Wednesday, April 29, 2009

မိုင်းယန်းမြို့အာဏာပိုင် လူထုထံပိုက်ဆံထောင်ချီ ကောက်ပြီး ယာဉ်မောင်းခွင့် ကဒ်ပြားထုတ်မပေး

သျှမ်းသံတော်ဆင့် ဗုဒ္ဓဟူးနေ့၊ 29 ဧပြီလ 2009

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်းမြို့ အာဏာ ပိုင်များ မော်တော် ဆိုင်ကယ် မောင်းလိုင်စင် လုပ်ပေး မည်ဟု ဆိုကာ ဒေသခံ လူထုထံ ပိုက်ဆံ ထောင်ချီ ကောက်ပြီး ယာဉ်မောင်းခွင့် ကဒ်ပြား ထုတ်ပေးခြင်း မရှိကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။


ယခုလ ၂၈ ရက်နေ့ မိုင်းယန်းမြို့နယ် ဥက္ကဌ ဦးရဲလင်းအောင် ဒေသခံရပ်မိရပ်ဖ ရွာသူကြီး နှင့် ရပ်ကွက်ဥက္ကဌ များအား အစည်းအဝေးတရပ် ဆင့်ခေါ်ခဲ့ပြီး မော်တော်ဆိုင်ကယ်မောင်းလိုင်စင်မရှိသေး သူများအားလုံး မယကရုံးသို့ တရုပ်ငွေ ၃၅ ယွမ် (ဗမာငွေ ၅၃၀၀ ကျပ်) ပေးသွင်း၍ လိုင်စင်လုပ်ရမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းခြင်း၊ မော်တော်ဆိုင်ကယ် စီးခြင်းများ စစ်ဆေးတွေ့ရှိပါက လူနှင့်ယာဉ်ပါ ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်းပြောဆိုသည်ဟု ဆို၏။

အမည်မဖေါ်လိုသူ ဒေသခံတဦးက - “မတ်ခ်ျ ၂၉ တုန်းက ကျိုင်းတုံကလာတဲ့ ကညန က မိုင်းယန်းမြို့နယ်က ယာဉ်မောင်း အားလုံးနီးပါးဆီကနေ တစ်ယောက် ၈၅၀၀ ကျပ် ကောက်တယ်။ တချို့ဘဲ လိုင်စင်ကဒ်ရတယ်။ ကျန်တဲ့တော်တော်များများ ကို ကဒ်ပြားကုန်သွားလို့ ကျိုင်းတုံမှာ ပြန်လုပ်ပေးပြီး ပို့ပေးမယ် လို့ပြောတယ် ဒီနေ့ထိ ဘာကဒ်ပြားမှရောက်မလာဘူး” - ဟုဆို၏။

ယခုတကြိမ် ပိုက်ဆံထပ်ကောက်သည့် ကိစ္စသည် မယက ဥက္ကဌ ဦးရဲလင်းအောင် ၏ ကိုယ်ကျိုးစီးပွားအတွက်စားကွက် ဖန်တီးခြင်းသာ ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“တခါတခါ လုပ်ခိုင်းရင် ပိုက်ဆံအရမ်းကုန်တယ်။ ဆိုင်ကယ်အခွန်ဆောင်ခိုင်းတုန်းကလဲတစ်ခါ အများကြီးကောက် သွားပြီ။ အခုယဉ်စီးခွင့်လိုင်စင်ဆိုပြီး အကြိမ်ကြိမ် ပိုက်ဆံကောက်ပြန်တယ်၊ လိုင်စင်တကယ်ရရင် ဟုတ်သေးတယ်။ အခုတော့ ငွေကုန် လူပန်း။ အကြိမ်ကြိမ်အစည်းအဝေးခေါ်တော့ အလုပ်ပျက်တာပေါ့၊ ၀မ်းစာအတွက်လဲရုန်းကန်ရ တယ်မဟုတ်လား” ဟု အသက် ၃၀ ၀န်းကျင် အိမ်ထောင်သည် အမျိုးသားတဦးကဆို၏။

ရပ်ကွက် ၁၁ ခု ရှိ မိုင်းယန်းမြို့တွင်း၌ မော်တော်ဆိုင်ကယ် အစီးရေ ၅၀၀ ကျော်ရှိကြောင်း မြို့ပြင် ကျေးရွာများမှ မော်တော် ဆိုင်ကယ်များ မပါသေးကြောင်းသိရပါသည်။

No comments: