Monday, April 20, 2009

နိုင်ငံရေး ဆုံးဖြတ်ချက်များ အကျူးံ ၀င်မည့် အစည်းအဝေး အန်အယ်လ်ဒီ ခေါ်တော့မည်


NEJ /ဧပြီလ(၂၀) ရက်၊ ၂၀၀၉

ယခုလ အတွင်း ပြုလုပ်မည့် အဖွဲ့ချုပ် အစည်းအဝေး တွင် ထူးခြားချက် အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များ အားလုံး ကိုလည်း ထည့်သွင်း ဖိတ်ကြား ထားကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“အခုအစည်းအဝေးမှာ နိုင်ငံရေးအလှည့်အပြောင်းရော၊ နိုင်ငံရေးအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရော အားလုံးအကျုံးဝင်မယ့် ဆွေးနွေးပွဲသဘောမျိုးဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ ကြိုပြီးတော့လည်း မသိသလို အခုအချိန်မှာလည်း ပြောလို့မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

အစည်းအဝေးကို (၂၈-၂၉) ရက်တို့တွင် အဖွဲ့ချုပ်၌ ပြုလုပ်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းစည်းအဖွဲ့ဝင်များနှင့် ပါတီဝင်များကို (၂၇) ရက် အရောက်လာရန် ဖိတ်ကြားထားကြောင်း သိရသည်။

“လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအရ ကျနော်တို့အရေးကြီးတဲ့ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုထားတာရယ်၊ အဲဒီပေါ်မှာ မူတည်ပြီးဆောင်ရွက်မယ့် ရွေးကောက်ပွဲတွေရယ်အပေါ်မှာ ပြည်နယ်တိုင်း အဆင့်နဲ့ ဗဟိုအဆင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးဖို့၊ သုံးသပ်ဆွေးနွေးဖို့ ဒီလိုသဘောနဲ့ ခေါ်ထားတဲ့အစည်းအဝေး ပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒနှင့် အယူအဆများကို ဆွေးနွေးစဉ်းစားရန် ရည်ရွယ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆွေးနွေးပွဲ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာတမ်းတစောင်ပြုစုကာ အန်အယ်လ်ဒီ ပြည်နယ်နှင့်တိုင်းအဖွဲ့ဝင်များထံ ပေးအပ်မည်ဟုလည်း သိရသည်။

ယခုအခါ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများလည်း ရှိနေသည့်အတွက် အန်အယ်လ်ဒီကိုယ်စားလှယ်များ၏ အနေအထားနှင့် သဘောထားခံယူချက်များကို အစည်းအဝေးတွင် အကြံဉာဏ်တောင်းခံရန်ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။

“အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ပြောင်းဖို့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့်အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမယ် ဆိုတဲ့အပေါ်မှာတော့ တစုံတရာအပြောင်းအလဲအနေနဲ့ ရှိချင်လည်းရှိမယ်ပေါ့။ အခုအချိန်မှာတော့ ဘယ်လိုမှ မပြောနိုင်ပါဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။

၎င်းကဆက်လက်ပြီး “လူထုရဲ့ မျှော်လင့်ချက် အားကိုးမှုတွေကို အလဟဿဖြစ်မသွားအောင်လို့ လုပ်ပေးရမယ့် တာဝန်ရှိတယ် ဆိုတာတော့ အကုန်လုံးက သဘောပေါက်ပါတယ်။ အဲဒါကို တကယ်လက်တွေ့ အကောင်အထည် ဖော်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာကို အခုဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် အာဏာတည်ခြင်းမရှိသေးသဖြင့် ပြန်လည်သုံးသပ်ရန်နှင့် ၁၉၉၀ ပြည့်နှစ်ရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန် အန်အယ်လ်ဒီက နအဖ စစ်အစိုးရထံ တောင်းဆိုထားသည်။

နအဖစစ်အစိုးရကမူ လွှတ်တော်တွင် တပ်မတော်မှ ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်ရမည်ဟု အခြေခံဥပဒေ တွင် ထည့်သွင်းရေးဆွဲခဲ့ကာ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားသည်။

No comments: