မင်းဟန်
(၈၂)
၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇-ရက်…။
မြစ်ကြီးနားမြို့ …..။
ညနေ… ၅ နာရီတွင် မြစ်ကြီးနားရှိ အဖွဲ့ချုပ်၊ အဖွဲ့ဝင်လူငယ်များ အခြား နိုင်ငံရေး အဖွဲ့အစည်းများမှ လူငယ်၊ ကျောင်းသားများ နှင့် တွေ့ ဆုံ ရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထား၏။ မြစ်ကြီးနားရှိ တည်းခိုသည့် နေအိမ်၌ပင် တွေ့ဆုံရန်ဖြစ်သည်။
ဤနေ့ခရီးက …. တတ်သုတ်ရိုက်၍ စည်းရုံးရေးခရီးပြင်းနှင်သကဲ့သို့ရှိ၏။ နံနက်မိုးသောက်သည်နှင့် မြစ်ကြီးနား အဖွဲ့ချုပ်ရုံးသို့သွားပြီး အဖွဲ့ချုပ်စည်းရုံးရေးမှူးများနှင့် တွေ့၏။ ပြီးလျှင် …. အံတော်ရှင်စေတီရင်ပြင်၌ မြစ်ကြီးနားလူထုနှင့် တွေ့သည်။ လူထုအား နှုတ်ဆက်မိန့်ခွန်း ပြော၏။ လူထုကမေးသည့် မေးခွန်းများအား ဖြေကြား၏။ ထိုမှ …. ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ကရက် KNDC ရုံးသို့သွားပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကြ၏။ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမြင်ဖလှယ်ကြ၏။ KNDC ရုံး၌ သူမဆွေးနွေးခဲ့သည့် စကားအား ဒေါ်အောင်ဆန်းစုကြည်ပြန်၍ တွေးကြည့်၏။
“ကျမတို့အားလုံးဟာ စိတ်ဓာတ်လုံခြုံမှု ရနိုင်မယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်။ စိတ်ဓာတ်လုံခြုံမှုရမှပဲ စီးပွားရေးလုံခြုံမှုကို ကျမတို့ ရနိုင်မှာပါ။ ဝိုင်းပြီးတော့ နိုင်ငံရေးအရ ကြိုးစားကြပါ၊ ပံ့ပိုးကြပါ၊ ထောက်ခံကြပါ။ ကျမတို့ ပြည်ထောင်စုသစ်ကြီး ထူထောင်ဖို့ဆိုတာဟာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် ထမ်းဆောင်ကြပါ”
“စိတ်ဓာတ်လုံခြုံမှု ရနိုင်မယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်” …. ဟူသည့် အသုံးအနှုံးအား သုံးခဲ့၏။ ဤဝေါဟာရအဓိပ္ပာယ် ဆိုလိုရင်းအား အားလုံး သဘောပေါက်နိုင်ကြပါ့မလား …. ပြန်တွေးမိရင်း ….. နောင်ဆွေးနွေးပွဲများတွင် လူထုနား၌ ရှင်းလင်းလွယ်ကူစွာ သဘောပေါက်နိုင်သည့် အသုံးအနှုံးမျိုးအား ရွေးချယ်၍ သုံးသွားရန်လိုမည်ဟု စိတ်၌ ဒေါ်အောင်ဆန်းစုကြည် တေးမှတ်ထားလိုက်၏။
မြစ်ကြီးနားမှ ‘မန်ခေး’၊ ‘ကရိန်နော်’ ခရီးက …. ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းမြောက်ဖွယ်၊ အားတက်ဖွယ်၊ စိတ်လှုပ်ရှားဖွယ်အတိနှင့် ခရီးဟု ဆိုရမည်။ ‘မန်ခေး’ နှင့် ‘ကရိန်နော်’ ရွာများက ‘လီဆူး’ တိုင်းရင်းသားများ နေထိုင်ကြသည့် ရွာများဖြစ်သည်။ လီဆူးလူထုက ဗမာစကားအား ပြည့်ပြည့်စုံစုံ နားမလည်ကြ။ ဤအတွက်…. လီဆူးလူထုနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောပြီး လီဆူးတိုင်းရင်းသူလေးတဦးက လီဆူးဘာသာသို့ ပြန်ပေးရ၏။
“ကျမတို့ တိုင်းရင်းသားလူမျိုးအားလုံးဟာ ဒီမိုကရေစီကို လိုလားကြတယ်လို့ ကျမထင်ပါတယ်။ ဒီလို လိုလားရတဲ့ အကြောင်းကလည်း ဒီမိုကရေစီဆိုတာ အများအကျိုးကို ဖော်နိုင်တဲ့စနစ်လို့ ယုံကြည်လို့ လိုလားကြတယ်လို့ ကျမ ယုံကြည်ပါတယ်။ လူတိုင်း လူတိုင်းဟာ ဒီမိုကရေစီ လိုချင်တယ်ဆိုတာကတော့ လူ့အခွင့်အရေးများကို ပြည့်ပြည့်စုံစုံ ခံစားပိုင်ခွင့်ကို လိုချင်လို့ပဲလို့ ကျမတို့ ယုံကြည်ပါတယ်။ လူ့အခွင့်အရေးများ ပြည့်ပြည့်စုံစုံ ခံစားပိုင်ခွင့် ရှိမှသာ ကျမတို့ တိုင်းရင်းသားလူမျိုး အားလုံးဟာ ဘဝမှာ လုံလုံခြုံခြုံနဲ့ အေးအေးချမ်းချမ်း နေနိုင်ကြမှာ ဖြစ်ပါတယ်”
သူမ ပြောခဲ့သည့်စကားအား ‘လီဆူး’ ဘာသာသို့ပြန်ပေးနေသည့် လီဆူးပျိုဖြူလေး၏ ‘ဟန်’ နှင့် ‘အသံ’ က ဒေါ်အောင်ဆန်းစုကြည်၏ အမြင်တွင် မပျောက်…။ ယခုတိုင်စွဲထင်၍ နေဆဲ….။
မန်ခေးတွင် ‘ဒေါ်ကြာဘောက်’ ၏ နေအိမ်သို့ဝင်၍ ဒေါ်ကြာဘောက်အား ဂါဝရပြုနှုတ်ဆက်ခဲ့၏။ ဒေါ်ကြာဘောက်က …. ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးတိုက်ပွဲအတွင်း အတူတိုက်ပွဲဝင်ခဲ့သည့် ရဲဘော်ရဲဘက်…။ လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်ရဲဘော်ဟောင်းကြီး…..။ ‘ဒေါ်ကြာဘောက်’ က ဒေါ်အောင်ဆန်းစုကြည်အား ဖခင်ဗိုလ်ချုပ်အပေါ် အမှတ်ရချက်များအား ပြန်ပြောပြနေ၏။ ဖခင်၏ သမိုင်းမှန်ကူကွက်အချို့….။
ဒေါ်အောင်ဆန်းစုကြည်အား သမိုင်းဆိုင်ရာ နွေးထွေးမှုများနှင့် ထွေးပွေ့ထားခဲ့၏။
မြစ်ကြီးနားသို့ ဒေါ်အောင်ဆန်းစုကြည်တို့ ရောက်သည့်နေ့တွင်၊ ‘ဘင်ခရာ’ တီးဝိုင်းနှင့် ကြိုဆိုခဲ့၏။ ‘ဘင်ခရာ’ တီးသည့်သူများက အသက် ၇၀ အရွယ် သက်ကြီးရွယ်အိုများ….။ သူတို့က …. လွန်ခဲ့သည့် ၁၉၄၆ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားသို့ စည်းရုံးရေးခရီး လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်အား ကြိုဆိုခဲ့ကြသည့် ‘ဘင်ခရာ’ တီးဝိုင်းမှ အသက်ရှင်သန်၍ ကျန်နေခဲ့ကြသည့် သူများ….။ ယခု သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား သူတို့ပင်…..‘ဘင်ခရာ’ တီး၍ ကြိုကြ၏။ လွမ်းမောဖွယ် ….. စိတ်လှုပ်ရှားဖွယ်…..။
မြစ်ကြီးနားတွင်ပင် …. ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံပြည်ထောင်စုသစ်၏ လမ်းပြမြေပုံအား ရေးဆွဲခဲ့ကြသည့် …..‘ဒူးဝါးဇော်ရစ်’ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ရခဲ့၏။ ပင်လုံလမ်းပြမြေပုံသစ်အား ‘ဒူးဝါးဇော်ရစ်’ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ ကြေညာချက်အမှတ် ၉ အား ရှင်းပြ၏။
မြစ်ကြီးနားက ဗိုလ်ချုပ်အောင်ဆန်း၏ အတိတ်ခြေရာများနှင့်….။ မြစ်ကြီးနားသို့ ရောက်ရောက်ချင်း မြစ်ကြီးနားလူထုအား သူမပြောခဲ့သည့် စကားသံအား ဒေါ်အောင်ဆန်းစုကြည် ပြန်၍ကြားယောင်မိ၏။
“ကျမငယ်ငယ်ကတည်းက အိမ်က ထမင်းစားခန်းထဲမှာ ဖေဖေ ကချင်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို အမြဲပဲ မြင်နေရပါတယ်။ ဒါကြောင့်မို့လို့ ကချင်အမျိုးသားများဟာ ကျမတို့ရဲ့ ညီအရင်းအကိုများလို့ ငယ်ငယ်ကတည်းကပဲ စိတ်ထဲမှာ သိထားခဲ့ပါတယ်”
မြစ်ကြီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့်အိမ်က ….. စီတာပူ၊ နောင်ရာရပ်အမှတ် ၂ဝ ရှိ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ကရက် KNDC ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဦးဗျစ်တူး (ယခု ကွယ်လွန်၊ မြစ်ကြီးနား မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏ နေအိမ်တွင် ဖြစ်သည်။ ဦးဦးဗျစ်တူးက …. တပ်မှူးဟောင်းတဦး ဖြစ်သည်။ ၁၉၃၉ ခုနှစ် ကတည်းက ဗြိတိသျှဘားမားရိုင်ဖယ် တပ်ရင်းအမှတ် (၂) တွင် တပ်သားအဖြစ် စစ်မှုထမ်းခဲ့၏။ လွတ်လပ်ရေးရပြီးနောက် ….‘ကန္ဒီ’ စာချုပ်အရ …. လွတ်လပ်သော ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့ပြီး ၁၉၆၅ ခုနှစ်တွင်မှ တပ်ရင်းမှူးဘဝနှင့် တပ်မှ အငြိမ်းစားယူခဲ့သည့် တပ်မှူးဟောင်းတဦး ဖြစ်သည်။ ပြီးလျှင် ….. သူကား … ကချင်အမျိုးသား လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ဇော်မှိုင်းနှင့်ကလည်း ညီအကိုတော်များဖြစ်သည်။
တည်းအိမ်ပေါ်မှကြည့်လျှင် … ဧရာဝတီမြစ်အား မြင်ရ၏။ မြစ်ရေက ကြည်၍စိမ်းလဲ့နေသည်…။ စိမ်းလဲ့သော ရေသည်အေးစက်စက်….။ မြစ်ပြင်အား လျှောတိုက်၍ ဖြတ်သန်းလာသောလေသည် အေးစိမ့်မှုကဲနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ ဤရာသီက …. မေခနှင့် မလိခ မြစ်မွှာ၏မြစ်ညှာတွင် ရေခဲတောင်ပြိုဆင်း၍ နေလေပြီလား….။ တည်းအိမ်၏ တဖက်တွင်မူ ‘မနောကွင်း’ ကြီးအား တွေ့ရ၏။ ကချင်ရိုးရာ မနောပွဲတော်ကျင်းပသည့်ရက်များ မဟုတ်သည့်အတွက် ‘မနောကွင်း’ သည် ဆိတ်ငြိမ်၍ ရှင်းနေသည်။ မနောပွဲက ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်….။ ဤမြေ၊ ဤရေက မတူကွဲပြားသည့် ယဉ်ကျေးမှုပေါင်းစုံတို့ စုရုံးရာ…. ပွားစည်းရာ….၊ ဖြစ်ထွန်းရာအရပ်….။
လွတ်လပ်သော မြေသစ်၊ ရေသစ်တွင် ဧရာဝတီသည် ယဉ်ကျေးမှုပေါင်းစုံ၏ ညီညွှတ်မှုနှင့် လှနေပေလိမ့်မည်။ ဤသို့ အတွေး၌ ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။
ပုဇွန်ဆီရောင် အသွေးအောက်၌ မြစ်ပြင်ရှိ လှိုင်းကြက်ခွပ်များက လင်းလက်၍ တောက်ပနေသည်။
ညနေ ၅ နာရီတွင် လူငယ်များနှင့်တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟူသော အသိက ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအားလုံးကို ရပ်တန့်စေ၏။
တည်းခိုရာအိမ်၌ပင် မြစ်ကြီးနားလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၏။ လူငယ်ထုအား စကားဆို၏။
“လူငယ်ဆိုတာဟာ တကယ်တော့ အနှောင်အဖွဲ့ အများကြီးနည်းပါတယ်။ လူကြီးတွေလို မဟုတ်ဘူး။ လူကြီးတွေဆိုတာဟာ မိသားစုတာဝန်ရှိတယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းရှာဖို့ တာဝန်ရှိတယ်။ ကိုယ့်ရဲ့ သားသမီးများကို ပြုစုဖို့ တာဝန်ရှိတယ်။ လူငယ်များကျတော့ ပိုပြီးလွတ်လပ်တယ်။ ပိုပြီးလွတ်လပ်လို့ ကိုယ့်ရဲ့ဘဝကို ကိုယ့်တိုင်းပြည်အတွက်ဆိုပြီးတော့ စွန့်စားနိုင်မယ့် အရည်အချင်းကို မွေးမြူရမယ်။ လူငယ်များဟာ ဒီလိုစွန့်စားရဲတဲ့ အရည်အချင်းတွေရှိမှ ဒီတိုင်းပြည်အတွက် မျှော်လင့်ချက်တွေ ရှိနိုင်မယ်။
အခုကနေစပြီးတော့ ပြည်ထောင်စုအတွက်လုပ်တဲ့ လူငယ်များဟာ နောင်ကျလို့ရှိရင် ပြည်ထောင်စုအတွက် ဆက်ပြီးတော့ လုပ်နိုင်တဲ့ လူကြီးများ ဖြစ်လာပါလိမ့်မယ်။ ငယ်ငယ်ရွယ်ရွယ်ကတည်းက မှန်မှန်ကန်ကန် လုပ်သွားနိုင်မှ နောင်ကို ဆက်ပြီး မှန်ကန်မှာပါ။ လွတ်လပ်ရေးကြိုးပမ်းမှုတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂက နိုင်ငံရေးခေါင်းဆောင်များ၊ ဒို့ဗမာအစည်းအရုံးက နိုင်ငံရေးခေါင်းဆောင်များဆိုတာ အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ကနေစပြီးတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တာပါ။ အမျိုးသားရေးထဲမှာ ငယ်ငယ်ရွယ်ရွယ်ကတည်းက စပြီးပါဝင်ခဲ့တာပါ။ ဖေဖေဆိုလို့ရှိရင် ၁၈ နှစ်လောက်ကစပြီး နိုင်ငံရေးကိုလုပ်တယ်။ အသက်ဆုံးသွားတဲ့ ၃၂ နှစ်အထိ နိုင်ငံရေးပဲ ဆက်ပြီးလုပ်သွားပါတယ်။ သူ့တသက်လုံးဟာ တိုင်းပြည်အတွက် နိုင်ငံအတွက်ဆိုပြီး အမျိုးသားရေးပဲ ဆက်ပြီးလုပ်သွားတာပါ။ ဒီလိုလုပ်သွားတော့ ဘယ်လောက်ပဲ အသက်ဟာတိုတို သေရကျိုးလည်း နပ်တယ်။ အသက်ရှင်ရကျိုးလည်း နပ်တယ်။ ဒီတော့ ကိုယ်အသက်ရှင်တုန်း ဘာလုပ်နိုင်သလဲ။ ဘယ်သူတွေအတွက် အကျိုးပြုနိုင်သလဲဆိုတာ စဉ်းစားရမယ်။ ကိုယ်အသက်ရှင်နိုင်တုန်းသာ လုပ်နိုင်မယ်။ မသေချင်ဘူးဆိုလို့ မရဘူး။ ဒါပေမဲ့ ကိုယ့်အသက်ရှင်နေတုန်းတော့ ဘယ်လိုနေသွားမယ်ဆိုတာ ကိုယ်ရွေးလို့ရတယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက်ကို စွန့်သွားမယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို သုံးသွားမယ်ဆိုတာ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။
ဒီအချိန်ဟာ လူတိုင်းလူတိုင်း နိုင်ငံရေးလုပ်ရမယ့်အချိန်ပဲ။ လူတိုင်းလူတိုင်းနဲ့ သက်ဆိုင်နေတဲ့ အမျိုးသားရေးကြီး ထွက်ပေါ်နေတဲ့ အချိန်ဖြစ်တယ်။ ဒီအချိန်မှာ မလုပ်လို့ရှိရင် နောင်ဘယ်တော့လုပ်မလဲ။ သမိုင်းပေးတာဝန်ဆိုတာ သမိုင်းကပေးလာမှ ဒီတာဝန်ကို ထမ်းဆောင်ပိုင်ခွင့်ရှိတာ။ ဒီတော့ ကိုယ့်မှာ ထမ်းဆောင်ပိုင်ခွင့်ရှိတဲ့အချိန်မှာ ထမ်းဆောင်ကြစမ်းပါ။ နောင်ကျမှ တိုင်းပြည်အတွက် လုပ်ချင်ပါချည့်ရဲ့လို့ပြောလို့ လုပ်ချင်မှ လုပ်နိုင်မှာ။ အခွင့်အရေးဟာ ရချင်မှရမှာ။ အခုအချိန်မှာပဲ တိုင်းပြည်အတွက် လုပ်နိုင်တဲ့အခွင့်အရေး ရတယ်။ ဒီအခွင့်အရေးကို ယူပါ။ မှန်မှန်ကန်ကန် လုပ်ကြပါ။ ဒီလိုလုပ်နိုင်တယ်ဆိုရင် ကိုယ့်တသက်တာမှာ ပြန်ပြီးတော့ နောင်တရစရာ အကြောင်းမရှိပါဘူး။ ကိုယ့်သမိုင်းပေးတာဝန်ကို ထမ်းဆောင်တဲ့သူများဟာ အသက်သေရင်တောင်မှ သေပျော်ပါတယ်။
လက်တင်အဆိုတခု ရှိပါတယ်။ ‘ကိုယ်တိုင်းပြည်အတွက် အသက်စွန့်လွှတ်တယ်ဆိုတာ အင်မတန်မှ ကြည်နူးဖွယ် ကောင်းပါတယ်။ အင်မတန်မှပဲ သင့်တော်ပါတယ်’ တဲ့”
ဒေါ်အောင်ဆန်းစုကြည်သည် ရှည်လျှားစွာပြောပြီး သူ၏စကားအား အဆုံးသတ်လိုက်၏။
မြစ်ကြီးနား၏ ညဥ့်ဦးယံက အမှောင်ကဲလာသည်နှင့် အအေးက သည်း၍လာ၏။ မနက်ဖြန်သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်၏ နောက်ဆုံးနေ့ခရီးက ….ဝိုင်းမော်၊ ခပ်ချိုသို့….။
ဝိုင်းမော်၊ ခပ်ချိုခရီးက မော်တော်ယာဉ်များနှင့် သွားမည်ဖြစ်၍ မြစ်ကြီးနားသို့အလာ၊ မြစ်ကြီးနားဘူတာရုံအတွင်း ကြုံခဲ့ရသည့် အနှောင့်အယှက်မျိုးကိုမူ ကြုံရလိမ့်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်စိတ်၌ ထင်မိ၏။
၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်တို့ စီးလာသည့် မီးရထားသည် မြစ်ကြီးနားဘူတာအတွင်းသို့ ဆိုက်ရောက်သည်နှင့် မြစ်ကြီးနားအာဏာပိုင်များက မြစ်ကြီးနားဘူတာရုံအား ပိတ်ထားလိုက်ကြ၏။ မီးရထားပေါ်မှ ခရီးသည်များလည်း ရထားပေါ်မှဆင်း၍ ဘူတာအပြင်သို့ ထွက်၍မရ….။ အပြင်မှလူများလည်း ဘူတာအတွင်းသို့ ဝင်၍မရ….။
ဤအတိုင်း မီးရထားပေါ်၌ ဒေါ်အောင်ဆန်းစုကြည်တို့ နေ၊နေကြရသည်။ နောက်ဆုံး….. မြစ်ကြီးနားဘူတာရုံရှိ ရုံပိုင်အရာရှိငယ်တဦးမှ အာဏာပိုင်တို့၏ ပိတ်ဆို့ထားမှုအား အံတု၍ ဘူတာရုံတံခါးအား ဖွင့်ပေးခဲ့မှသာလျှင် ….. ဒေါ်အောင်ဆန်းစုကြည်တို့ ရထားပေါ်မှ ဆင်းခွင့်ရကြ၏။ ဗိုလ်ကျော်ဘ၏ ကလေးဆန်ဆန် နှောင့်ယှက်မှုက ရယ်မောစရာ….။ မနက်ဖြန် ဝိုင်းမော်ခရီးတွင်လည်း ဗိုလ်ကျော်ဘ မည်သို့များ နှောင့်ယှက်လေဦးမည်နည်း….။ အခြား ကချင်ပြည်နယ်အတွင်း ခရီးစဉ်များကဲ့သို့ပင်……။ ဝိုင်းမော်တွင်လည်း စစ်တပ်မှ လက်ကမ်းစာစောင်များအား ဖြန့်ဝေ၍ထားလေမည်ပင်….။ လက်ကမ်းစာစောင်များက သူမအား ပုတ်ခတ်၍ ရေးသားထားသည့်စာများ….။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာများတွင် ရေးသည့် ‘ဒိုးကလေး’ ၊ ‘ဒိုးလုံး’ ၊ ‘သာဂဒိုး’ တို့၏ အာဘော်များအတိုင်း….။ ပို၍ဆိုးသည်က ….. ယုတ်ညံ့လွန်းသည့် အသုံးအနှုံးအား မရှက်မရွံ့ သုံးရဲခြင်းပင်ဖြစ်၏။ ‘ကုလားမယား’၊ ‘အနောက်မယ်တော်ကြီး’ စသည့် အမည်များတပ်၍ စစ်တပ်က ဖြန်သည့်လက်ကမ်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဝိဂြိုဟ်ပြု၍ ရေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ကချင်လူထုကြီးကမူ ….. ဒေါ်အောင်ဆန်းစုကြည်အား ‘အောင်ဆန်းဂျာမွန်း’ ဟူ၍ အမည်ပေး ကမ္ဗည်းထိုးကြ၏။ ‘ဂျာမွန်း’ ဟူသည်က …. ကချင်ဘာသာနှင့် ‘ရွှေဝတ်မှုန်’ ဟူ၍ ဖြစ်သည်။
‘အောင်ဆန်းဂျာမွန်း’ က …. ‘အောင်ဆန်းရွှေဝတ်မှုန်’….။
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်က မနက်ဖြန်ဆိုလျှင် ပြီးပြီ…..။ ပြီးလျှင် …. မြစ်ကြီးနားမှ ရန်ကုန်သို့ ပြန်ကြရမည်။
ကချင်လူထု၏ နှလုံးသည်းပွတ်အတွင်း၌က …. ‘အောင်ဆန်းဂျာမွန်း’ ဟူ၍ ဒေါ်အောင်ဆန်းစုကြည်သည် နင့်နင့်သည်းသည်း နေရာယူထားလျက် …..။
No comments:
Post a Comment