Thursday, April 23, 2009

အချိန်မဟုတ် မြစ်ရေကြီးမှုကြောင့် ခရီးသည်များ ဒုက္ခတွေ့

ကွန်းဟဒေ့

လှေလမ်း မပေါက်သေး ချိန်တွင် အချိန်အခါ မဟုတ် မြစ်ရေကြီး ခြင်းကြောင့် ခါတိုင်း နှစ်ထက် စောစီးစွာ ကားလမ်း ပျက်သဖြင့် ခရီး သည်များ အတွက် ဒုက္ခများစွာ ကြုံတွေ့ ခဲ့ရသည်။

“တကယ်လို့ လှေလမ်းပေါက်နေတယ်ဆိုရင်တော့ အခက်ခဲမရှိဘူး၊ အခုက လှေလမ်းမပေါက်သေးပဲနဲ့ ကားလမ်းက ပျက်တယ်ဆိုတော့ တော်တော်ဆိုးတာပေါ့၊ တကယ်လို့ မြစ်ရေက ထပ်ကြီးလာမယ်ဆိုရင်တော့ လှေလမ်းကနေ ကုန်ပစ္စည်းသွင်းနိုင်ဖို့ တလလောက်စောင့် ရမယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ယခင်နှစ်များတွင် မိုးရာသီနှင့်နီးသော မေလလကုန်နှင့် ဇွန်လဆန်းများတွင် မိုးရွာသွန်း၍ လမ်းပျက်မှုကြောင့် ကားခဈေးနှုန်းများ တက်ခြင်း နှင့် ခရီးကြန့်ကြာခြင်းများ ဖြစ်လေ့ရှိခဲ့သော်လည်း ယခုတွင် မြစ်ဖျားပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းသဖြင့် ရွှေချောင်း ချောင်းရေတက်သဖြင့် ရွှေချောင်းကို ဖြတ်သန်းရသော သံဖြူဇရပ် - ဘုရားသုံးဆူ ခရီးသည်ကားများ ကောင်းမွန်စွာ မသွားနိုင်ခြင်း ကြောင့် အခက်ခဲများ စောစီးစွာ ကြုံကြရသည်။

“မိုးမရွာဘဲနဲ့ ချောင်းရေကတစ်ခါတည်း တက်လာတော့ လန့်သွားတာပဲ၊ ဒါပေမယ့် အခုတော့ ရေကကျသွားတော့ ဖိုးဝီး (4 wheel) ကားတွေလာလို့ရသေးတယ်၊ ကားငယ်တွေကျတော့ မလွယ်ဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အသွားအလာခက်ခဲခြင်းကြောင့် ကုန်တင်ခဈေးနှုန်းများလည်း နှစ်ဆခန့် တက်သွားသည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

“အရင်တုန်းက ဆန်တစ်အိတ်ကို ကားခ ၃ ထောင်ပဲကျတယ်၊ အခုက ၇ ထောင်နီးပါးတောင် ဖြစ်သွားတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။ အကယ်၍ ချောင်းရေ ထပ်တက်မည်ဆိုပါက ကားသွားလာမရလျှင် ယခုလတွင် ခါတိုင်းနှစ်လထက် ဆန်ဈေး တက်နိုင်သည် ဟု ဆိုသည်။

ယခုအချိန်တွင် ဆန်ကုန်သည်များအတွက် မိုးတွင်းကာလအတွင်း ရောင်းရန် ဆန်များကို စတင်သိုလှောင်နေသော အချိန်ဖြစ် သော ကြောင့် အကယ်၍ မိုးဆက်ရွာလျှင် ဆန်ဈေးနှုန်းများနှင့် အခြားကုန်ပစ္စည်းများ ယခင်နှစ်လထက် ဈေးတက်နိုင်သည်ဟု ဆန်ကုန်သည် တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့သည် ပြည်တွင်းမှ ဆန်နှင့်ကုန်ပစ္စည်းများကို မှီခိုအားထားနေရသော နယ်စပ်မြို့ဖြစ်ပြီး မိုးတွင်းကာလတွင် ကုန်လမ်းခရီးကို အသုံးပြု၍မရသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားလာရသည်။

No comments: