Tuesday, April 21, 2009

ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ

ဖြူစင်လင်း

‘မြန်မာပြည်မြောက်ပိုင်း သစ်တောများအတွက် နောက်ဆုံးခေါ်သံ’

ရန်ကုန် (မဇ္ဈိမ) ။ ။ အာရှတိုက်၏ နောက်ဆုံးကျန်ရှိနေသော မုတ်သုန် သစ်တောများထဲမှ တခုဖြစ်သည့် မြန်မာပြည် မြောက်ပိုင်း သစ်တော များသည် နာတာရှည် ခြိမ်းခြောက်မှု တရပ်ကို ရင်ဆိုင်နေ ကြရသည်။

သစ်များခုတ်လှဲခြင်းသည် ကချင်ပြည်နယ်သို့ မျက်နှာဖုံးအသစ်တခုတပ်၍ ပြန်လည်ရောက်ရှိလာသည်။ ယခုတော့ သစ်ခုတ်ခြင်းသည် ဤကမ္ဘာပေါ်ရှိ အများဆုံး လက်ကျန်ကျွန်းသစ်များ ပေါက်ရောက်နေရာ အကြီးဆုံး အစိမ်းရောင် သစ်တောတွင်းတွင် တရားမဝင် လုပ်ငန်းတခု မဟုတ်တော့။ ဤတကြိမ် ဤဒေသသို့ သစ်ခုတ်လုပ်ငန်း တကျော့ပြန်လာပုံမှာ ပိုမိုကြီးမားသော ရည်မှန်းချက်ကြီးနှင့် ဖြစ်သည်။ လယ်ယာနှင့် သစ်တောဖွံ့ဖြိုးရေး စီမံကိန်းများ အမည်ဖြင့် ပိုမိုလုံခြုံစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဆယ်စုနှစ်ပေါင်းများစွာ သစ်တောများ ပြုန်းတီးခဲ့ရခြင်းသည် ဒေသခံလူထု၏ အစဉ်အလာ စိုက်ပျိုးရေး စနစ် ကြောင့်နှင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော အာရှတိုက်၏ အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြောင့် ဖြစ်သည်။ ဒေသတွင်း အကြီးအကျယ် အလျင်အမြန် တရားမဝင် သစ်ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်းမှာ တရုတ်ပြည်စီးပွားရေး ၁၉၉ဝ စုနှစ်များအတွင်း တဟုန်ထိုး တိုးတက် လာ ခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်း ယူနန်ပြည်နယ်မှ သစ်ကုမ္ပဏီများ ရောက်ရှိလာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တဖန် ဤလုပ်ငန်း ထူးထူးခြားခြား တဟုန်ထိုး တိုးတက်သွားရခြင်းမှာ သူ့နိုင်ငံအတွင်း ဆိုးဆိုးဝါးဝါး ရေလွှမ်းမိုးမှု ပြဿဿနာများ ကြုံတွေ့ရပြီးနောက်ပိုင်း ၁၉၉၈ ခုနှစ်တွင်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂ဝဝဝ စုနှစ်များ အစောပိုင်းတွင် မြန်မာပြည်မြောက်ပိုင်းရှိ သစ်တောများမှာ အလျင်အမြန်ပင် လုံးပါးပါးသွားခဲ့သည်။ ကချင်ပြည်နယ်မှာလည်း နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ အလေးထား စောင့်ကြည့်ရသည့် ဒေသတခု ဖြစ်လာခဲ့သည်။ သို့သော် သစ်ခုတ်လှဲ ထုတ်လုပ်သူများက သူတို့လုပ်ငန်းကို အန္တရာယ်ကင်းကင်း၊ လျင်လျင်မြန်မြန် ဆက်လက် ထုတ်လုပ်လုပ်ကိုင်သွားနိုင်မည့် နည်းလမ်းသစ်တခုကို နောက်ဆုံးတွင် တွေ့ရှိသွားခဲ့သည်။

အစိုးရက ဇီဝလောင်စာ အစားထိုး အသုံးပြုရေး တနိုင်ငံလုံး လှုံ့ဆော်လုပ်ဆောင်သည့် အနေဖြင့် ကြက်ဆူပင်ကို နိုင်ငံတော်တဝှမ်းလုံးတွင် နိုင်ငံတော်သီးနှံအဖြစ် ၂ဝဝ၆ ခုနှစ်မှ စတင်၍ စိုက်ပျိုးစေခဲ့သည်။ ဤသို့ ကြက်ဆူပင်များ စိုက်ပျိုးစေခြင်းသည် အခြားဒေသမှ လူများအတွက် အလုပ်ရှုပ်ရုံသက်သက်သာ ဖြစ်သော်လည်း၊ ကချင်ပြည်နယ်အတွက်မူ ၂ဝဝဝ စုနှစ်များ အစောပိုင်းက သစ်ခုတ်သူများလက်မှ ကံကောင်း၍ ကျန်ကောင်းကျန်ရာ ကျန်ခဲ့သည့် သစ်တောများကို ကွယ်ပျောက်သွားစေခဲ့သည်။ ကုမ္ပဏီများက သစ်တောများကို ခုတ်ထွင်ရှင်းလင်း၍ ကြက်ဆူပင်များကို အကြီးအကျယ် စိုက်ပျိုးကြသည်။ အကျိုးဆက်အားဖြင့် ခါတိုင်းလိုပင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို တရုတ် သစ်ကုမ္ပဏီများထံသို့ ယူဆောင်ရောင်းချလိုက်ကြသည်။

အခြားကုမ္ပဏီများကလည်း ဉာဏ်အလင်းရ၍ ဤ ကြက်ဆူပင် စီမံကိန်းများကို ပုံတူကူးချကာ ဒေသအတွင်း သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းလုပ်ငန်းကို အကြီးအကျယ် တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် ဤမြင့်မြတ်သော ကြိုးပန်းဆောင်ရွက်ချက်များကို သူတို့ တာဝန်သိသိဖြင့် လုပ်ကြပါမည်ဟု ပြောဆိုကြသည်။

၂ဝဝ၈ ခုနှစ် မေလ က ထုတ်ပြန်ခဲ့သော သစ်တောစည်းမျဉ်းအရ စိုက်ပျိုးရေးနှင့် သစ်တောစီမံကိန်းများကို လုပ်ဆောင်လိုသည့် ကုမ္ပဏီများသည် သစ်တောများကို သစ်တောဝန်ကြီးဌာနထံမှ နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နိုင်သည်။

ကုမ္ပဏီများသည် ယူနန်ပြည်နယ်ရှိ ဘဏ်များမှ ငွေများ ချေးငှားလုပ်ကိုင်ကြသည်။ အိမ်နီးချင်း မိတ်ဆွေများ၏ အလွန်ကြီးကျယ်သော လယ်ယာစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရန် ယူနန်ပြည်နယ်ရှိ ဘဏ်များနှင့် သစ်ကုမ္ပဏီများက အလွန်ပင် စိတ်အားထက်သန်ကြသည်။

ဤ သို့ဖြင့် နောက်ထပ် ထွန်စက်များ၊ ဘူဒိုဇာ ကျွဲရိုင်းစက်ကြီးများ၊ ကားများနှင့် အခြား စက်ယန္တရားများ ဒေသတွင်းသို့ ရည်မှန်းချက်ကြီးစွာ ဝင်ရောက်လာတော့သည်။ ကချင်ပြည်နယ်နှင့် ယူနန်ပြည်နယ်အကြား လမ်းများကိုလည်း အသစ်တဖန် ပြန်လည်ဖောက်လုပ်ခဲ့ရာ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီးထက်ပင် ပိုကောင်းနေသေးသည်ဟု ဆိုသည်။

ဒေသခံ ကချင်အမျိုးသားတဦးကမူ “လမ်းတွေ ပိုကောင်းလေ ကျနော်တို့သစ်တောတွေ ကုန်လေပဲ” ဟု မှတ်ချက်ချသည်။

ဤသို့ဖြင့် နောက်ဆုံးတွင် ကချင်ပြည်နယ်အတွင်းရှိ သစ်တောများကို ကုမ္ပဏီများက ခွဲဝေယူလိုက်ကြသည်။ ဤကုမ္ပဏီများက မြန်မာပြည်မြောက်ပိုင်းတွင် စိုက်ပျိုးနေသော အ"ိကသီးနှံ ၄ မျိုး ရှိသည်။ ယင်းတို့မှာ ကြံ၊ ရာဘာ၊ ပီလောပီနံနှင့် ကြက်ဆူပင်တို့ ဖြစ်ကြသည်။ ကုမ္ပဏီတခုစီသည် ဒေသတွင်းတွင် ပျှမ်းမျှ သစ်တောဧရိယာ ဧက ၂ သိန်းခန့် ရယူလုပ်ကိုင်နေကြသည်။

ဤနိုင်ငံတော် သီးနှံများကို စိုက်ပျိုးနိုင်ရန် သစ်တောများကို အပြောင်ရှင်း ခုတ်လှဲကြဦးမည်ဆိုသည်မှာ ပြောစရာပင် မလိုပါ။ သို့သော် ယခုတကြိမ် ဒေသတွင်းကျန်ရှိသော သစ်များကို ခုတ်လှဲခြင်းမှာ ပိုမိုကြီးကျယ်၍ ပိုမို အန္တရာယ်ကြီးမားသည်။ မြန်မာပြည်မြောက်ပိုင်းတွင် သစ်တောများ ပြုန်းတီးရခြင်း၏ အ"ိက အကြောင်းရင်းမှာ စိုက်ပျိုးရေးစီမံကိန်းများ တိုးချဲ့လုပ်ကိုင်လာခြင်းကြောင့် ဖြစ်သည်ဟု သစ်တောအရာရှိတဦးက ပြောသည်။ သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းထက် ရှိနေသော သစ်တောများကို ထိန်းသိမ်းထားခြင်းသာ ဖြစ်သည်ဟု သူက နိဂုံးချုပ် ပြောကြားသည်။ အကြောင်းမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၏ အနာဂတ်တွင် အောင်မြင်နိုင်မှုမှာ မသေချာဟု သူက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်ရှိ သစ်ပင် ပြန်လည်စိုက်ပျိုးရေး အခြေအနေ မည်သို့ ရှိပါသလဲ။

ဒေသအတွင်း ပြန်လည်စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောအရာရှိများက ကျွန်းသစ်နှင့် အခြားသစ်ပင်များ ပြန်လည်စိုက်ပျိုးနေသည့် စီမံကိန်းအချို့ ရှိသည်။ သို့သော် ဤစီမံကိန်းများ၏ အတိုင်းအတာနှင့် အချိန်ကာလမှာ သစ်ခုတ်လှဲထုတ်လုပ်သည့် စီမံကိန်းများနှင့် မယှဉ်သာပါ။

ဤမြန်မာပြည်မြောက်ပိုင်းရှိ သစ်တောများကို ပထမဆုံးအကြိမ် ဗြိတိသျှအစိုးရက ၁၈၉၅ ခုနှစ်တွင် အမြဲတမ်းကြိုးဝိုင်း ဧရိယာ (Permanent Forests Estates – PFE) အဖြစ် သတ်မှတ် မှတ်ပုံတင်ခဲ့သည်။ သို့သော် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာအစိုးရက ဤသို့ PFE အဖြစ်သတ်မှတ် မှတ်ပုံတင်ခြင်းကို ၂ဝဝ၅ ခုနှစ်ကျမှသာ ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သည်။

သစ်ပင်များခုတ်လှဲခြင်း၏ အမြန်နှုန်းမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၏ အမြန်နှုန်းထက် အဆမတန် ကွာခြားမြန်ဆန်သည်။

မြန်မာ့သစ်လုံးများ တင်ထားသော ထရပ်ကားများ ယခုတိုင် တရုတ်နယ်စပ်သို့ ဖြတ်ကျော်သွားနေဆဲဖြစ်သည်။

ဒေသတွင်းတွင် သစ်ပင်များ လုံးပါး ပါးလာနေပြီ။

ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုမှာ အဆမတန် တိုးပွားလာနေသည်။

ဤအန္တရာယ်ခေါ်သံသည် မြန်မာပြည်လူထုအတွက်သာမဟုတ်၊ အာရှတိုက်ရှိ လူသားအားလုံးအတွက်လည်း ဖြစ်သည်။

No comments: