Tuesday, July 7, 2009

မြန်မာ စစ်အစိုးရကို အထီးကျန် ဖြစ်မည်ဟု မစ္စတာ ဘန်ကီမွန်း သတိပေး

ဧရာဝတီ Tuesday, 07 July 2009

မြန်မာ စစ် အစိုးရ အနေ နှင့် နိုင်ငံ တကာ အ သိုင်း အ၀န်း ကို အလေး မထား ဘဲ မိမိတို့ ၏ မူဝါဒ များကို တရားသေ ဆက်လက် ဆုပ်ကိုင် ထားမည် ဆိုပါက ပိုမို အထီး ကျန်လာ မည် ဟု ကုလ သမဂ္ဂ အထွေထွေ အတွင်း အရေးမှူး မစ္စတာ ဘန်ကီမွန်း က ယမန် နေ့က သတိပေး လိုက်သည်။

လွန်ခဲ့ သော ရက်များ အတွင်း မြန်မာ ပြည်သို့ သွားရောက် ခဲ့သည့် မစ္စတာ ဘန်ကီမွန်း ၏ ခရီးစဉ် နှင့် ပတ်သက်ပြီး သတင်း ထောက် များ ကို ရှင်းလင်း ပြောဆို ရာတွင် အထွေထွေ အတွင်း ရေးမှူး ၏ ပြောခွင့် ရပုဂ္ဂိုလ် Michele Montas က ဘန်ကီမွန်း အနေ နှင့် မြန်မာ စစ်ခေါင်း ဆောင်များ ကို အလွန် အမင်း စိတ်ပျက် မိကြောင်း ဖော်ပြခဲ့ သည်ဟု ပြောဆို ခဲ့သည်။

မစ္စတာ ဘန်ကီမွန်း အနေ နှင့် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ခွင့် ရရန် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကို ပန်ကြား ခဲ့ သော်လည်း တွေ့ ဆုံခွင့် ကို ပယ်ချ ခံခဲ့ရ သောကြောင့် အလွန်း အမင်း စိတ်ပျက် မိခဲ့ကြောင်း ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“အခုလို အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်တယ် ဆိုတာကို ပြသဖို့အတွက် အရေးပါပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ စေ့စပ် ညှိနှိုင်းမှုဆီကို တဆင့် တက်လှမ်းဖို့ လိုလားတဲ့ အကြောင်း ပြသရမှာ ဖြစ်ပါတယ်” ဟု ၎င်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မြန်မာစစ်အစိုးရသည် ပွင့်လင်းသော နိုင်ငံရေး ခေတ်သစ်ကို လိုလာကြောင်း ပြသရန် အထူးအခွင့်အရေးတရပ် လက်လွတ်ခဲ့ရပြီဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားကြောင်း၊ ဆက်လက်၍ ၎င်း၏ မြန်မာ ပြည်ခရီးစဉ်သည် မြန်မာအစိုးရအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက အာရုံစိုက်နေသည်ကို ဖော်ပြနိုင်ခဲ့ကြောင်း Michele Montas က ပြောသည်။

မစ္စတာ ဘန်ကီမွန်းအနေနှင့် မြန်မာပြည်တွင် ရှိနေစဉ်အတွင်း မြန်မာ့ နိုင်ငံရေး တိုးတက်ရေးအတွက် အဆိုပြုချက်များ ချပြခဲ့သည်။

ယင်းအဆိုပြုချက်များတွင် မြန်မာ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသမားများ အားလုံးကို နှောင့်နှေးခြင်းမရှိဘဲ ပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်အတွင်း ၎င်းတို့အနေနှင့် လွတ်လပ်စွာ ပါဝင်နိုင်ရန် ခွင့်ပြုရမည်ဟု ပါရှိကြောင်း သိရသည်။

အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ (USCP) ကမူ မစ္စတာဘန်ကီမွန်း၏ မြန်မာ့အရေး မူဝါဒသည် အခြေခံအားဖြင့် ချို့ယွင်း အားနည်းချက်များရှိနေပြီး လုံခြုံရေးကောင်စီအနေနှင့် အချိန်မဆိုင်းဘဲ အရေးယူမှုများ လုပ်ဆောင်ရန်လိုကြောင်း ပြောကြားသည်။

USCP ၏ အမှုဆောင်အရာရှိတဦးဖြစ်သူ ဦးအောင်ဒင်က “လွန်ခဲ့တဲ့ ၁၀ စုနှစ် ကတည်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်နိုင်ငံရေး ပြောင်းလဲဖို့ သံ အဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
အဲဒီလို သံအဖွဲ့တွေ စေလွှတ်ခြင်းဟာ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေ မလုပ်နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှား အသုံးပြုခဲ့တဲ့ မူဝါဒပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

တချိန်တည်းတွင် ဦးအောင်ဒင်က ဤကဲ့သို့သော သံအဖွဲ့များ စေလွှတ်သည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် အခြေခံ ချို့ယွင်းအားနည်းချက်များ ရှိပြီး အထွေထွေအတွင်းရေးမှူးချုပ် အနေနှင့်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအချိန်သည် မစ္စတာဘန်ကီမွန်းအနေနှင့် ရာဇ၀တ်မှုများ ကျူးလွန်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရအပေါ် စုံစမ်းမှုများ စတင်လုပ်ဆောင်ရမည့် အချိန်ဖြစ်ပြီး တကမ္ဘာလုံးအနေနှင့် စစ်အစိုးရအပေါ် လက်နက်ပိတ်ဆို့ရန် တောင်ဆိုချိန် ရောက်နေပြီဖြစ်ကြောင်းလည်း ဦးအောင်ဒင်က ပြောကြားခဲ့သည်။

No comments: