စံခလပူရီ။ ။ KNU တပ်မဟာ ၆ အား ထိုးစစ်ဆင်ရန် နောက်ထပ် ဝင်ရောက် လာသည့် နအဖ စစ်ကြောင်း တစ်ကြောင်း ယနေ့ ညနေ ၃ နာရီခန့်၌ ချောင်းဆုံ လှေဂိတ်မရောက်မီ တစ်မိုင်ခန့် အလို တွင် မိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားတွေ့မိခဲ့ကြောင်း အကူအညီ ပေးခဲ့ရသူများ ပြောပြချက်အရ သိရသည်။ အဆိုပါ မိုင်းဒဏ်ကြောင့် နအဖစစ်သား ၄ ဦးပွဲချင်းပြီး ကျဆုံးခဲ့သည်၊ ဘုရားသုံးဆူမြို့ ဆေးရုံသို့ သို့ပို့ဆောင်လာသော ဒဏ်ရာရသူ စစ် သား ၈ ဦးအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ယင်းဒဏ်ရာရသူများအား အကူအညီပေး ထမ်းပို့လာသူများက ဆိုပါသည်။
အဆိုပါ တိုက်ပွဲဖြစ်သည့် နေရာမှာ ဘုရား သုံးဆူမှ အနောက် မြောက်ဖက် ၁၁ မိုင်ခန့်ရှိပြီး သံဖြူဇရပ်မြို့ သို့သွားရာ မော်တော်ကား လမ်းဖြစ် သည်။ မိုးတွင်း၌ မော်တော်ကားများ မသွားနိုင်ပေ။
၎င်းစစ်ကြောင်းသည် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မိုးမင်းသိမ်းဦးစီးသည့် ခမရ ၃၅၆ ၊ စစ်ကြောင်း ၁ ဖြစ်ပြီး မိုင်းဒဏ်မခံရစဉ်တွင် စစ်သားစုစုပေါင်း အင်အား ၅၀ မပြည့်ဟု အနန်းကွင်းဖက်မှ တက်လာသူ လမ်းပြတစ်ဦးက ပြောပြပါသည်။
ယင်းမိုင်းပေါက်ကွဲမှုမှာ KNU တပ်မဟာ ၆ ၏ ရှေ့ထွက်မိုင်း M 18 A1 APERS MINE လက်ချက်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်သူများ ပြောကြားကြသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အထွက် မဲ့ကသာရွာဖက်သို့အသွား DKBA ဂိတ်စခန်းတစ်ခုအနီး ပေါက်ကွဲမှု နှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ရာ ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ ဒုရင်းမှူး ထိုနေရာကိုမရောက်မီ မိနစ်ပိုင်းအလိုတွင် ဖြစ်သည်။
တပ်မဟာ ၆ သို့ဧရိယာအတွင်း KNU နှင့် DKBA တပ်ဖွဲ့ဝင်တို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ကို မတွေ့ရှိရသေးပါ။
DKBA ဝင်ရောက် စခန်းချရာနောက်သို့ နအဖတပ်ဖွဲ့များ မသိမသာဝင်ရောက် လာနေသည်။ နအဖတပ်များကို KNU မှ အမြဲမပြတ်စောင့်ကြည့်၍ ပျောက်ကြားတိုက်ခိုက်သွားမည်ဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။
No comments:
Post a Comment