Monday, April 27, 2009

ဖောက်ထွက်ရန် ကြိုးစားမည့် အန်အယ်ဒီ စုံညီ အစည်းအဝေးလား

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်မှ အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ ဗဟိုလူငယ်၊ အမျိုးသမီးများနှင့် ဗဟိုအလုပ်အမှုဆောင်များအကြား စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် စုံညီ အ စည်းအဝေးကြီးကို မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ အန်အယ်ဒီ ဌာနချုပ်၌ ကျင်းပတော့မည်ဖြစ်သည်။

တိုင်းပြည်၏ အသက်သွေးကြော ဖြစ်ကာ၊ နိုင်ငံသူ နိုင်ငံသားများ အားလုံး၏ အနာဂတ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကာလ ဖြစ်ပေါ်နေချိန်တွင် ကျင်းပမည့် ၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပါတီကြီး၏ စုံညီအစည်းအဝေး ပေါ်ထွက်လာခြင်း ဖြစ်သည်။

လွတ်လပ်မျှတသည်ဟု အသိမှတ်ပြု ခံထားရသော ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အုပ်ချုပ်သူ စစ်အစိုးရများက အသိအမှတ် မပြုသည်သာမက ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တရပ်ကို စိတ်တိုင်းကျ ပုဂ္ဂိုလ်များဖြင့် ပြီးခဲ့သည့်နှစ် မေလအတွင်း အလျင်အမြန် ရေးဆွဲခဲ့သည်။

အန်အယ်ဒီက ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည် သုံးသပ်ရန် စစ်အစိုးရသို့ လွန်ခဲ့သည့် ၆ လကျော်ကတည်းက တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခံထားရသည်။

ထို့အပြင် ၂ဝ၁ဝ ခုနှစ်အတွင်း ကျင်းပမည်ဆိုသည့် အထွေထွေ ရွေးကောက်ပွဲဆီ မြန်မာစစ်အစိုးရက ဦးတည်လျှောက်လှမ်းနေချိန်တွင် ကျင်းပမည့် အစည်းအဝေးကြီး ဖြစ်သဖြင့် အာဏာပိုင်များသာမက အတိုက်အခံ အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား အထူးပင် စိတ်ဝင်တစား စောင့်ကြည့်သွားမည့် စုဝေးမှုတခုဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့်လည်း ဤအစည်းအဝေးသည် ပါတီအဖွဲ့ဝင်များ၏ အနာဂတ်အတွက်သာမက တိုင်းပြည်၏ အနာဂတ်အတွက်ပါ အရေးကြီးသည်ဟုပင် ပြောဆိုနိုင်ဖွယ် ရှိနေသည်။

ယခုလ ၂၈-၂၉ ရက်နေ့များတွင် ကျင်းပမည့် အစည်းအဝေးနှင့် ပတ်သက်၍ သဘောထားအမြင်နှင့် အချက်အလက် တချို့ကို သိရှိနိုင်ရန် မဇ္ဈိသတင်းထောက် ကိုဝိုင်းက ပါတီတာဝန်ရှိသူ တချို့နှင့် နိုင်ငံရေး အကျဉ်းသားတဦး၏ မိခင်ထံ ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

--------------------------------------

ဦးဉာဏ်ဝင်း
(ပါတီ ပြောခွင့်ရပုဂ္ဂိုလ်)

ဒီ အစည်းအဝေးကြီးကို ဘယ်လို ခေါ်ဝေါ်သုံးနှုန်းပါသလဲခင်ဗျာ။

နှစ်ပတ်လည် စုံညီအစည်းအဝေးလို့ ခေါ်ရင်လည်း ရတယ်။ ဒါပေမဲ့ ကျနော်တို့က ဒီဥစ္စာ နှစ်စဉ် လုပ်နေကျပါ။ ဒါမျိုးကျင်းပတာ ဒါပါဆို ၄ ကြိမ်ရှိပြီ။ အချိန်ကတော့ အခြေအနေအရ စီစဉ်တာပါ။

အစည်းအဝေး ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောနေကြပါတယ်။ ဘယ်သူတွေ တက်ရောက်ခွင့်ရှိပါသလဲ အန်ကယ်။

ပြည်နယ်-တိုင်းက (စည်းကော်မတီဝင်) အလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ ဗဟိုအဖွဲ့အစည်းက အမျိုးသမီး ၃ ဦး၊ လူငယ် ၃ ဦးပါ။ အဲဒါ ပါတယ်။

ပြည်နယ်-တိုင်း စည်းကော်မတီထဲက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက မတက်မနေရ သဘောမျိုးလား။

အဲဒီလို မပါဘူး။ စည်းကော်မတီဝင် ၅ ဦးလို့ပဲ ကျနော်တို့ ဖိတ်ပါတယ်။

၅ ဦးထဲကနေ ကြိုက်တဲ့သူ တက်လို့ရတဲ့ သဘောလားခင်ဗျာ။ နောက်ပြီး MP ဆိုတာကရော ဘယ်လို MP မျိုးလဲ ခင်ဗျာ။

ဟုတ်ပါတယ်။ MP ဆိုတာက အန်အယ်ဒီ MP ပေါ့။ အန်အယ်ဒီမှာ အမြဲတမ်း တာရှည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ဖိတ်တယ်။ ကျနော်တို့နဲ့ ဆက်စပ်မှုမရှိတဲ့ လူတော့ မဖိတ်ပါဘူး။

ဆွေးနွေးမယ့် အကြောင်းအရာရော ဖိတ်စာထဲမှာ ထည့်ထားပါသလားခင်ဗျာ။ ဗဟိုက အစည်းအဝေးမှာ စာတမ်း တင်သွင်းမယ်ဆိုပြီး သတင်းတွေလည်း ထွက်နေလို့လေ။

မထည့်ထားပါဘူး။ ကျနော်တို့ တွေ့ဆုံပွဲလို့ပဲ ရေးထားပါတယ်။ စာတမ်းတစောင်ပါပဲ။ ဖိတ်စာ အကြောင်းကြားစာထဲမှာလည်း ကျနော်တို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စာတမ်းထဲမှာ ခေါင်းစဉ်ကတော့ ၃ ခု ဖြစ်လိမ့်မယ်။ လက်ရှိနိုင်ငံရေးမှာ အန်အယ်ဒီ လှုပ်ရှားနေတဲ့ဟာရယ်။ နောက် ရှေ့ဆက်ပြီး အန်အယ်ဒီ ရပ်တည်မှု ဘယ်လိုသွားမလဲဆိုတာရယ်။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာ အမြင်သဘောထားရယ်။

အခုအချိန်က နိုင်ငံရေးအရ ထူးခြားတဲ့ အနေအထားလည်းဖြစ်နေတော့ ဒီအစည်းဝေးကြီးကနေပြီးတော့ ဘယ်လို ရလဒ်မျိုးတွေ ရမယ်လို့ အန်ကယ်တို့ မျှော်လင့်ထားပါလဲ ခင်ဗျာ။

ကျနော်တို့ အန်အယ်ဒီ အဖွဲ့အတွင်းမှာ ညီညွတ်တဲ့ သဘောထားတခု၊ ညီညွတ်တဲ့ အမြင်တခု ရအောင် ကြိုးစားမယ့် အစည်းအဝေးပါ။ ကျနော်တို့က စာတမ်းကို ကန့်သတ်ပြီးတော့ ဒါပဲ ဆွေးနွေးရမယ်လို့ မပြောထားဘူး။ ပြည်နယ်တိုင်းက မိမိ တင်ပြလိုတဲ့ နိုင်ငံရေး အယူအဆ ဘာညာလည်း နားထောင်ကြမှာပဲ။

အစည်းအဝေး တက်ရောက်မယ့်သူ များမယ်ဆိုတော့ ၂၈-၂၉ နှစ်ရက်ပဲဖြစ်တော့ အချိန်မလုံလောက်ဘူးဆိုပြီး ပြောနေတာ ရှိပါတယ်။ အန်ကယ်တို့ကရော လုံလောက်မယ်လို့ ယူဆပါသလား ခင်ဗျာ။

ခါတိုင်းလည်း ၂ ရက်ပါပဲ။ ၂ ရက်နဲ့ လုံလောက်ပါတယ်။ မလုံလောက်ဘူးထင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အမြင် ဖြစ်ပါလိမ့်မယ်။ စာနဲ့ တရားဝင် တင်တာတော့ တခုမှ မရှိပါဘူး။
--------------------------------

ဒေါ်ခင်စောဋ္ဌေး
(ရေနံချောင်းမြို့နယ် ဒုဥက္ကဋ္ဌ နှင့် မကွေးတိုင်း အမျိုးသမီးတာဝန်ခံ)

ဒီလ ၂၈-၂၉ နေ့တွေမှာ ကျင်းပမယ့် အန်အယ်ဒီ တိုင်းနဲ့ ပြည်နယ် အစည်းအဝေးတက်ဖို့ လူရွေးပြီးပြီလားဗျ။

သူတို့ကတော့ ဘယ်သူလာပါလို့ မပြောဘူး။ အန်တီကို့ ရေနံချောင်းမှာ လွှတ်တော်ကိုယ်စားလှယ် မရှိဘူးလေ။ တိုင်းစည်း အနေနဲ့က အန်တီနဲ့ မြို့နယ်စည်းဥက္ကဋ္ဌ ဦးခင်ဝင်းနဲ့ကတော့ သွားမယ်။ ဘာကို သူတို့က ချပြမယ်ဆိုတာတော့ မသိဘူးပေါ့နော်။ ဗဟိုကလေ။

ဒါပေမယ်လို့ အန်တီထင်တာပေါ့ ကြေညာချက် ၁၈ ကိုပဲ ပြန်ဆွေးနွေးမလားလို့ပဲလေ။

တိုင်း တတိုင်းကို ဘယ်နှယောက် လာခွင့်ပြုတာလဲခင်ဗျ။

မကွေးတိုင်း အပါအဝင် တိုင်း တတိုင်းကို ၅ ယောက်ပဲလို့ ပြောတယ်။ ၅ ယောက် တက်ခွင့်ရှိပြီး၊ ပြောခွင့်က တယောက်ထဲပေါ့။ တိုင်းနဲ့ ပြည်နယ်က များတာကိုး။ ၅ ယောက်ဆိုပေမယ်လို့ အန်တီတို့ကတော့ သွားမယ်။ ဆွေးနွေးရဦးမှာပေါ့၊ မကွေးတိုင်း တတိုင်း အနေနဲ့လေ။ ရန်ကုန်ကျကာမှ ကိုယ့်မကွေးတိုင်းက MP တွေနဲ့ သတ်သတ် အရင်ဆွေးနွေးမယ်။ တခြားမှာ စုလို့မှ မရတာ။ မကွေးတိုင်း ဥက္ကဋ္ဌ ဦးဟန်ဇော်၊ အတွင်းရေးမှူး ဦးစိုးမြင့်။ သူတို့က ရန်ကုန်မှာပဲနေတာ။ မကွေးက အားနည်းတယ်။ မကွေးမှာ အစည်းအဝေးလုပ်ရင်လည်း မရဘူး။

အန်တီတို့ မကွေးတိုင်းအနေနဲ့ တောင်းဆိုချက် လုပ်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ စီအီးစီ (ဗဟိုအလုပ်အမှုဆောင်) နဲ့ တွေ့ဆုံပါဆိုတာ ဇန်နဝါရီလရော၊ မတ်လကရော တောင်းဆိုတယ်။ အဲဒီနောက် ဒီလို အဖြေထွက်လာတာပဲ။ နောက်တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆွေးနွေးပါ။ ကြားက ဦးအောင်ကြည်တွေ ဘာတွေ မလိုချင်ဘူး။ ၂ဝ၁ဝ ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကိုယ့်ခေါင်းဆောင် ပြောတဲ့စကားကို ကြားချင်တယ်။ အန်အယ်ဒီ ဗဟိုကိုရော နအဖ ကိုရော တောင်းဆိုထားတာ။

ဘာလို့လဲဆိုတော့ ဒီမိုကရေစီစနစ်ကို တည်ထောင်တယ်ဆိုရင် အောက်ခြေရဲ့ အသံကို နားထောင်ရမယ်ပေါ့။ ဗဟို ဦးစီးစနစ်နဲ့ ဗဟိုကပဲ ဆုံးဖြတ်ချက်ချပြီး လုပ်တယ်ဆိုတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရတဲ့ ကာလတွေအတွင်းမှာ ပထမ တခါတုန်းက ရွေးကောက်ပွဲ မဝင်ပါဘူး ပြောပြီးတော့ ဝင်ခဲ့ရတယ်။ နောက် ဒုတိယအကြိမ် ညီလာခံ မတက်ပါဘူးဆိုပြီး ဒေါ်စု အထဲထဲ ရောက်တဲ့အချိန်မှာ ညီလာခံတက်တယ်။

အခုလည်း ကြေညာချက် ၁၈ က အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်မှသာလျှင် ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာ စဉ်းစားမယ်ဆိုတာမျိုး ထုတ်ခဲ့တယ်လေ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ယိမ်းယိုင်သွားမှာ စိုးတယ်။ အမှန်တရားအတိုင်း ပြောရရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ကိုလည်း အစိုးရက မပေးဘူးလေ။ တကယ်တော့ ရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာလျှင် လွှတ်တော်မှာ ဒီအခြေခံဥပဒေဆိုတာ ဆွဲရမှာလေ။ အခုဟာက အခြေခံဥပဒေကို ချပြပြီးမှ ရွေးကောက်ပွဲဝင်တယ်ဆိုတာလည်း ပုံမမှန်ဘူး။ နောက် ဒီအခြေခံဥပဒေကလည်း ပြည်သူ့အတွက် မဟုတ်ဘူး။ အဲဒါတွေကြောင့်မို့လို့ ဒီကြေညာချက် ၁၈ ကို မယိမ်းယိုင်စေချင်ဘူး။ ဒီသဘောထားက မကွေးတိုင်းဆိုရင် တိုင်းအမျိုးသမီးအနေနဲ့ ပြောတယ်။ ရေနံချောင်းဆိုရင် မြို့နယ်အနေနဲ့ သဘောထားလည်းဖြစ်တယ်။

တကယ်လို့များ အခုတခါ သူတို့ (ဗဟို) ယိမ်းယိုင်သွားရင် ရေနံချောင်းကတော့ လွှတ်တော်ကိုယ်စားလှယ် မရှိသော်လည်းဘဲ သဘောထားက တသွေမတိမ်း ရပ်တည်မှာပဲ။ တကယ်လို့ သူတို့တတွေ ရွေးကောက်ပွဲဝင်မယ်ဆိုရင် အန်တီတို့က မဝင်ဘူး။

အန်အယ်ဒီက ထုတ်ထားတဲ့ တောင်းဆိုချက်တွေထဲမှာ ဘယ်အချက်တွေက ဦးစားပေးသင့်တယ်လို့ အန်တီက ယူဆပါသလဲ။

အန်တီက ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆွေးနွေးတာ နံပါတ်တစ် အရေးကြီးတယ်။ လွှတ်တော်ဆိုတဲ့ စကားလုံးကို သုံးလိုက်ရင် ဒီအစိုးရက တင်းမာ။ မှန်ပေမယ့်လို့ သူတို့က လွှတ်တော်ဆိုတဲ့ စကားလုံးကို အသုံးမခံနိုင်ဘူး။ ပြီးတော့ကျမှ သုံးပွင့်ဆိုင်တွေဘာတွေ ဆွေးနွေး။ ဒါပေမဲ့ ဒို့ ၂ဝ၁ဝ ဘယ်လို ဖြတ်သန်းမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်ကို သိချင်တယ်။ အကျဉ်းသား လွတ်မြောက်ရေးဆိုတာ အကျဉ်းသားက လွှတ်တာပဲလေ တကယ့်အကျဉ်းသားက လွှတ်မှ မလွှတ်ဘဲနဲ့။ အကျဉ်းသားလွှတ်ပြီးတော့ မစေ့စပ် မဆွေးနွေးရင် အလကားပဲပေါ့။ အဲဒီတော့ စေ့စပ်ဆွေးနွေးရင် အကျဉ်းသားလွှတ်တာ အလိုလို ပါလာမှာပေါ့။

နအဖ ရဲ့ ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို မဝင်လို့ အကယ်၍ အန်အယ်ဒီကို မတရားအသင်း ကြေညာပြီး ဖျက်သိမ်းမယ်ဆိုရင်ရော ဒီအပေါ်မှာ အန်တီတို့ စဉ်းစားထားတာရှိလား။

အဲဒါက သူတို့အပိုင်းလေ။ အန်တီတို့က ကိုယ့်အပိုင်းနဲ့ ကိုယ်ပေါ့။ ဒါတွေက စောပါသေးတယ် ပြောရမှာ။

အခုလာမယ့် အစည်းအဝေးကို ဘယ်လောက်အတိုင်းအထိ မျှော်လင့်ထားပါသလဲ ခင်ဗျာ။

အောက်ခြေကနေ တင်ပြတာကို တကယ်ပဲ စဉ်းစားစေချင်တာပေါ့။
--------------------------------

အမည်မဖော်လိုသော တက်ကြွသည့် အန်အယ်ဒီ အဖွဲ့ဝင်တဦး
(မန္တလေးတိုင်း)

အန်အယ်ဒီရဲ့ အခုလာမယ့် ၂၈-၂၉ ရက်နေ့တွေမှာ တိုင်းနဲ့ ပြည်နယ် အစည်းအဝေး တက်ဖို့ လူရွေးပြီးပြီလားလို့ပါဗျာ။

ရွေးတော့ ရွေးပြီးပြီ။ တိုင်းစည်းထဲမှာ MP တွေ များတာကိုး။ MP တွေလည်း ခေါ်တဲ့အခါကျတော့ ကျန်းမာရေးမကောင်းတဲ့ MP နှစ်ဦး၊ သုံးဦးက လွဲလို့ ကျန်တာသွားကြမှာပါ။ ဘယ်သူတွေ သွားမလဲ ဆိုတာတော့ လောလောဆယ် မတင်ပါနဲ့ဦး။ ကျနော်တို့ဘက်ကတော့ တော်တော်များများ ပြင်ဆင်ထားပြီးပါပြီ။

ဖိတ်စာထဲမှာ ဘယ်လို ရေးထားလဲဗျ။

အဓိကကတော့ တရားဝင် ရပ်တည်နေတဲ့ အန်အယ်ဒီ MP အားလုံးပေါ့နော်။ နောက်ပြီးတော့ တိုင်းစည်းအဖွဲ့တွေထဲက ဥက္ကဋ္ဌ အတွင်းရေးမှူး အပါအဝင် ၅ ဦး။ လူငယ်ကတော့ လူငယ်ဖော်ဆောင်ရေးနဲ့ ဗဟိုအမျိုးသမီး ၃ ဦးစီ။ အဲဒါက ရန်ကုန်မှာပဲ ရှိတော့။ ကျန်တဲ့ တိုင်းတွေ ပြည်နယ်တွေကို မဆိုလိုဘူး။ အဲဒီတော့ မြို့နယ်တွေကတော့ မဆိုင်ဘူး။ အဲဒီမှာ ဘာ ခြွင်းချက် တခုပါလဲဆိုတော့ ဗဟိုတာဝန်တွေမှာ တိုင်းကနေ ပို့ထားတဲ့ လူတွေကတော့ တိုင်း အချိုးထဲမှာ မပါဘူး။ လူငယ် ဖော်ဆောင်ရေး ဆိုတာကတော့ လူငယ်လုပ်ငန်းတွေ ပြန်ပေါ်ထွတ်ဖို့အတွက် ရန်ကုန်ဌာနချုပ်မှာ လုပ်နေတဲ့ ဖော်ဆောင်ရေး။ မန္တလေးတို့ဘာတို့ကျတော့ အကူအညီပေးရေးပဲ ရှိတယ်။ အရင်တုန်းကတော့ တိုင်းလူငယ် post ပေါ့ဗျာ။ တိုင်းလူငယ် လက်ဟောင်းတွေက အခု တိုင်းလူငယ်ဆိုတာ မရှိတဲ့အတွက် အခု အကူအညီပေးရေးအနေနဲ့ ထားပြီးတော့ မြို့နယ်လူငယ် လုပ်ငန်းအဖွဲ့တွေ ဖော်ပေးနေတာ။

မန္တလေးတိုင်းမှာ MP လက်ကျန်တွေ ရှိသေးတယ်လေ။ လောလောဆယ် ရန်ကုန်မှာ ရှိနေတာကတော့ဗျာ အဲဒါတွေ နုတ်ရင် ဒီမှာ ၁၂-၁၅ ဦးလောက် ကျန်တယ်။ အဲဒီအထဲက တချို့က ကျန်းမာရေးကြောင့် ခွင့်တိုင်ထားတာ နှစ်ဦး၊ သုံးဦးလောက် ရှိတယ်။

ဒီအစည်းအဝေးမှာ အဓိက ဘာတွေ ဆွေးနွေးမယ်လို့ထင်လဲဗျ။

အဲဒါ ကျနော်တို့လည်း ဘာမှ ရေရေရာရာ မသိဘူး။ ဒါပေမဲ့ အန်ကယ် ဦးဝင်းတင်က တလောက အင်တာဗျူးတခုမှာ ပြောသွားတဲ့ ပုံစံကတော့ election (ရွေးကောက်ပွဲ) နဲ့ ပတ်သက်တာ မဖြစ်ဘူးပေါ့နော်။ constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျနော့် ခန့်မှန်းချက်ပေါ့ဗျာ။ constitution ကတော့ ဆွေးနွေးတာ သိပ်နောက်ကျနေပြီ။ အဲဒီအတွက် တခြားတစုံတခု အပြောင်းအလဲကို ပါရမယ်။ ညွှန်ကြားချက်မှာ ရေးထားတာ က သူ (ဗဟို) က စာတမ်းတစောင် ချပေးမယ်လေ။ အဲဒီစာတမ်းက ဘာပါသည်၊ မပါသည် ကျနော်တို့က မသိဘူး။ အဲဒါကို ကျနော်တို့က ဆွေးနွေးရမယ်။

ကျနော့်အမြင်အရ ဒါတွေကတော့ အခုချိန်မှာ ထပြီး ဆွေးနွေးနေလို့က သိပ်နောက်ကျနေပြီး ဘာလို့လဲဆိုတော့ ဟိုဘက် (နအဖ) က မဆွေးနွေးစေချင်တဲ့ဆန္ဒ ရှိတယ်လေ။ ဒါကလည်း ပြည်နယ်။ တိုင်းအဆင့်ကို ချပြစရာမလိုဘူးလေ။ အားလုံးက စီအီးစီကို mandate (လုပ်ပိုင်ခွင့်) ပေးပြီးသားပဲ။

နိုင်ငံရေးအရ ထူးခြားတဲ့ ကာလဖြစ်လို့ ဒီအစည်းအဝေးကြီးကို ဘယ်လောက် မျှော်လင့်ထားသလဲဗျ။

ကျနော်ကတော့ သုံးသပ်ဖို့ နည်းနည်းခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ အရင်ထက်စာရင်တော့ အန်ကယ် ဦးဝင်းတင်တို့ရော အန်ကယ် ဦးခင်မောင်ဆွေရော နောက် စီအီးစီမှာ ပါဝင်ပြီးတော့ လှုပ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်တွေ သိုင်းဝိုင်းထားတယ်ဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒါကြီးက ဘယ်လောက်ကြီးအထိ အရေးကြီးမယ်၊ မကြီးဘူးဆိုတာတော့ ခန့်မှန်းလို့ မရဘူး။

အန်အယ်ဒီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကိုရော အားရကျေနပ်မှု ရှိရဲ့လား။ ပါတီ တွင်း - ပြင် စည်းရုံးရေးပေါ့ဗျာ။

နိုင်ငံရေးရာသီပေါ်မှာ မူတည်တာ။ နိုင်ငံရေးရာသီဥတု ကောင်းနေရင် ထွေထွေထူးထူး စည်းရုံးနေစရာ မလိုဘူး။ တော်တော်များများက တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားတယ်။ တခု ဘာထူးခြားလည်းဆိုတော့ ပြီးခဲ့တဲ့လထဲမှာပဲ လယငယ်တွေ ဖွဲ့စည်းတဲ့အခါမှာ လူငယ်တော်တော်များများ တက်တက်ကြွကြွပါကြတယ်ဗျ။ ကျနော်တို့မှာလည်း လုပ်သာ ကိုင်သာတဲ့ အခွင့်အလမ်းတွေရှိမှ ပြည်သူထဲကို လုပ်လို့ရတယ်။ နို့မဟုတ်ရင် မလွယ်ဘူး။

လုပ်သာ ကိုင်သာတဲ့ အခွင့်အလမ်းတွေက ဖန်တီးယူလို့ မရဘူးလားဗျာ။

ဒီမှာက တော်တော်ခဲယှဉ်းပါတယ်။ ဘာလို့လဲဆိုတော့ သဘောကတော့ ရပ်ကွက်တွေမှာ စည်းရုံးရင်ကို သက်ဆိုင်ရာတွေက ကျနော်တို့အပေါ်မှာ အနှောင့်အယှက်ပေးတာ။ အဲဒီမှာ သွားစည်းရုံးခံရတဲ့ လူတွေကိုလည်း အနှောင့်အယှက်ပေးတယ်။ မတ္တရာမှာဗျာ၊ ကျေးရွာတွေမှာ လိုက်ပြီးတော့ ဆင်းတယ်။ ဆင်းတဲ့အခါကျတော့ အဲဒီအိမ်တွေကို ကြိုပြီးတော့သော်လည်းကောင်း၊ ဝင်သွားတဲ့အိမ်တွကို နောက်ကနေ လိုက်ခြိမ်းခြောက်၍သော်လည်းကောင်း တခုခု လုပ်နေတယ်။ လောလောဆယ် ပြည်သူက အဲဒီဒဏ် မခံနိုင်ဘူး။ နောက်ပြီး အခုနောက်ပိုင်း လူတွေက မဆိုင်သလို ဖြစ်သွားတယ်။ စီးပွားရေး အကျပ်အတည်းတွေလည်း ပါတာပေါ့။ နိုင်ငံရေးစိတ်ဝင်စားရင် အဖမ်းခံရတယ်။ အနှိပ်စက်ခံရတယ်ဆိုတဲ့ အမြင်တွေရှိတယ်။ အဲဒီတော့ ကိုယ်လည်း ရပ်တည်လို့ရအောင်၊ နိုင်ငံရေး အနေအထားလည်း ပြည့်ဖြိုးနိုင်အောင်၊ သူတို့လည်း မကြောက်အောင် ကျနော်တို့က သွားနေရတယ်။ အဲဒီတော့ နှေးကွေးတယ်။

တိုင်းစည်းထဲမှာရော အစည်းအဝေးအတွက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

ပါတီရပ်တည်ရေးအတွက် ဦးစားပေးမယ်ဆိုရင် ဘယ်လို အနေအထားနဲ့ သွားမလဲ။ ပါတီရပ်တည်ရေး ဦးစားမပေးဘူးဆိုရင် ဘယ်လိုပုံစံနဲ့ သွားမလဲ။ အရေးကြီးတဲ့အပိုင်းက ရောက်သွားပြီ။ တိုင်းမှာတော့ ဒီကိစ္စတွေ ဆွေးနွေးတယ်။ ဥပဒေ ကျွမ်းကျင်သူတွေ ခေါ်ပြီးတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ အားနည်းချက်တွေကို တိုင်းစည်းထဲမှာ ဆွေးနွေးထားတာတွေ ရှိတယ်။ စီအီးစီ က ပေးတဲ့ အခြေအနေပေါ် မူတည်ပြီး ကျနော်တို့ တိုင်းက တင်ပြဆွေးနွေးသွားမှာပဲ။
--------------------------------

ဒေါ်ညွန့်ညွန့်ဦး
နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ခေါင်းဆောင်တဦးဖြစ်ပြီး ဗန်းမော်ထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ကိုပဏ္ဍိတ်ထွန်း၏ မိခင်

ကိုပဏ္ဍိတ်ထွန်းရဲ့ ကျန်းမာရေးအခြေအနေ နောက်ဆုံး ကြားသိရတာ ဘယ်လိုရှိလဲ အန်တီ။

၃ လပိုင်းက လူတွေ ပြန်လာတော့ မိသားစုတွေက နေကောင်းပါတယ်လို့ ပြောတယ်။ အဲဒီသတင်းက နောက်ဆုံးပဲ။ ကျမ ကလည်း နေထိုင်မကောင်းသလား၊ ဘာများဖြစ်နေမလဲလို့လေ။ ကိုပဏ္ဍိတ် ကျန်းမာရေးက ကျမသွားစဉ်ခါက ကောင်းတယ်လို့ ပြောတယ်။ နောက် သူ့ကို ဘာမှ မပို့နဲ့ဆိုတာလည်း ကျမဆီကို လူကြုံနဲ့ အမြဲပြောတော့ ကျမအနေနဲ့ တအားကြီး စိတ်ပူနေတာမျိုး မဖြစ်ဘူး။ မိခင်စိတ်နဲ့တော့ စိုးရိမ်တတ်ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ် နေမကောင်းဘူး ကြားတယ်။ နောက်ဆုံး ကိုအောင်သူက သူ့မိန်းမ မြတ်မြတ်ထွေး ပြန်လာပြီး တဆင့်ကြားတာ ကိုအောင်သူ နေမကောင်းဘူး။ တအားပိန်သွားတယ် ကြားတယ်။ သူက လေဖြန်းဖူးတယ်။ လေဖြတ်ဖူးတယ်။

ဒီလ ၂၈-၂၉ ရက်နေ့တွေမှာ အန်အယ်ဒီက လွှတ်တော်အမတ်တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးကြီး တခုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိခင်အနေနဲ့ ဒီအစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စကိုလည်း အလေးထားပြီး ဆွေးနွေးစေချင်တဲ့ ဆန္ဒရှိပါသလားခင်ဗျာ။

ဘယ်သူပဲ ဆွေးနွေးဆွေးနွေးပေါ့။ အန်အယ်ဒီမှရယ် မဟုတ်ဘူးလေ။ ကျမတို့ သားသမီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ကတော့ ဘယ်သူကပဲ ဘယ်ရှုထောင့်ကနေပဲ ဆွေးနွေးဆွေးနွေး ကျမ လိုလား လက်ခံရမှာပဲလေ။ ဘယ်သူကပဲ တောင်းဆိုတောင်းဆို ကျမတို့က အမြဲတမ်း မျှော်လင့်နေတဲ့ အနေအထား တခုပဲလေ။

အန်အယ်ဒီရဲ့ အခုလာမယ့် အစည်းအဝေးကလည်း ထူးခြားတယ်ဆိုပြီး ပြောဆိုနေကြတယ်လေ။ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိခင်အနေနဲ့ တစုံတရာ မျှော်လင့်ချက်များ ထားလို့ရမယ်လို့ ထင်သလားအန်တီ။

ကျမတို့ သားတွေ လွတ်မြောက်ရေးထက် ပိုပြီးတော့ စိတ်ဝင်စားတာပေါ့နော်။ မျှော်လင့်တယ်ဆိုတဲ့ စကားလုံးထက် စိတ်ဝင်စားတယ်ဆိုတဲ့ စကားလုံးပဲ သုံးပါတော့မယ်။ အန်အယ်ဒီဟာ ဘယ်လို ပုံသဏ္ဍာန်နဲ့ ဘယ်လို ရပ်တည်မလဲ။ ဘယ်လို ပုံသဏ္ဍာန်နဲ့ ရွေးကောက်ပွဲကို ဘယ်အခန်းကဏ္ဍကနေပြီးတော့ တိုင်းပြည်ကို ထင်သာမြင်သာအောင် ပြမလဲ။ အန်အယ်ဒီနဲ့ နအဖနဲ့ ၂ဝ၁ဝ မှာ တိုင်းပြည်ကို ဘယ်လို အဆင်ပြေအောင် ဖန်တီးမလဲဆိုတာ အဲဒါလေးပဲ စိတ်ဝင်စားတာပါ။ သားတို့ လွတ်မြောက်ရေး မလွတ်မြောက်ရေးကတော့ တိုင်းပြည်ရဲ့ အပြောင်းအပေါ်မှာ မူတည်ပြီးတော့မှ မျှော်လင့်လို့ ရချင်လည်း ရမယ်။ ရချင်မှလည်း ရမှာပေါ့နော်။ လောလောဆယ် အန်တီ စိတ်ဝင်စားတာကတော့ အန်အယ်ဒီရဲ့ သရုပ်သဏ္ဍာန်ဟာ ဘယ်လိုဖြစ်လာမလဲ။ တစ်အချက် စိတ်ဝင်စားတယ်။ နှစ်အချက် အားကိုးပါတယ်။

No comments: