သျှမ်းသံတော်ဆင့်
မြောက်ပိုင်း ၀ ဌာနချုပ် အောက်မှ တောင်ပိုင်း ၀ တပ်ဖွဲ့ အား စည်းရုံး ဖဲ့ထုတ်ရန် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူး ကြီး ကျော်သူ အား တြိဂံ ဒေသ နအဖ စစ်တိုင်းမှူး က အာဏာကုန် တာဝန် ပေးထား သည်ဟု နယ်စပ် သတင်း ရပ်ကွက် ကဆိုသည်။
စစ်အစိုးရက ကျနော်တို့တောင်ပိုင်း ၀ တပ်ဖွဲ့ကို သီးခြားဖဲ့ထုတ် စည်းရုံးဖို့စီမံချက်ရှိလို့ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူကို တာဝန်ပေး လိုက်တာသိရတယ်။ ဂျွန်လကစပြီး ဟွေ့အော့ ၀ တပ်စခန်းထဲ သူအကြိမ်ကြိမ်သွားတယ်” - ဟု တောင်ပိုင်း ၀ အရာရှိတဦးကပြောကြောင်း မိုင်းတုံဒေသခံတဦးက ပြန်ပြောပြသည်။
မည်သို့ပင်ဆိုစေ တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဆုံးဖြတ်ချက်မှာ ၂၀၀၉ ကုန်အထိ ၁၇၁ စစ်ဒေသ၏ ရပ်တည်ချက် ပြောင်းလဲမှု မရှိဘဲ ပန်ဆန်းဌာနချုပ် ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦး၏ ဇနီးနှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောပါသည်။
စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲစည်းရုံးမှုကို ရှောင်ကွင်းကျော်လွှားပြီး ကြံ့ကြံ့ခံ ရပ်တည်သွားနိုင်ရန် တောင်ပိုင်း ၀ အမှတ် ၁၇၁ စစ်ဒေသရှိ တပ်မဟာမှူးများ၊ တပ်ရင်းမှူးများ စုံညီအစည်းအဝေးတရပ် ခေါ်ယူခဲ့သည်ဟုဆိုသည်။
“ဂျူလိုင် ၈ ရက်နေ့ ကျနော်တို့ အစည်းအဝေး တနေကုန်ထိုင်ရတယ်။ ညဘက်လဲ ဆက်လုပ်တယ်၊ ဆွေးနွေးတဲ့အထဲမှာ စစ်အစိုးရဘာဘဲလုပ်လုပ် သူတို့အပိုင်း၊ ကျနော်တို့ကတော့ အနည်းဆုံး ဒီနှစ်ကုန်တဲ့အထိ ပန်ဆန်းဌာနချုပ်ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ အချက်လဲပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဂျွန် ၆ - ၇ ရက်နေ့ စရဖ အကြီးအကဲ ပန်ဆန်းသို့သွားရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်ခံရန် ဖြောင်း ဖြ ခဲ့သော်လည်း UWSA ခေါင်းဆောင်များ ဘူးခံငြင်းပယ်ကြသဖြင့် ဒု ဗိုလ်ချုပ်ကြီးရဲမြင့် လက်ချည်းဗလာပြန်ခဲ့ရသည်ကို ရည်ညွှန်း ခြင်းဖြစ်သည်။
အမှတ် ၁၇၁ စစ်ဒေသတောင်ပိုင်း ၀ တပ်ဖွဲ့ လက်အောက် တပ်မဟာများမှာ တာ့ဆုန်း ဦးဆောင်သည့် တပ်မဟာ ၇၇၂၊ ယန်ကော်ကျုံး ဦးဆောင်သည့် တပ်မဟာ ၇၇၅၊ တာ့မန်း ဦးဆောင်သည့် တပ်မဟာ ၇၇၈ ၊ တာ့နပ် ဦးဆောင်သည့် တပ်မဟာ ၅၁၈ နှင့် တပ်မဟာ ၂၄၈ တို့ဖြစ်ကြပြီး၊ တပ်မဟာ တခုလျှင် အနည်းဆုံး တပ်ရင်း ၃ ရှိသည်ဟု ဆိုပါသည်။
တောင်ပိုင်း ၀ ခေါင်းဆောင်ပိုင်း အချို့သည် ၎င်းတို့ဒေသအတွင်း လယ်ယာလုပ်ငန်း၊ ရာဘာခြံလုပ်ငန်း၊မွေးမြူရေး လုပ်ငန်း များ၌ ထိုင်းဘတ်ငွေသန်းပေါင်းများစွာရင်းနှီးမြှုပ်နှံထားသောကြောင့် စစ်အစိုးရက အဆိုပါကိစ္စကိုအခွင့်ကောင်း ယူပြီး လုပ်ငန်းရှင် ၀ ခေါင်းဆောင်ပိုင်းများအား စည်းရုံးသိမ်းသွင်းနိုင်မည့် အလားအလာရှိသည်ဟု မှတ်ယူနေကြကြောင်း လေ့လာသူများက ပြောပါသည်။
No comments:
Post a Comment