Monday, April 27, 2009

လူရွှင်တော် ဇာဂနာ ထောင်ပြင်ထုတ် ဆေးစစ်ခွင့်ရ


NEJ /၂၇ ဧပြီ ၂၀၀၉

ယနေ့မွန်းလွဲပိုင်းက သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော်ဇာဂနာကို မြစ်ကြီးနားအကျဉ်းထောင်မှ ထောင်ပြင်ဆေးရုံသို့ ထုတ်လာပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

မိသားစုဝင်တဦးက “မွန်းလွဲပိုင်းမှာ ထောင်ထဲကနေ ဗင်ကားတစီးနဲ့ မြစ်ကြီးနားဆေးရုံကို ခေါ်ထုတ်လာတယ်။ နောက် အထူးကုဆရာဝန်တွေနဲ့ ဆေးစစ်တာခံတယ်။ နောက် သိပ်မကြာဘူး။ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မကြာခင်သိရလိမ့်မယ်” ဟု ပြောသည်။

ကိုဇာဂနာသည် ထောင်တွင်းတွင် အသည်းရောင်အသားဝါ၊ နှလုံးနှင့် အခြားရောဂါများ ရရှိကာ သတိလစ် မေ့မျောသည်အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်း ထောင်ဝင်စာသွားတွေ့သည့် ခယ်မ မငြိမ်းက ကိုဇာဂနာအတွက် လိုအပ် သည့် ဆေးဝါးနှင့် အသုံးအဆောင်များကို ထောင်ပြင် ပမှ ဝယ်ယူပို့ပေးနေခဲ့ရကြောင်း၊ နောက်ပိုင်း ကိုဇာဂနာ၏ ကျန်းမာရေး အခြေအနေကောင်းမလာ၍ ထောင်ပြင်ထုတ်ပြီး ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများလုပ်ခွင့်ပေးရန်၊ ဆရာဝန်ကြီးများနှင့် ကုသခွင့်ပေးရန် ထောင်အာဏာပိုင်မှတဆင့် ပြည်ထဲရေး ဝန်ကြီး အထိ အဆင့်ဆင့် တင်ပြခဲ့ကြောင်း၊ မြစ်ကြီးနားထောင်တွင် ထောင်ဆေးရုံမရှိသည့်အပြင် ဆရာဝန်ပင် မရှိဘဲ ကျန်းမာရေးကိစ္စများကို ဆေးမှူးတဦးကသာ တာဝန်ယူထားကြောင်း အဆိုပါ မိသားစုဝင်က ပြောသည်။

ထို့ပြင် ထောင်တွင်း၌ ဆေးဝါးထောက်ပံ့မှုလည်း မရှိ၍ လိုအပ်သမျှ ဆေးဝါးမှန်သမျှ ထောင်ပြင်ပမှ မိသားစုများကပင် ဝယ်ယူဖြည့်တင်းပေးနေရကြောင်း အဆိုပါ မိသားစုဝင်က ပြောပြသည်။

No comments: