Monday, April 20, 2009

ရန်ကုန်တွင် ၀မ်းရောဂါကြောင့် လူသေဆုံး

NEJ /ဧပြီလ(၂၀) ရက်၊ ၂၀၀၉

ပြီးခဲ့သည့် လမှ စတင်ကာ တလ ကျော်ဖြစ်ပွား ခဲ့သည့် ၀မ်းရောဂါ ကြောင့် ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင် လူ (၃) ဦး သေဆုံး ခဲ့ကြောင်း မြို့နယ် ဆေးရုံမှ ဆရာဝန် တဦးက ပြောသည်။

“သာကေတ၊ ဒေါပုံ၊ ဒလနဲ့ မြို့နယ်တချို့မှာ ၀မ်းရောဂါဖြစ်နေတာ တလလောက်ရှိပြီ။ ကျနော်တို့လည်း ကုလို့နိုင်မယ် ထင်ထားတာ။ တချို့ဆေးရုံတင်လိုက်တာလည်း ပြန်ကောင်းလာတာကိုး။ ခုတော့ သာကေတ (၃) ရပ်ကွက် တခုတည်းမှာတင် လူ (၃) ယောက်သေသွားပြီ။ တခြားနေရာတွေမှာလည်း ရောဂါဖြစ်နေတာ သိပေမယ့် အသေအပျောက်တော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

သာကေတမြို့နယ် ဆေးခန်းတခုမှ ဓာတ်ခွဲခန်းဝန်ထမ်းတဦးကလည်း ၎င်းတို့ထံ သာကေတ၊ ဒေါပုံနှင့်သင်္ကန်းကျွန်း ဘက်မှ ၀မ်းနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးမှုများရှိကြောင်း၊ အများစုမှာ ရေနှင့်အစားအသောက် မသန့်ရှင်းမှု ကြောင့် ကူးစက် သည့် Vibro cholera ပိုးအမျိုးအစားဖြစ်ပြီး ၀မ်းရောဂါပိုးတွေ့ရှိသူအများစုမှာ ဆေးရုံတင်ထားရ ကြောင်း ပြောသည်။

သာကေတ (၃) ရပ်ကွက်တွင် ၀မ်းရောဂါဖြစ်ခဲ့သည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြက်ခြေနီ အလံထောင်ကာ စခန်းဖွင့်ပေးပြီး ရောဂါဖြစ်သူများကို ဆေးသွင်းခြင်းနှင့် စားဆေးပေးခြင်း စသည့် အကူအညီများ ပေးသည်ကို တွေ့ရကြောင်း မျက်မြင်တဦးက ပြောသည်။

ဝမ်းရောဂါဖြစ်ပွားခဲ့သည့် မြို့နယ်အများစုတွင် စည်ပင်သာယာမှ ပိုက်ဖြင့် ရေဖြန့်ဖြူးသည့်စနစ် မရှိသကဲ့သို့ နေအိမ်အများစုသည်လည်း စီးပွားရေး အဆင်မပြေ၍ ရေသန့် မ၀ယ်နိုင်ကြောင်း၊ ထို့အပြင် အဆိုပါ မြို့နယ် ရပ်ကွက်များတွင်ရှိသည့် ရေခဲရေ၊ ကြံရေ၊ အအေး၊ အသုတ်၊ အကင်၊ ဖရဲသီး၊ နာနတ်သီး စသည်တို့ရောင်းချသည့် ဆိုင်များမှာလည်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိကြောင်း သာကေတမြို့နယ်မှ ဆရာဝန်တဦးက ပြောသည်။

ထို့အပြင် နေအိမ်များ၏ အိမ်သာစနစ်၊ ရပ်ကွက်များ၏ ရေမြောင်းစနစ်၊ အမှိုက်စွန့်ပစ် စနစ်များသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိဟု သိရသည်။

ယခုအခါ ရန်ကုန်တွင် ရာသီဥတု အလွန်ပူပြင်းလျက်ရှိပြီး နာဂစ်မုန်တိုင်းကာလ သစ်ပင်ပေါင်းများစွာ ပြိုလဲခဲ့ခြင်း၊ လျှပ်စစ်မီး မလာ၍ မြို့အနှံ့ မီးစက်များ မောင်းသည့်အတွက် မီးစက်မှထွက်သည့် ကာဘွန်ဒိုင်အောက်ဆိုဒ်များ လေထုထဲ အလွန်များပြားနေခြင်းတို့ကြောင့် ပိုမိုပူပြင်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

No comments: