်ပီပီ နှင့် အက်စ်အက်စ်အေ တပ်ဖွဲ့တို့လည်း ကလေးစစ်သား အသုံးပြုမှု ရှိသည်ဟု ထုတ်ပြန်ပါရှိသည်။

ယင်းကြေညာချက်ကို ကေအဲန်ပီပီနည်းတူ အက်စ်အစ်အေနှင့် ကေအဲန်ယူတို့ ၎င်းတို့ ကလေးစစ်သား အသုံးပြုမှု မရှိတော့ကြောင်း ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကို လာရောက်စုံစမ်းစစ်ဆေးရန်း ဖိတ်ခေါ်ခဲ့သည်။

ကလေးစစ်သားအသုံးပြုမှု စာရင်းမှ ပျက်ဖျက်ပေးရန် ကေအဲန်ပီပီက ယခုနှစ် ဖေဖော်ဝါရီလတွင် တကြိမ် တောင်းဆိုခဲ့သေးသည်။


No comments: