Saturday, April 25, 2009

ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ရိုက်ပွဲ ဖြစ်ပွား

Narinjara News

မောင်တော မြို့နယ်တွင် ခြံစည်းရိုး ကာရံရန် ရောက်ရှိနေ သော စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သားများ နှင့် ဒေသခံများ အကြား ရိုက်ပွဲ ဖြစ်၍ အများအပြား ဒဏ်ရာ ရရှိ သွားကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရခိုင် အရပ်သား တဦးက “သူတို့ ရန်ပွဲ ဖြစ်တာက မနေ့က နံနက် ၉ နာရီမှာ ဖြစ်တာပါ။ တနာရီခန့် ကြာပါတယ်။ နှစ်ဘက်စလုံးက ဒဏ်ရာတွေ ရကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ရန်ပွဲ ဖြစ်ပွားရာ ကျေးရွာမှာ သဲချောင်းဖြစ်ပြီး စစ်သားများမှ အရပ်သားများပိုင်ဆိုင်သော ပုဇွန်မွေးမြူရေး ကန်များမှ ပုဇွန်များကို ခွင့်ပြု ချက် မရှိဘဲ ၀င်ရောက် ရှာဖွေရာမှ ရန်ပွဲ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

“သဲချောင်းဆိုတာက မူဆလင် ဘာသာဝင်တွေ နေထိုင်တဲ့ ကျေးရွာ တရွာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာ အနီးတ၀ိုက်မှာ ပုဇွန်ကန်တွေ အများကြီးရှိပါတယ်။ ခုလို အရပ်သားတွေပိုင်တဲ့ ပုဇွန်ကန်တွေက ပုဇွန်တွေကို စစ်သားတွေက ခွင့်ပြုချက်မရှိဘဲ ဖမ်းယူ စားသောက်နေတာက စစ်သားတွေ ရောက်လာတဲ့ ကတည်းကလို့ သိရပါတယ်။ ကျေးရွာသားတွေက တားပေမယ့် မရတာကြောင့် နောက်ဆုံး ခိုက်ရန် ဖြစ်ပွားတဲ့ အထိ ရောက်ရှိသွားရတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ပုဇွန်ကန်များမှာ အရပ်သားများ အနေဖြင့် အစိုးရထံမှ သိန်းရာချီပေးပြီး ဌားရမ်းထားရသော ပုဇွန်ကန်များ ဖြစ်ပြီး ယခုကဲ့သို့ စစ်သားများမှ မတရား ဖမ်းယူနေသဖြင့် စီးပွားရေး ထိခိုက်လာရာမှ မခံမရပ်နိုင်ဖြစ်ပြီး ပုဇွန်ဖမ်းသော စစ်သားများကို ဒေသခံများက တိုက်ခိုက်ရာမှ ရန်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် နယ်စပ်တွင် ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်သားများမှာ ရိက္ခာ အလုံအလောက် မရသဖြင့် လူထုထံမှ ကြက်များကို အတင်းတောင်းခြင်းနှင့် ဟင်းသီး ဟင်းရွက်များကို ခွင့်ပြုချက် မရှိဘဲ စိုက်ပျိုးခင်းများသို့ ၀င်ရောက်ပြီး ခူးယူခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ရန်ပွဲတွင် ထိုခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သားများကို မောင်တော ဆေးရုံသို့ ယူဆောင်လာခဲ့သည်ဟု သတင်း ရရှိသော်လည်း မောင်တော ဆေးရုံသို့ ဖုံးအဆက်အသွယ် မရသဖြင့် ဆေးရုံသို့ ပို့သည်ဟူသော သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

No comments: