Tuesday, April 28, 2009

(မယက)ဥက္ကဋ္ဌက လယ်သမားများကို ရိုင်းပြစွာ ပြုမှုသဖြင့် မကျေမနပ်ဖြစ်နေ

ဉာဏ်မောင် Tuesday, 28 April 2009

မြို့နယ် (မယက) ဥက္ကဋ္ဌ ဦးညွန့်စိုးက လယ်သမားများ တောင်းဆိုမှု အပေါ် ရိုင်းရိုင်း စိုင်းစိုင်း ပြုမှုခဲ့သည့် အတွက် ဒေသခံ များက မကျေ မနပ်ဖြစ်နေ ကြသည်။

ပြီးခဲ့သည့် (၂၃) ရက်နေ့တွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ တပင်တောင်အုပ်စု၊ တောင်ရေကန်ကျေးရွာ လယ်သမားများထံမှ လယ်မြေငှားရမ်းခ တောင်းယူရာတွင် လယ်သမားများက တရားဝင်စာဖြင့် ပေးဆောင်ပြီးကြောင်း အသိအမှတ်ပြုပေးရန် တောင်းဆိုခြင်းအပေါ် ယခုကဲ့သို့ ဆက်ဆံလိုက်ကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

“တောင်ရေကန်ကျေးရွာ ဦးခင်စိန်နေအိမ်ကိုရောက်ပြီး မြေငှားချထားတဲ့ လယ်သမားတွေကိုခေါ်ပြီး ငွေတောင်းတာ၊ အဲဒါကို လယ်သမားတွေက ပေးမယ် ဒါပေမဲ့ တရားဝင်ပေးပြီးကြောင်းကို စာထုတ်ပေးဖို့ပြောတာ၊ အဲဒါကို (မယက)ဥက္ကဋ္ဌက သူ့ကို ပြန်ပြောရမလားဆိုပြီး ဧည့်ခံကျွေးမွေးထားတဲ့ ပန်းကန်တွေကို ထရိုက်ခွဲပစ်တာ” ဟု ပြောသည်။

လယ်သမားများအနေဖြင့် မြေငှားခပေးဆောင်းကြောင်း တရားဝင်စာထုတ်ပေးရန် တောင်းဆိုခြင်းမှာ (မယက)ဥက္ကဋ္ဌအသစ်ပြောင်းပါက ထပ်မံတောင်းယူမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ပြောသည်။

“တဧကကို ပဲတခွဲနှုန်း တောင်းယူတယ်၊ အရင်တုန်းက အလီလီအခါခါတောင်းလို့ အခုဟာက တရားဝင် စာထုတ်ပြီး တောင်းယူစေချင်တာ၊ နောက်ထပ် အသစ်ပြောင်းသွားတယ်ဆိုရင်လဲ ထပ်တောင်းမှာ လယ်သမားတွေက စိုးရိမ်တယ်၊ အခုလိုဖြစ်သွားတော့ လယ်သမားတွေက ပေးရမဲ့ငွေကို ကျေးရွာလူကြီး ဦးခင်စိန်အိမ်ကို သွားပို့ထားကြတယ်” ဟု ဆက်လက်ပြောသည်။

အဆိုပါလယ်မြေများသည် ၁၉၉၀-၉၁ ခုနှစ်က မြေလွတ်မြေရိုင်း ဖော်ထုတ်ရေးစီမံကိန်းပြီးနောက် (မယက)ပိုင်လယ်မြေအဖြစ် သိမ်းယူထားသည့် မြေများဖြစ်ပြီး တစုံတရာ စိုက်ပျိုးခြင်းမရှိသည့်အတွက် ဒေသခံများက စိုက်ပျိုးခဲ့ကြပြီး မြေငှားခကို ပေးဆောင်နေရခြင်းဖြစ်သည်။

ယခင်ကလည်း ၎င်းလယ်မြေများတွင် မြို့နယ်အာဏာပိုင်များက ရဲတပ်ဖွဲ့အလံများ လာရောက်စိုက်ထူပြီး မြေစာရင်းဌာန၊ (လဝက)ဦးစီးဌာနတို့က ဝါးလုံးများယူဆောင်ကာ ရဲစခန်းဆောက်လုပ်မည့် မြေဖြစ်သည့်အတွက်ကြောင့် ခြံခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် ဒေသခံလယ်သမားများနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးကြောင်း ဒေသခံက ဆက်လက်ပြောသည်။

No comments: