Kaowao စက်တင်ဘာ ၁၅၊၂၀၀၉
စံခလပူရီ(စက်တင်ဘာ-၁၅)။ ။ ယမန်နေ့ညပိုင်း ၈ နာရီကျော်ခန့်၌ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့လယ်ရှိ မြေစာရင်းရုံးအနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ရာ လူတစ်ဦးဒဏ်ရာရရှိသွားကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ ပတ်ဝန်းကျင်များ၌ အစိုးရရုံး များ သီးသန့်တည်ရှိရာနေရာဖြစ်၍ ယင်းသို့ အခင်းဖြစ်ပွားသည်နှင့် ပြင်ပလူများ မဝင် ရောက် နိုင်ရန် အာဏာပိုင်များ တားဆီးလိုက်သည်ဟု မြို့ခံများ ပြောကြားခဲ့သည်။
“ ည ၈ နာရီကျော်ကျော်လေးပဲဆိုတော့ ဈေးစည်ကားတဲ့အချိန်ဆိုတော့ အသံကြားတာနဲ့ ဆိုင်ကယ်တွေနဲ့ တခါ တည်း အိမ်ပြေးပြန်ကြ တာပေါ့၊ အခုဖြစ်တဲ့နေရာက ဈေးနဲ့သိပ်မှမဝေးတာ” ဟု ဈေးသည်တစ်ဦးက ပြောသည်။
ယခုပေါက်ကွဲမှုအကြောင်းအရင်းသည် ယခင်ပေါက်ကွဲမှုများကဲ့သို့ပင် လက်သည်ဖေါ်နိုင်မည်မဟုတ်ဟု ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးက ယူဆပြောဆိုပြန်သည်။
လွန်ခဲ့သည့် ဇွန်လ ၂၈ ရက်၊ ည ၈ နာရီခန့်တွင်လည်း ဘုရားသုံးဆူမြို့ရှိ နအဖတပ်ရင်း ဧည့်ရိပ်သာအနီးနှင့် SB ၊စရဖရုံးအနီးတို့၌ ဗုံး ၂ လုံး မိနစ်ပိုင်းခြား၍ ပေါက်ကွဲခဲ့ရာ ယခုအထိ လက်သည်မဖေါ်နိုင်ခဲ့ပေ။
အဆိုပါပေါက်ကွဲမှုများကိုသုံးသပ်လျှင် အစိုးရရုံးများကိုသာ တမင်ရည်ရွယ်သည်ဟု ယူဆနိုင်ဖွယ်ရှိသည်။
မကြာသေးမီရက်ပိုင်းအတွင်း စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘုရားသုံးဆူမြို့ဝင်ထွက် DKBA စခန်းတစ်ခုအနီး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ထိုနေရာသို့ ခလရ ၂၈၃ ဒုရင်းမှူး ရောက်ရှိလာသောအချိန်နှင့် မိနစ်ပိုင်းမျှသာ လွဲခဲ့သည်ဟု ဆိုကြသည်။
လက်သည်မပေါ်သော ပေါက်ကွဲမှုများကို KNU အား ခေါင်းစဉ်တပ်၍ အောက်ခြေ ရဲ၊ သတင်းတပ်ဖွဲ့၊ စသုံးလုံး၊ စရဖ စသည့်ဌာနတို့ညှိနှိုင်းပြီး အထက်သို့ တာဝန်ကျေသတင်းများ ရေးသားတင်ပြကြသည်သည်ဟု ၄င်းတို့နှင့်နီးစပ် သော အသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။ ဖြစ်ပွားနေရသည့် အကြောင်းအရင်း အရိပ်အမြွက်ကို သိကြနေသော် လည်း ဖြစ်စဉ်အမှန်ကို အောက်ခြေသတင်းထောက်လှန်းရေးတပ်ဖွဲ့များ ဖေါ်ထုတ်ရန်ဝန်လေးကြသည်ဟု သိရှိ ရသည်။
KNU အရာရှိတစ်ဦးက အသံဖြင့်သာ ချောက်လှန့်ပြသနေခြင်းကို KNU မှ အချိန်မပေး၊ အရင်းမစိုက်နိုင်ဟု ဆိုပါသည်။
နယ်ခြားစောင့် DKBA သည် ဘုရားသုံးဆူမြို့ပြင်ပ၌ စခန်းများတည်ဆောက်ပြီး စစ်အစိုးရတပ်ဖွဲ့များကို KNU များ မတိုက်ခိုက်နိုင်ရန် အကာအကွယ်ပေးနေရသည်။ ဗုံးမကြာခဏ ပေါက်ကွဲနေသည်ကို အကြောင်းပြပြီး အခြား DKBA တပ်ဖွဲ့များ ထပ်မံအင်အားဖြည့်ရန် ကြိုးပမ်းချက်တစ်ရပ်ဟု အခြားလက်နက်ကိုင်တပ်ဖွဲ့များက ရှုမြင်နေ ကြသည်။
တပ်ဖွဲ့အင်အား တိုးချဲ့ချထားလာမှုအပေါ် ရိက္ခာ၊ စားသောက်ရေး ပြဿနာများ ဖြစ်ပွားနေပြီး လွန်ခဲ့သည့်လ၌ သစ်ကားတစ်စီးအပေါ် ဘတ်ငွေ ၇၀၀ ကောက်ခံနေကြရာမှ DKBA က ဘတ် ၂၀၀၀၀ နှစ်သောင်းကျော် ကောက်ခံ လာသည်ကို ခမရ ၂၈၃ တပ်ရင်းမှူးက တားမြစ်ခဲ့ရသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် တရားမဝင်လုပ်ငန်းအမျိုးမျိုးအပေါ် အာဏာပိုင်များသာ ငွေကြေးကောက်ခံခွင့် ရှိသည်။ အခြားလက်နက်ကိုင်အဖွဲ့များ မြို့ပြင်ပရှိ သက်ဆိုင်ရာ ဝါးတားဂိတ်များတွင် စစ်ဆေးပြီး ငွေအသီးသီး ကောက်ခံ နေကြသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် စစ်အစိုးရတပ်ဖွဲ့များအပြင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ၊ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF,၊ KNU-KNLA/PC နှင့် ပြည်သူ့စစ်အဖွဲ့ စသည့်လက်နက်ကိုင်တပ်ဖွဲ့များ ရှိကြသည်။
No comments:
Post a Comment