Wednesday, July 1, 2009

မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နိုင်ဟု သတင်းများထွက်ပေါ်

NEJ / ၁ ဇူလိုင် ၂၀၀၉

စစ် လက်နက်များ နှင့် ဆက်စပ် ပစ္စည်းများ တ ရား မ၀င် တင်ဆောင် လာသည်ဟု သံသယ ဖြစ်ပွား ခံရသည့် Kang Nam ကုန်တင် သင်္ဘောသည် မူလ လာရင်း လမ်းကြောင်း ပြောင်း ပြီး မြောက်ကိုရီးယား နိုင်ငံ ဘက်သို့ ပြန်လည် ဦးတည် ခုတ်မောင်း နေပုံ ရကြောင်း သံတမန် သတင်း ရပ်ကွက် များကို ကိုးကားပြီး ယ နေ့ထုတ် တောင်ကိုရီးယား သတင်းစာ Korea Herald တွင် ဖော်ပြ သည်။

ယင်းသို့ သင်္ဘော နောက်ကြောင်း ပြန်လှည့် နေသည့် သတင်းကို အမေရိကန် ပင်တာဂွန် အရာရှိ တဦးကို ကိုးကား ပြီး အေအက်ဖ်ပီ သ တင်းတွင် ပါရှိ ကြောင်းလည်း ဖော်ပြ ထားသည်။

Kang Nam သင်္ဘော သည် သံသယ ဖြစ်ဖွယ် လက်နက်များ တင်ဆောင်ကာ မြန်မာ နိုင်ငံ ဘက်သို့ ဦးတည် သွားနေ ပုံရကြောင်း တောင် ကိုရီးယား YTN ရုပ်မြင် သံကြား သတင်း တွင် ဖော်ပြ ခဲ့သည်။

အကယ်၍ Kang Nam သင်္ဘော နောက်ကြောင်းပြန်လှည့်သည် ဆိုသည့်အချက် မှန်ကန်ပါက မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တားမြစ်ချက်များ သက်ရောက်မှုရှိသည်ကို ပြသခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောသည်။

ယင်းသို့ မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နေသည်ဆိုပါက ကုလသမဂ္ဂ၏ တားမြစ်ပြဋ္ဌာန်းချက် ၁၈၇၄ သည် သက်ရောက်မှုရှိလာပြီဖြစ်ကြောင်း ကိုရီးယားသိပ္ပံ ကာကွယ်ရေးဆိုင်ရာသုံးသပ်မှုဌာနမှ ကျွမ်းကျင်သူ ကင်တေ၀ူးက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖြည့်စွက်ပြဋ္ဌာန်းချက် ၁၈၇၄ တွင် တရားမ၀င်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည်ဟု သံသယရှိခြင်းခံရသည့် မြောက်ကိုရီးယားသင်္ဘောများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရှာဖွေခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်ကို ပြီးခဲ့သည့်မေလတွင် မြောက်ကိုရီးယားက အနုမြူဗုံးစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းချက်အသစ်ချမှတ်လိုက်ပြီးသည့်နောက် Kang Nam မြောက်ကိုရီးယားသင်္ဘောသည် နိုင်ငံတကာ၏ စောင့်ကြည့်စိစစ်ခြင်းခံရသည့် ပထမဆုံးသင်္ဘောဖြစ်သည်။

ပြီးခဲ့သည့် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယားဆိပ်ကမ်း Nampo သင်္ဘောဆိပ်မှ ထွက်ခွာခဲ့သည့် အဆိုပါ သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အပါအ၀င် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ယူဆထားကြပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံ လိုက်နေခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရကမူ ပြည်ပသတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam ကုန်တင်သင်္ဘောနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းတစုံတရာရရှိခြင်း မရှိကြောင်း ကြေညာခဲ့သည်။

အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနိုင်ငံ သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ရန်ရှိသည်ဟုလည်း သတင်းများပေါ်ထွက်ခဲ့ သည်။

No comments: