Tuesday, September 15, 2009

အထက်မြန်မာပြည် မြို့အချို့တွင် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်

မင်းနိုင်သူ / ၁၅ စက်တင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု များကို အထက်မြန်မာ ပြည် မြို့နယ်တို့တွင် ဆက် လက် လုပ်ဆောင် နေဆဲဖြစ်ကြောင်း ရေနံချောင်း မြို့နယ် အန်အယ်လ်ဒီ ပါတီ စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေး က ပြောသည်။


“မိတ္ထီလာ၊ ရေနံချောင်း၊ ညောင်ဦး၊ မြင်းခြံ အဲဒီမြို့တွေမှာတော့ အခုထိလုပ်ကြတုန်းပါပဲ။ ဒီနေ့လည်း ရေနံချောင်းမှာ နိုင်ငံရေးသမားတွေ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ဆွမ်းကပ်လှူခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။

ရေနံချောင်း အန်အယ်လ်ဒီပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသည့်မြို့ခံများ ပူးပေါင်းကာ အဖြူရောင်ဝတ်စုံများဖြင့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

“အခု အဖြူရောင်လှုပ်ရှားမှုဆိုပြီး လုပ်နေကြတယ်။ ဆွမ်းကပ်ဆုတောင်းတယ်ဆိုတာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားတဲ့သဘောပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် အန်တီတို့ အန်အယ်လ်ဒီရဲ့ ရှင်သန်မှုကို ပြရတယ်။ နောက်တခုက လှုပ်ရှားမှုရှိနေတော့ လူထုအနေနဲ့ လည်း နိုင်ငံရေးကို အာရုံစိုက်မှု ပိုကောင်းလာစေတာပေါ့” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

အန်အယ်လ်ဒီပါတီဝင်များ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက အနှောင့်အယှက်မပေးခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိကြောင်း၊ ၀တ်ပြုဆုတောင်းမည့် အန်အယ်လ်ဒီပါတီဝင်များ မ၀င်နိုင်စေရန် မြို့နယ်တွင်းရှိ တန်ခိုးကြီးဘုရားများကို အင်္ဂါနေ့တွင် သော့ခတ်ထားလေ့ရှိကြောင်း သိရသည်။

မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ မြို့နယ်တို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း၌လည်း ၀တ်ပြုဆုတောင်းမှုများ၊ ဓာတ်ပုံဖြန့်ဝေလှုပ်ရှားမှုများ၊ အ၀ါရောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းအောင်က “ဒီလိုလုပ်နေမှ ပါတီဟာ အသက်ဝင်မှုရှိမယ်။ ပါတီရဲ့လှုပ်ရှားမှုကို လူထုမြင်တွေ့ခွင့်ရမယ်လေ။ အခု ကျနော်တို့က နယ်ရုံးခွဲတွေလည်း ဖွင့်ခွင့်မရသေးတော့ ကျဉ်းထဲ ကျပ်ထဲကနေ လုပ်လို့ရသလောက် လုပ်နေကြတာပါ။ ကျနော်တို့ကို မကြာခဏခေါ်ယူမေးမြန်းခံရတာတွေ ရှိပေမယ့် လူထုနဲ့ မကင်းကွာရအောင် လုပ်စရာရှိတာတော့ ဆက်လုပ်သွားကြမှာပါပဲ” ဟု ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီအနေဖြင့် ယခုအချိန်ထိ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အသိအမှတ်ပြု မခံရဘဲ ပါတီခေါင်းဆောင်အပါအ၀င် နိုင်ငံရေးသမားများလွတ်မြောက်ရေး တိုက်ပွဲဝင်နေရချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်နေကြမှုများကို ရှုတ်ချကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။

“မကွေးတိုင်းထဲက မြို့နယ်တွေမှာလည်း ကြားနေရတယ်။ ပင်စင်စား ဆရာဝန်ကြီးတွေက တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲ ၀င်မယ်တဲ့။ ဆေးဘက်ပညာရှင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေအချာရော ဖတ်ကြလို့လား။ ဖတ်ပြီးသိပြီးရဲ့သားနဲ့ လူထုအကျိုးကိုမကြည့်ဘဲနဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ရှာနေကြတာလား။ နောက်ပြီး မနေ့ကလည်း ဦးသုဝေတို့၊ ဦးဝင်းနိုင်တို့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ ကြားတယ်။ အဲဒါတွေကိုလည်း ရှုတ်ချတယ်။ အစိုးရက နှပ်ကြောင်းပေးတိုင်း ဒီအခြေခံဥပဒေနဲ့ ဒီရွေးကောက်ပွဲကို ၀င်စရာလား” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

No comments: