Thursday, April 30, 2009

မြန်မာနှစ်ကူး အတာသင်္ကြန် ဒိုင်ယာရီ

အောင်သက်ဝိုင်း

မြန်မာ သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်း သည့် မြန်မာ့ရိုးရာ အတာ သင်္ကြန် ရေသဘင်ပွဲတော်မှာ အခက်အခဲ အကြပ်အတည်း များကြောင့် ရန်ကုန်မြို့တွင် ယခင်နှစ် များနှင့်မတူ သင်္ကြန် မဏ္ဍပ်များနှင့် ရေပက်ခံ ထွက်သည့် ကားများ လျော့ကျ ခဲ့ရသည်။

နှစ်စဉ် သင်္ကြန်မဏ္ဍပ် များစည်ကား ကျပ်ပြည့်နေသည့် တက္ကသိုလ်ရိပ်သာလမ်းတွင်လည်း ယခုနှစ် သင်္ကြန်မဏ္ဍပ် မတွေ့ရပေ။

၂၀၀၈ ခုနှစ် သင်္ကြန် ကာလက အင်းလျား လမ်းတွင် သင်္ကြန်မဏ္ဍပ် ၅၀၊ တက္ကသိုလ်ရိပ်သာ လမ်းတွင် ၂၄ ခု၊ အခြား နေရာများ တွင် သင်္ကြန် မဏ္ဍပ်ကြီး ၅၀ ၊ အလတ်စား မဏ္ဍပ် ၁၄၃ ခု၊ အသေးစား မဏ္ဍပ် ၆၉ ခု စုစုပေါင်း ၂၂၈ ခုရှိခဲ့ သော်လည်း ၂၀၀၉ ခုနှစ်တွင်မူ ရန်ကုန်မြို့တခုလုံး တွင် သင်္ကြန် မဏ္ဍပ်ပေါင်း ၁၃၀ ကျော်သာရှိ သည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမှ သိရှိရ သည်။

စစ်အစိုးရက လျှပ်စစ်မီးများ ဖြတ်တောက် ထားသည့် အတွက်လည်း ရေကစားသူများ နည်းပါးခဲ့ရ သည်ကို တွေ့ရှိရ သည်။

သင်္ကြန်ပွဲ တော်အချိန် ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေး ရေးအဖွဲ့က လျှပ်စစ် ဓာတ်အား ပေးဝေမှုကို ခြောက် နာရီ မီးပေး၊ ဆယ့်နှစ် နာရီမီးဖြတ် အလှည့်ကျ စနစ်ဖြင့် ရန်ကုန်မြို့ကို သင်္ကြန် အကြိုနေ့နှင့် အကျနေ့ များတွင် မီးပေး ဝေခဲ့သည့် အတွက် မီးမရသည့် ရပ်ကွက်များ တွင် ရေကစား ရန် ရေမရှိ သည့်အတွက် တိတ်ဆိတ် ခြောက်ကပ် နေပြီး သင်္ကြန်တေး သီချင်းများလည်း မပျံ့လွင့်နိုင်ခဲ့ပေ။

ယခုနှစ်သင်္ကြန်၏ ရာသီဥတုအခြေအနေကလည်း ထူးခြားသည်။ ယခင်သင်္ကြန်ကာလ အချိန်များသည် ပူပြင်း သော နေရောင်အောက်တွင် ရေပက်ခံသူ၊ ရေပက်သူများ စည်ကားခဲ့သော်လည်း ယခုနှစ် ရာသီဥတုအနေ အထားမှာ မနက်ပိုင်းအချိန်များတွင် မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး ညနေပိုင်းတွင်လည်း မိုးအုံနေသည့်အတွက် ရေပက်ခံသူများ၊ရေပက်ကြသူများသည် ချမ်းအေးလှသည့်ရာသီဥတုတွင် ခိုက်ခိုက်တုန်စွာ ရေကစားကြသည်မှာ ၂၀၀၉ ခုနှစ် သင်္ကြန်၏ထူးခြားမှုတရပ်ပင်ဖြစ်သည်။

ဧပြီလ ၁၃ ရက် ၊ တင်္နလာနေ့ ၊သင်္ကြန်အကြိုနေ့ မနက် အစောပိုင်းအချိန်မှစတင်ပြီး ရန်ကုန်တမြို့လုံးမိုးတိမ်များ အုံ့ဆိုင်းနေကာ မနက် ၉ နာရီ ခွဲခန့်တွင် နာရီဝက်ခန့် မိုးသည်းသည်းမည်းမည်း ရွာသွန်း၍ ပြန်လည် တိတ်သွားခဲ့ သော်လည်း အကြိုနေ့တနေ့လုံး ကောင်းကင်ယံတွင် ညိုမည်းနေသော မိုးတိမ်များကသာ အုပ်မိုးနေခဲ့သည်။

ယင်းသင်္ကြန်အကြိုနေ့မနက်ပိုင်းတွင် ရေပက်ခံသူ၊ရေပက်သူ အနည်းငယ်သာရှိပြီး ရပ်ကွက်အတော်များများတွင် မီးပျက်နေသည့် အတွက် ရေပက်သူမရှိသလို သင်္ကြန်တေး သီချင်းသံလည်း တစွန်းတစမျှမကြားရပေ။

“မီးပျက်တယ်။ မနက် ၅ နာရီကတည်းက ပျက်တာ။ ညနေ ၆ နာရီကျမှ မီးပြန်လာမယ်။ ဒီနေ့တော့ မီးမလာ တော့ ရေပက်ဖို့လမ်းမမြင်ဘူး”ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၁၈ နှစ်ကျော်ကျော် မိန်းကလေးငယ်တဦး က ပြောဆိုသည်။

ယမန်နှစ်က သင်္ကြန်မဏ္ဍပ်ပေါင်း ၅၀ ရှိခဲ့သော ရန်ကုန်မြို့၏နာမည်ကျော် အင်းလျားလမ်းတွင် သင်္ကြန်မဏ္ဍပ် ၃၀ နီးပါးသာတွေ့ရှိရသည်။

သင်္ကြန်အကြိုနေ့ဖြစ်သော်လည်း အင်းလျားလမ်းတွင် မနက်ပိုင်းမှစတင်ကာ ရေပက်သူ၊ရေပက်ခံသူ ပြည့်နှက် နေသည်ကို တွေ့ရပြီး ရေကစားသူအများစုမှာ ဆယ်ကျော်သက်အရွယ်လူငယ်လူရွယ်များ ဖြစ်ကြသည်။

“ကိုကြီးကျော် ၊ တို့ကိုကြီးကျော်” ဆိုသည့် အဆိုတော် သားစိုး၏နတ်ဒိုးနှင့် မြူးမြူးကြွကြွ အနောက်တိုင်းဂီတ သံစဉ်များ ပေါင်းစပ်ထားသည့် ခေတ်ပေါ်တေးသီချင်းများ၊ ဟစ်ပ်ဟော့ပ် တေးသီချင်းသံများနှင့် ဒစ္စကို တေးသီ ချင်းသံများကလည်း ရေပက်မဏ္ဍပ်တိုင်းတွင် ဆူညံကျယ် လောင်စွာထွက်ပေါ်နေသည်။

မဏ္ဍပ်များပေါ်တွင် အဖြူ၊ အနီ စသည့် ကာလာစုံခြယ်သထားသော ဆံပင်များနှင့် ဆယ်ကျော်သက် လူငယ်များ အပါအ၀င် ရေကစားသူများက မြူးမြူးကြွကြွ တေးသွားများနှင့်အတူ ကခုန်၍ မီးသတ်ပိုက် ၊ ပလတ်စတစ်ရေပိုက် များနှင့် ရေပက်နေကြသည်။

အမျိုးသမီးများ၏ အင်္ကျီအ၀တ်အစားများမှာလည်း အရောင်အသွေးစုံလင်လှပြီး မလုံ့တလုံ အ၀တ်အစားများပင် ဖြစ်သည်။

ထဘီဝတ်အမျိုးသမီးများ အလွန်ရှားပါးလှပြီး ဘောင်းဘီဝတ်အမျိုးသမီးများကသာအများစုဖြစ်နေပါသည်။ အချို့ သော အမျိုးသမီးများသည် ဘော်လီနှင့်အောက်ခံဘောင်းဘီ သာသာမျှသာရှိသောအ၀တ်များသာ ၀တ်ဆင်ထား ပြီး အမျိုးသမီးအချို့သည် နိုက်ကလပ်များတွင် ကပြဖျော်ဖြေသော ကချေသည်များကဲ့သို့ ရင်သားနှင့် တင်ပါး အစိတ်အပိုင်းများကို ယိုင်ထိုးလှုပ်ယမ်း၍ ကပြနေကြသည်။

မဏ္ဍပ်အောက်တွင် ရေပက်ခံနေကြသော ကားများပေါ်မှ လူငယ်များနှင့် လမ်းလျှောက်ရေပက်ခံထွက်သော လူငယ်များကလည်း မဏ္ဍပ်ပေါ်မှ လူငယ်များနှင့်အပြိုင် မြူးကြွသောတေးသံများနှင့် ဒယီးဒယိုင် ကခုန်နေကြ သည်။ မဏ္ဍပ် အပေါ်ရော အောက်တွင်ပါ ကခုန်နေကြသော အမျိုးသား၊ အမျိုးသမီးငယ်များ အားလုံး၏ မျက်ဝန်း များမှာ နီရဲနေကြပြီး အားလုံးမှာ အရက်သေစာ သောက်စားထားကြဟန်ရှိသည်။

သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့တော်ခန်းရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်ကိုမြို့တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းက အခမ်းအနားဖြင့် ဖွင့်လှစ်လိုက်သော်လည်း ရန်ကုန်တမြို့လုံးတွင်မူ အင်းလျားလမ်းတခုသာ အစည်ကားဆုံးနေရာ ဖြစ်ခဲ့သည်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်တွင်လည်း ၈ နာရီခန့်မှစပြီး ရန်ကုန်တမြို့လုံး မိုးသည်းသည်း ထန်ထန် ရွာသွန်းလိုက်သောကြောင့် ရေပက်ခံသူ၊ ရေပက်သူ နည်းလှသည်။

ရန်ကုန်မြို့၏အစည်းကားဆုံး အင်းလျားလမ်း တလျှောက်တွင် ထောင်ဂဏန်းချီရှိသည့် ပျံကျဈေးသည်များမှာ လည်း မိုးရေများအောက်တွင် ခိုက်ခိုက်တုန်အောင် ချမ်းနေကြဟန်ရှိသည်။

“ဒီနေ့ သင်္ကြန်အကျနေ့ဆိုတော့ သင်္ကြန်ကားနဲ့ ရေပက်ခံတဲ့သူတွေများမယ်၊ ဈေးရောင်းကောင်းမယ် ထင်တာ။ တမနက်လုံး မိုးရွာနေတော့ ဈေးရောင်းမကောင်းဘူး”ဟု အင်းလျားလမ်းတွင် ဘယာကြော်၊ စမူဆာ ကြော်များ ရောင်းချသော ပျံကျဈေးသည်တဦးက ဆိုသည်။

လှိုင်သာယာ၊ရွှေပြည်သာ၊ ၀ါးတရာ၊ မင်္ဂလာဒုံ၊ ၀ါယာလက်၊ ရွှေလင်ပန်း အစရှိသော ဆင်ခြေဖုံးမြို့နယ် ရပ်ကွက် များမှ ဈေးသည် ထောင်ဂဏန်းခန့်မှာ အင်းလျားလမ်းတွင် လက်သုတ်စုံ၊၀က်သားတုတ်ထိုး၊ ဆေးလိပ်၊ကွမ်းယာ၊ ရေသန့်ဘူး၊ ထမင်း ၊ဘီယာ၊အရက်၊အကြော်စုံ ၊အကင်မျိုးစုံ၊ ခေါက်ဆွဲ၊ဆီချက် အပါအ၀င် စားသောက်ဖွယ်ရာ မျိုးစုံရောင်းချရန် လာရောက်ကြပြီး ၄င်းတို့ကို စည်ပင်၊ရဲ၊မယကတို့က ဈေးရောင်းချသည့်အတွက် အခွန်မျိုးစုံ ကောက်ခံကြသည်။

“မနှစ်က သင်္ကြန်တတွင်းလုံး ကျပ် နှစ်သိန်းဖိုးလောက် ရောင်းရတယ်။ တသိန်းလောက်မြတ်တယ်။ ဒီနှစ်တော့ ဈေးရောင်းမကောင်းဘူး။ အကြိုနေ့ကလည်း ရောင်းမကောင်း၊ အကျနေ့မနက်ပိုင်းမှာလည်း မိုးရွာလိုက်တော့
ရောင်း မကောင်းဘူး။ သင်္ကြန်နှစ်ရက်ရှိချိန်မှာ လေးသောင်းဖိုးလောက်ပဲ ရောင်းရသေးတယ်”ဟု ၀က်သား တုတ် ထိုး နှင့် လက်သုတ်စုံရောင်းချသည့် အသက် ၅၀ကျော် ဈေးသည်အမျိုးသမီးတဦးက ပြောသည်။

ပျံကျဈေးသည်များ၊ ရေပက်ခံကားများ၊ရေပက်ကြသူများအကြားတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ငါးဦးလည်းပါဝင်နေသည်။ ကလေးငယ်များဝတ်ဆင်ထားသော ညစ်နွမ်းနွမ်း အ၀တ်အစားများမှာ ရေများ ရွှဲရွှဲ စိုနေပြီး ကလေးငယ်တဦးမှာ ချမ်းလွန်း၍ မေးခိုက်ခိုက်တုန်ကာ နှုတ်ခမ်းမှာ ပြာနေသည်။

ထိုကလေးငယ်များက လမ်းမပေါ်တွင် တစုံတခုကို စူးစိုက်ရှာဖွေနေပြီး လက်တဘက်မှာ ပုခုံးပေါ်ရှိ အဖြူရောင် ညစ်ညစ် ဂုန်နီအိတ်ကို ကိုင်ထားသည်။

ဂုန်နီအိတ်အတွင်းတွင် ရေသန့် ဘူးခွံများ၊ဘီယာပုလင်းနှင့်အရက်ပုလင်းခွံများ ရှိနေပြီး ထိုကလေးငယ်များမှာ သင်္ကြန် မဏ္ဍပ်များစည်းကားရာ အင်းလျားလမ်းတွင် ဘူးခွံ၊ပုလင်းခွံများ လိုက်လံစုစည်း နေကြခြင်းဖြစ်သည်။

“အကိုကြီး ကျနော့်ကို ရေသန့် ဘူးလေးရှိရင် ပေးပါ” ဟု အသက် ၉ နှစ်အရွယ် မောင်ကောင်းသန့်ဆိုသော ကလေးငယ်က အင်းလျားလမ်း YGN သင်္ကြန်မဏ္ဍပ်အနီး ရေပက်ခံရန် တန်းစီစောင့်ဆိုင်းနေသော သင်္ကြန်ကား တစီးပေါ်သို့ မျက်နှာငယ်လေးနှင့် လှမ်းတောင်းနေသည်။

တလီတာ Alpine ရေသန့် ဘူးခွံတဘူး သင်္ကြန်ကားပေါ်မှ ကျလာသည် ဆိုသည်နှင့် မောင်ကောင်းသန့် ချက်ချင်း ကောက်ယူလိုက်ပြီး ပျော်ရွှင်သောမျက်နှာနှင့် အခြားသော သင်္ကြန်ကားများထံ ဘူးခွံတောင်းရန် ဆက်လက် ထွက်ခွာသွားသည်။

သင်္ကြန်အကျနေ့ ညနေပိုင်းတွင် မိုးတိတ်သွာပြီး နေအနည်းငယ်ပြန်လည် ပွင့်လာသည့် အတွက် ရန်ကုန်မြို့ တ၀န်း ရေကစားကြသူများဖြင့် ပြန်လည်စည်ကားလာသည်။

လသာ၊ ပုဇွန်တောင်၊ကြည့်မြင်တိုင်၊သမိုင်း၊လမ်းမတော်၊ကျောက်မြောင်းအပါအ၀င် လူနေထူထပ်ရာ မြို့နယ် ရပ်ကွက်များတွင် သင်္ကြန်မဏ္ဍပ်မရှိသော်လည်း ရပ်ကွက်အလိုက် စုပေါင်းရေပက်ကြသည်။

သင်္ကြန်အကျနေ့အထိ သင်္ကြန်ကား ငှားရမ်းရမှု နည်းပါးနေဆဲဖြစ်သည့်အတွက် ကားငှားသည့် အကျိုးဆောင်များ စီးပွားရေးအခက်တွေ့သည့်နှစ်ဖြစ်ကြောင်း တာမွေမြို့နယ်မှ သင်္ကြန်ကားငှားသည့် အကျိုးဆောင်တဦးက ပြော သည်။

“ကားငှားတဲ့သူနည်းပါးတယ်။ မနှစ်က သင်္ကြန်တုန်းကဆိုရင် ရက်ပြည့်ကားငှားရတယ်။ ဒီနှစ်တော့ ဈေးစုံစမ်းပြီး ပြေးတဲ့သူများတယ်”ဟု အဆိုပါတာမွေမြို့နယ်မှ သင်္ကြန်ကားငှားသည့် အကျိုးဆောင်က ဆိုသည်။

ရေပက်ခံသင်္ကြန်ကားငှားခနှုန်းထားများမှာ ယမန်နှစ်ဈေးနှုန်းအတိုင်းဖြစ်ပြီး ဟိုင်းလပ်စ် ကားတစီး တရက် ငှားခ တသိန်းနှစ်သောင်း၊ ရှမ်းစတားဂျစ်ကား တရက်တသိန်း၊ ပါဘလစ်ကာ ရှစ်သောင်းခွဲ၊ ဒိုင်နာကားတစီး တသိန်း သုံးသောင်း ကျပ် ပေါက်ဈေးရှိသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က လှိုင်သာယာမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန်အနီး ဆင်ခြေဖုံး ရပ်ကွက်တခု တွင် နေထိုင်သည့် အသက် ၆၀ ခန့်ရှိ ဒေါ်အေးသန်းဆိုသော အမျိုးသမီးကြီးတဦးသည် ယခုနှစ်သင်္ကြန်ကာလ တွင် မုန့်လုံးရေပေါ် အလှူလုပ်ရန် အားခဲထားခဲ့သော်လည်း ဖျက်သိမ်းလိုက်ရပါသည်။

နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် အလုပ်လုပ်နေသော သားဖြစ်သူက ပိုက်ဆံပြန်လည်ပေးပို့ နိုင်ခြင်းမရှိတော့သည့်အတွက် အလှူအစီအစဉ် ဖျက်သိမ်းလိုက်ရသောကြောင့် ဒေါ်အေးသန်းမှာ စိတ်ပျက် လက်ပျက်နှင့် ငေးငိုင်နေသည်။

“ကောက်ညင်းတပြည်ကို ကျပ် ၁၀၀၀ ။ အုန်းသီးတလုံး ၅၀၀ ။ ထန်းလျှက် တပိဿာ ၇၅၀။ မုန့်လုံးရေပေါ်အလှူ လုပ်ပြီး ရပ်ကွက်မှာ ဝေမယ်ဆိုရင် အနည်းဆုံးတော့ ကောက်ညင်း ငါးပြည် လောက်ကုန်မယ်။ ထန်းလျှက် က လည်း နှစ်ပိဿာလောက်ကုန်မယ်။ ပြီးတော့ မီးသွေးဖိုး။ ကုန်ကျစရိတ်အားလုံးပေါင်းရင် ၇၀၀၀၊ ၈၀၀၀ ကုန် မယ်။ ဒါပေမယ့်သားက ပိုက်ဆံမပို့လို့ မုန့်လုံးရေပေါ် အလှူမလုပ်နိုင်ဘူး”ဟု ဒေါ်အေးသန်းက ဆိုသည်။

ဒေါ်အေးသန်းက သူမကိုယ်တိုင် မုန့်လုံးရေပေါ် အလှူမလုပ်နိုင်သော်လည်း ငွေကြေးတတ်နိုင်သူများ ပြုလုပ် သည့် စတုဒီသာအလှူများတွင် ၀ိုင်းဝန်းလုပ်ကိုင်ပေးခြင်းဖြင့် ကုသိုလ်ဒါနပြုနေပါသည်ဟု ဆိုသည်။

စတုဒီသာ အလှူဒါနပြုလုပ် ကုသိုလ်ယူကြသူများရှိသကဲ့သို့ တရားရိပ်သာများ၊ ဘုန်းကြီးကျောင်းများတွင် ၀ိပဿနာ တရားပွားများ အားထုတ်ကုသိုလ်ယူကြသူများရှိနေရာ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတော် ကိုးဘွဲ့ရ ဆရာတော်အရှင်အာစာရလင်္ကာ၏ ကိုးဘွဲ့ရသာသနာပြုကျောင်းတိုက်တွင် တရားထိုင်သူ ယောဂီအမျိုးသား အမျိုးသမီး ၁၂၀၀ သင်္ကြန်အထူးတရားစခန်းဝင်ရောက်လျက်ရှိပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ငယ်များ အများအပြား ပါဝင်နေသည်ဟု အဆိုပါကျောင်းတိုက်၏ အလှူရှင် ဒကာမတဦးက ပြောသည်။

“လူငယ် ၊ လူလတ်ပိုင်းတွေ များတယ်။ ဆရာတော်က ယောဂီတွေအားလုံးရဲ့ စားဝတ်နေရေး အကုန်လုံးတာဝန် ယူတယ်။ ယောဂီ ၁၂၀၀ လုံးအခမဲ့ တရားစခန်းဝင်ကြတယ်”ဟု အဆိုပါအလှူရှင် ဒကာမတဦးက ရှင်းပြသည်။

သင်္ကြန်အကြတ်နေ့၌ ရန်ကုန်မြို့တ၀ိုက်တွင် မိုးရွာခြင်း၊မိုးအုံ့ခြင်းမရှိဘဲ အလွန်ပူပြင်းသောကြောင့်ရေပက်ခံထွက် သည့် သင်္ကြန်ကားများ အကျနေ့ထက် ပိုမိုများပြားသည်။

လျှပ်စစ်မီးကိုလည်း ရန်ကုန်မြို့နေရာအတော်များများတွင် ဖြတ်တောက်ခြင်းမပြုဘဲ ပေးဝေနေသော ကြောင့် ရပ်ကွက် အလိုက် ရေပက်၊ ရေကစားကြသူများ ယမန်နေ့ထက် ပိုမိုတိုးပွားလာပြီး သင်္ကြန်တေးသီချင်းများလည်း နေရာတိုင်းတွင် ကြားနေရသည်။

ရန်ကုန်-အင်းစိန်လမ်းကြီးတလျှောက် သင်္ကြန်မဏ္ဍပ်ကြီးကြီးမားမားမရှိသော်လည်း ရပ်ကွက်အလိုက် ရေပက် ရေ ကစားကြသူများကို ဟိုနားတစု၊ ဒီနားတစု တွင်တွေ့မြင်နေရသည်။

နာမည်ကျော် အင်းလျားလမ်းတွင် ယမန် နေ့များထက် ရေကစားကြသူများတိုးပွား နေပြီးအဆိုတော် နှင့် ရုပ်ရှင် သရုပ်ဆောင်အချို့သီဆိုဖြေဖျော်သည့် ကမ္ဘာအေးစေတီလမ်း၊ အင်းလျားကန်ဘောင်ရှိ TMW လျှပ်စစ်ကုန်ပစ္စည်း အရောင်းကုမ္ပဏီ၏ သင်္ကြန်မဏ္ဍပ်တွင်လည်း ရေပက်၊ရေကစားကြသူများဖြင့် စည်းကားလှသည်။

ရန်ကုန်ကန်တော်ကြီးပတ်လမ်းတွင်လည်း နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ Air Bagan သင်္ကြန် မဏ္ဍပ် အပါအ၀င် သင်္ကြန်မဏ္ဍပ် အချို့ရှိနေသောကြောင့် ရေကစားကြသူများ၊ လာရောက် ကြည့်ရှုသူများနှင့် စည်ကားနေသည်။

သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်သည် သင်္ကြန်မဏ္ဍပ်တည်ရှိရာ နေရာများတွင်သာ လူစည်ကားပြီး အခြားသော မြို့နယ်ရပ်ကွက်များတွင် ခြောက်ကပ်ကပ်ဖြင့်သာ ကုန်ဆုံးသွားသည်။

ရန်ကုန်ုမြို့တွင် မုန်တိုင်းကြောင့် လူအများ စိုးရိမ်ပူပန်မှုများ ရှိနေလင့်ကစား ၂၀၀၉ သင်္ကြန်ကာလ၏ နောက်ဆုံး ရက် သင်္ကြန်အတက်နေ့တွင် ရေကစားသူများ၊ ရေပက်ခံကားများဖြင့် စည်ကားခဲ့သည်။

သင်္ကြန်မဏ္ဍပ်အများအပြားတည်ရှိရာ ရန်ကုန်မြို့ အင်းလျားလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ပတ် လမ်းတို့ တွင် ရေပက်သူများ၊ ရေပက်ခံထွက်သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။

ဆင်ခြေဖုံး မြို့နယ်၊ရပ်ကွက်များတွင် လျှပ်စစ်မီး မဖြတ်တောက်ဘဲ ၂၄ နာရီပေးထားသည့်အတွက် ရေရရှိသော ကြောင့် ရေကစားသူများ ပြည့်နှက်နေသည်။

သင်္ကြန်အတက်နေ့ ရန်ကုန်မြို့၏ရာသီဥတုမှာ နေပူလိုက် ၊မိုးရွာလိုက် ဖြစ်နေပြီး တမြို့လုံးတွင် အစိုးရက ညနေ ၆ နာရီထက် ရေပက်ခြင်းမပြုရန်တားမြစ်ချိန်ထက် ကျော်လွန်ပြီး ည ၉ နာရီအချိန်ထိ ရန်ကုန်မြို့ခံများက ရေ ကစားမှုများပြုခဲ့ကြသည်။

ယခုနှစ်လည်း နှစ်စဉ်နှစ်တိုင်း ကဲ့သို့ပင် အရက်သောက်သုံးသူ လွန်စွာများပြားသည်ကို တွေ့ရပြီး အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်များသာမက မိန်းကလေးငယ်များပါ အရက်သေစာ သောက်စားမူးယစ် လာကြ သည်။

ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာများမှအစ ဆင်ခြေဖုံးရပ်ကွက်များအဆုံး နေရာအတော် များများတွင် သောက်စားမူးယစ်သူ လူကြီး၊ လူငယ် အရွယ်စုံကို တွေ့မြင်ရသည်။

ဘုန်းကြီးကျောင်းနှင့် တရားရိပ်သာ၊ ဘုရားပုထိုးစေတီများတွင် ဥပုသ်သီလ စောင့်ကြသူများ ကြိတ်ကြိတ်တိုး စည်ကားလှသော်လည်း လမ်းမများ၊ ရပ်ကွက်များတွင်သောက်စားမူးယစ်နေသော လူအရေအတွက်နှင့်နှိုင်းယှဉ် လျှင်မူ ဥပုသ်သီလစောင့်ကြသော အရေအတွက်မှာ လွန်စွာမှနည်းပါးလှသည်ဟုဆိုရပေမည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်မူ သင်္ကြန်ကာလမှာ တိတ်ဆိတ် ခြောက်ကပ် နေ ပြီး ရေကစားသူမရှိကြောင်း၊ကျေးလက်လူငယ်လူရွယ်များနှင့် ကလေးငယ်များမှာ သင်္ကြန်အချိန်ရောက်သည် ကို ပင် မသိရှိကြကြောင်း သင်္ကြန်ကာလတွင် ဖျာပုံမြို့နယ်သို့သွားရောက်ခဲ့ သည့် ရန်ကုန်ဒေသခံတဦးကပြော သည်။

သင်္ကြန်ကာလအတွင်း အစိုးရက ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းသို့ ၀င်ရောက်မည်ဟူသော မုန်တိုင်းသတိပေးချက် တရားဝင် ထုတ်ပြန်လိုက်သည့် အတွက် နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် လူအများကြောက်ရွံ့နေကြ ပြီး ရေဒီယိုများဖွင့်ကာ မိုးလေ၀သသတင်းကို အမြဲမပြတ် နားထောင်လျက်ရှိသည်ဟုလည်း သိရှိရသည်။ ။



No comments: