Wednesday, April 29, 2009

ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ


NEJ /၂၉ ဧပြီ ၂၀၀၉

နိုင်ငံခြား တင်ပို့ရန် ဆန်ဝယ်ယူနေ မှုများကြောင့် ဆန်ဈေး နှုန်းများ တရိပ်ရိပ် မြင့်တက်လာ နေကြောင်း ဘုရင့်နောင် ဆန်ပွဲရုံ တခုမှ ကုန်သည်ကြီး တဦးက ပြောသည်။

၎င်းက “ဒီနေ့ ဧပြီ (၂၉) ရက်ဆို ဆန်ကြမ်းဈေးက တအိတ် ကျပ် (၁၃,ဝဝဝ) ကိုရောက်လာပြီ။ တချို့ တအိတ် (၁၃,၅ဝဝ) လောက်နဲ့ စရောင်းနေပြီ။ ဆန်ကြမ်းဈေးတက်တော့ ထုံးစံအတိုင်း ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းမွှေး ဈေးနှုန်းလည်း တအိတ်ကို ကျပ် (၃,ဝဝဝ-၄,ဝဝဝ) အထိ လိုက်တက်လာတယ်။ အဓိကကတော့ ဆန်စပါးကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက နိုင်ငံခြားပို့ဖို့ (၂၅) မှတ် ဆန်တွေ သိမ်းကျုံးဝယ်နေလို့ဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန် စပါးဈေး၊ ဆန်ဈေး အလွန်အမင်း ကျဆင်းနေသည့်အချိန်မှစပြီး ဆန် နိုင်ငံခြားတင်ပို့ခွင့်ပြုခဲ့ကာ စည်းကမ်းချက်နှင့် ကိုက်ညီပါက မည်သူမဆို ဆန်တင်ပို့ခွင့်ပါမစ် ချပေးမည်ဟု ကြေညာခဲ့သည်။

လက်တွေ့တွင်မူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ဆန်စပါး ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ကဲ့သို့ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများသာ ပါမစ် လွယ်လွယ်ကူကူရပြီး အလျင်အမြန် တင်ပို့နိုင်ကာ အကျိုးအမြတ် များစွာရရှိခဲ့ကြောင်း ဆန်ကုန်သည်များကပြောသည်။

ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်၌ တန်ချိန် (၃) သိန်း (၆) သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ၂ဝဝ၈- ၂ဝဝ၉ ခုနှစ်တွင်မူ အဆိုပါ ပမာဏထက် ပိုမိုများပြားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာအထိ တန်ချိန် (၂) သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

နာဂစ်မုန်တိုင်း ကာလအတွင်း သိုလှောင်ထားသည့် ဆန်စပါးပျက်စီးမှု၊ လယ်ယာပျက်စီးမှုတို့ ရှိခဲ့သော်လည်း ကူညီထောက်ပံ့ရေး အတွက် လိုအပ်သည့်ဆန်များကို နိုင်ငံခြားက တင်သွင်းခဲ့ခြင်း၊ ဆန်တင်ပို့ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့ခြင်း၊ ဆန်လုပ်ငန်း ရှင်များနှင့် ပြည်သူများကလည်း ဆန်စပါး မသိုလှောင်ကြတော့ခြင်း စသည့်အချက်များကြောင့် ဆန်စပါးဈေးနှုန်းများ ကျဆင်းသွားကာ နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း ကော်မတီဝင် ဆန်ကုန်သည်တဦးက ပြောသည်။

“ဒါပေမယ့် အစိုးရနဲ့ တခြားမည်သူတစုံတယောက်မှာမှ မြန်မာနိုင်ငံ ဆန်စပါးထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု စတဲ့ ကိန်းဂဏန်း တိတိကျကျ မရှိတာကြောင့် တန်ချိန်ဘယ်လောက် နိုင်ငံခြားတင်ပို့နိုင်မယ် ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။ ဈေးတက်ပြီး ဈေးကွက်ထဲ ဆန်ပြတ် လတ် တဲ့ ပြဿနာတွေပေါ်လာမှ ဆန်တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရတာမျိုး အကြိမ်ကြိမ် ကြုံရဖူးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နအဖစစ်အစိုးရ စီမံဘဏ္ဍာဌာန အရာရှိများကမူ လာမည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် (၁) သန်းခွဲအထိ တင်ပို့မည်ဟု ပြီးခဲ့သည့် ဧပြီ (၂၄)၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတခုတွင် ထုတ်ဖော်ပြောဆိုသည်။

ယခုကဲ့သို့ လက်ကားဈေးကွက်တွင် ဆန်ဈေးများ တက်လာသော်လည်း လက်လီဈေးကွက်တွင်မူ ပြည်သူများ ဝယ်မစား နိုင်လောက် သည့် အခြေအနေထိ ရောက်မလာသေးကြောင်း စုံစမ်းသိရသည်။

No comments: