Monday, September 7, 2009

အပစ်ရပ်အဖွဲ့များအပေါ် စစ်အစိုးရမှ စစ်ကြေညာနေဟု အက်စ်အက်စ်အေပြောကြား

နှောင်းလှိုင်/ စက်တင်ဘာ ၇၊ ၂၀၀၉

မူးယစ် ဆေးဝါးနှင့် လက်နက်များ သိုလှောင်မှု ရှိသည် ဟူသည့် အကြောင်း ပြချက်ဖြင့် ကိုးကန့် တပ်ဖွဲ့အား ၀င်ရောက် တိုက်ခိုက် မှုသည် အပစ်ရပ် အဖွဲ့များ အားလုံးကို မြန်မာ စစ်တပ်တို့မှ စစ်ကြေညာ လိုက်ခြင်း ဖြစ်သည်ဟု ရှမ်းပြည် တပ်မတော် ကပြောသည်။


“ပြည်သူ့စစ်အသွင်ပြောင်းဖို့ တို့ဘာတို့ လိုက်မနာဘူး ဆိုတော့ သူတို့လည်း အပြစ်ရှာပြီး အပစ်ရပ်တွေကို တိုက်နေတယ် တဖြည်းဖြည်းနဲ့ အကယ်၍သာ ဒီအဖွဲ့အစည်းတွေ အကုန်လုံးကို တိုက်ပြီးပြီ ဆိုရင်တော့ ဒီလက်ရှိတိုက်နေတဲ့အဖွဲ့တွေကိုလည်း သူတို့တိုက်ဖို့ ရှိတာပဲ” ဟု ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ တောင်ပိုင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းကပြောသည်။

ဆက်လက်ပြီး ၎င်းက“ကိုးကန့်ကို တိုက်ခိုက်တယ် ဆိုတာက သူတို့က အပစ်ရပ်အဖွဲ့တွေပေါ်မှာ စစ်ကြေညာတဲ့သဘောပဲ”

၂၀၁၀ရွေးကောက်ပွဲမတိုင်မှီ စစ်အစိုးရမှ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုများစတင်ဖြစ်ပေါ်နေချိန်တွင် အပစ်ရပ်အဖွဲ့ တဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့အား စစ်တပ်မှ ပထမဦးဆုံးအကြိမ် တိုက်ခိုက်ချေမှုန်းနေခြင်းဖြစ်သည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည်များ တရုတ်နယ်စပ်ဖက်သို့ ထွက်ပြေးသိမ်းရှောင်နေကြရသည်။ ကိုးကန့် ဥက္ကဌ ဦးဖုန်ကြားရှင်းနှင့် ညီအစ်ကို သားအဖ ၄ ဦးမှာလည်း `ဝ´ပြည်သွေးစည်းရေး တပ်မတော် ထိန်းချုပ်နယ်မြေအတွင်းတွင် ပုန်းရှောင်နေသည်ဟု ယူဆကာ လွဲအပ်ပေးရန် စစ်အစိုးရတပ်မှ တောင်းဆိုထားသော်လည်း အကြောင်းမပြန်ရန် `၀´တပ်ဖွဲ့ အရာရှိကြီးများက ဆုံးဖြတ်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်တွင် ကိုးကန့်ဒေသတွင်း မူးယစ်ဆေးဝါးလွတ်ကင်းကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပြီး၊ လက်နက် သိုလှောင်သည်ဟု စွပ်စွဲရာတွင်လည်း စစ်အစိုးရအား စစ်ဆေးခွင့်ပေးခဲ့ပြီဖြစ်သည်။

“နောက်ဆိုရင် ဘယ်အဖွဲ့ကို အပြစ်ပုံချပြီး သူတို့တိုက်မယ် ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမယ့် အခြေနေနော ဒါပေမဲ့ ကျနော်တို့ဖက် ခုလက်ရှိ အခြေနေမှာတော့ အထူးစစ်ဆင်တာမျိုးတော့ မရှိသေးဘူး” ဟု စိုင်းဆိုင်မိဏ်းကပြောသည်။

“တိုက်ခိုက်လာတယ်ဆိုရင်တော့ တိုက်ခိုက်ရတာပေါ့ နအဖကို ဘာဖြစ်လဲဆိုရင်တော့ ဒီလိုတိုက်ခိုက်လာလို့ ရှိရင်လည်း ဒီအပစ်ခတ် ရပ်စဲရေး အဖွဲ့ရော ဘာအဖွဲ့ရော အားလုံး နအဖကို ဝိုင်းတိုက်တဲ့ အချိန်ဖြစ်မှာပေါ့” တိုင်းရင်းသားလူမျိုးများကောင်စီ ဥက္ကဌ ခူထဲဘူးဖဲက ပြောပါသည်။

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုကန့် နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA စသည့်အဖွဲ့ ၄ ဖွဲ့တို့သည် မဟာမိတ်အဖွဲ့များ ဖြစ်ကြသည်။

No comments: