Monday, September 7, 2009

ကေအိုင်အိုကို ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အဖြစ် ပြောင်းရန် ကချင်လူထု ဆုံးဖြတ်

ခိုင်လင်း / ၇ စက်တင်ဘာ ၂၀၀၉

ကေအိုင်အို အား နယ်ခြား စောင့်တပ် (BGF) အစား ကချင် ဒေ သ ကိုယ်ပိုင် အုပ်ချုပ်ရေးတပ် (KRGF) အဖြစ် အသွင် ပြောင်းရန် ကချင်ပြည်နယ် ဒေသ အသီးသီးမှ လူထု ကိုယ်စားလှယ် များနှင့် ကေ အိုင်အိုတို့ တွေ့ဆုံ ဆွေးနွေးကာ သဘောတူ ဆုံးဖြတ် လိုက်သည်။

ယခုလ (၅) ရက်တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ တရုတ် - မြန်မာနယ်စပ် လိုင်ဇာမြို့တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့် စသည့် ဒေသ အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု အဖွဲ့၊ လူမှုရေး အဖွဲ့ အသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း (၃၂၄) ဦး နှင့် ကေအိုင်အို အဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံ စည်းဝေးပွဲ တရပ် ကျင်းပခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကချင် အမျိုးသားများ ၏ရှေ့ရေး ဆွေးနွေးပွဲ အမည်ဖြင့် ကျင်းပသည့် ယင်း အစည်းအဝေးမှ အချက် (၆) ချက်ပါ ကြေညာချက် ထုတ်ပြန် ခဲ့သည်ဟုလည်း ကေအိုင်အေ အရာရှိ တဦးက ပြောသည်။

၎င်းက “အဓိကတော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ကေအိုင်အိုအနေနဲ့ ပါဝင်မှုကို လိုလားတယ်။ စစ်အစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးသွားဖို့နဲ့ အချင်းချင်း ယုံကြည်မှုနဲ့ဆွေးနွေးသွားမယ်။ ငြိမ်းချမ်းရေးကို ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်သွားမယ်။ နယ်ခြားစောင့်တပ်အနေနဲ့မဟုတ်ဘဲ ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ် (KRGF) အဖြစ် အနေနဲ့ပဲ လူထုက လိုလားတယ်ဆိုတာ ကြေညာချက်နဲ့ ဖော်ပြထားပါတယ်” ဟု ပြောသည်။

နအဖက ကေအိုင်အိုအပါအဝင် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြီးခဲ့သည့် ဧပြီ (၂၈) ရက်မှ စတင်ကမ်းလှမ်းပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

နအဖက နယ်ခြားစောင့်တပ်အဖြစ်သာ အသွင်ပြောင်းရန် တစိုက်မတ်မတ် ဖိအားပေးပြောဆိုလာခဲ့သော်လည်း ကေအိုင်အိုအနေဖြင့် လက်မခံနိုင်သည့်အကြောင်းကို ယခုပြုလုပ်ခဲ့သည့် ကချင်လူထုအစည်းဝေးဖြင့် ထပ်မံ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုအဖွဲ့မှ အသက် (၅ဝ) နှစ် အထက်ရှိသူများကို နိုင်ငံရေးပါတီထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် နအဖက ကမ်းလှမ်းထားခဲ့ရာ ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ အထွေထွေအတွင်းရေးမှူး (၂) အင်ဂျာနော်ရစ် အပါအဝင် ခေါင်းဆောင် (၆) ဦးတို့ ကေအိုင်အိုမှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးပါတီထဲ ဝင်ရောက်ရန်ရှိသည်ဟု အဆိုပါ ကေအိုင်အိုအရာရှိက ပြောသည်။

၎င်းက “သူတို့ကို ဖယ်ရှားတာ မဟုတ်ဘူး။ နဂိုတည်းက နိုင်ငံရေးပါတီထဲမှာ လုပ်ဖို့ အစီစဉ်ရှိပြီးသားပါ။ ကြားကာလ လုပ်ငန်းကော်မတီဆိုပြီး ဖွဲ့ထားတာရှိတယ်။ အဲဒီမှာ လုပ်နေကြရာက အခု ပါတီထဲမှာလုပ်ဖို့ နုတ်ထွက်ခွင့်ပေးလိုက်တာပါ” ဟု ပြောသည်။

ကေအိုင်အိုအနေဖြင့် နအဖက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ငြင်းဆန်နေသကဲ့သို့ တဖက်မှလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်အချို့အား ဝင်ရောက်စေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်နေကြသည်။

No comments: