Wednesday, September 2, 2009

နှစ်ပေါင်း (၆၀) ကျော် ခုခံတော်လှန်ရေးစစ်မှာ ကလေးစစ်သား အတင်းမသွတ်သွင်း၊ မသုံးဟုဆို

နှောင်းလှိုင်

မြန်မာပြည်ကို အုပ်ချုပ်နေသည့် အာဏာရှင်စစ်အစိုးရ ခေတ်အဆက်ဆက်ကို အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်နည်းတူ လက်နက်စွဲကိုင်ပြီး တော်လှန်သော နည်းလမ်းဖြင့် တွန်းလှန်တိုက်ခိုက်လာသည်မှာ ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အပါအ၀င် နှစ်ပေါင်း ၆၀ ကျော်ရှိပြီ ဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော် ခုခံတော်လှန်ရေး သက်တမ်းတလျောက်မှာ အာဏာရှင်စစ်အစိုးရတပ်ကို တွန်းလှန်တိုက်ပွဲဝင်နေဆဲ အချိန်ကာလမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)သည် ကလေးစစ်သားများ အသုံးပြုသည်ဟု ကမ္ဘာ့ကုလသမ္မဂ္ဂ္ဂ အဖွဲ့အစည်းကြီးမှ စွပ်စွဲပြောဆိုလာမှု များရှိသည့်အတွက် တော်လှန်ရေးခရီးလမ်းမှာ ကသိကအောင့် ဖြစ်လာမည်မှာ သေချာပါသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ကုလသမဂ္ဂ္ဂ လုံခြုံရေးကောင်စီ၏ စစ်သားသုံးစွဲမှု အစီရင်ခံစာတွင် မြန်မာအစိုးရအပြင် အပစ်ရပ်အဖွဲ့ဖြစ်သည့် ဒီကေဘီအေ၊ ကေအိုင်အေ၊ ကေအဲန်ပီအယ်လ်အက်ဖ်နှင့် စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် ကေအဲန်ယူ၊ ကေအဲန်ပီပီနှင့် အက်စ်အက်စ်အေ တပ်ဖွဲ့တို့လည်း ကလေးစစ်သား အသုံးပြုမှု ရှိနေသည်ဟု ထုတ်ပြန်ထားခဲ့သည်။

“စွပ်စွဲမဲ့အစား ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာတာ အကောင်းဆုံးပဲ ဖြစ်မယ် ထင်တယ်” ဟု ကရင်နီပြည် တပ်မတော်စစ်ဦး စီးချုပ် ဗိုလ်ချုပ်ဘီထူးက နှစ်ပေါင်း (၆၁) ပြည့် သွားပြီ ဖြစ်သည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့တွင် ပြောကြားသည်။

ယခု ၂၀၀၉ ခုနှစ် သြဂုတ်လ (၉) ရက်နေ့ဆိုလျှင် ကေအဲန်ပီပီအနေဖြင့် စစ်အစိုးရ ခေတ်အဆက်ဆက်ကို ရရာလက်နက်တို့ဖြင့် ခုခံတော်လှန်တိုက်ခိုက်လာခဲ့သည်မှာ (၆၁) နှစ်ပြည့် သွားပြီ ဖြစ်သည်။ ထိုနှစ်ပေါင်း( ၆၀) ကျော် ကာလပတ်လုံး၌ တပ်တွင်းသို့ အရွယ်မရောက်ကြသော ကလေးသူငယ်များ ၀င်ရောက်လာမှု ရှိခဲ့သော်လည်း ကလေးစစ်သား အသုံးပြုမှုပေါ်လစီသည် ကေအဲန်ပီပီ၌ လုံးဝမရှိသောကြောင့် အသုံးမပြုကြောင်း ဗိုလ်ချုပ်ဘီထူးက ခိုင်ခိုင်မာမာ ပြောဆိုသွားသည်။

“ကရင်နီမှာ ရှိမှာက လွန်ခဲ့တဲ့ ၇၅ - ၇၆ အဲဒီချိန်ရှိတော့ ရှိမယ်။ ဒါပေမဲ့ တပ်မတော် မဟုတ်ဘူး။ ကာကွယ်ရေးပေါ့။ ကာကွယ်ရေးဆိုတာလည်း အုပ်ချုပ်ရေးပိုင်းမှာ ဆိုင်တာကို ကျနော်တို့ ဥပဒေတခု ရှိတာကိုး။ ဥပမာ ကျနော်တို့ ပြည်သူပြည်သားတွေက စစ်ရေးအတွေ့အကြုံ စစ်ရေးပညာရေးနည်းနည်း ရှိဖို့ သင့်တာပေါ့” ဟု ဗိုလ်ချုပ်ဘီထူးက ပြောပါသည်။

ကေအဲန်ပီပီမှ ကလေးစစ်သား အသုံးပြုမှု စာရင်းကို ကုလသမဂ္ဂ္ဂမှ ပယ်ဖျက်ပေးရန် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလတွင်တကြိမ်၊ ဧပြီလတွင်တကြိမ် နှစ်ကြိမ်ဆက်တိုက် ထုတ်ပြန်ကြေငြာချက်များဖြင့် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ္ဂ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် အဖြစ်ပျက် နှစ်ခုဖြင့် စွပ်စွဲဖော်ပြထားသော အချက်အလက်များအပေါ် ကေအဲန်ပီပီမှ ယခုလို ထုတ်ပြန်ချက်များဖြင့် ရှင်းလင်းတုန့်ပြန် ချေပသည့်သဘော ဖြစ်သည်ဟု ဆိုသည်။

ကေအဲန်ပီပီမှ ကလေးစစ်သားမရှိကြောင်း ပယ်ဖျက်ပေးရန် တောင်းဆိုမှုကို ယူအဲန်မှ မဖျက်သိမ်းပေးပါက ကြေညာစာရေးပြီး ထပ်မံ တောင်းဆိုသွားမည်ဟုလည်း ကေအဲန်ပီပီက ပြောသည်။

ကေအဲန်ပီပီနှင့် အလားတူစွာဘဲ အက်စ်အစ်အေနှင့် ကေအဲန်ယူတို့မှာလည်း ၎င်းတို့ ကလေးစစ်သား အသုံးပြုမှု မရှိသောကြောင်း ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကို လာရောက်စုံစမ်းစစ်ဆေးရန် ဖိတ်ခေါ်ခဲ့သည်။

ကေအဲန်ပီပီမှ ကလေးစစ်သား အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့စာရင်းထဲမှ ပယ်ဖျက်ပေးရန် ကုလသမဂ္ဂ္ဂအား ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုပ်ပြန်ချက်ဖြင့် တောင်းဆိုစဉ် ကေအဲန်ယူမှ ၎င်းတို့ တပ်တွင်း၌ ကလေးစစ်သားအသုံးပြုမှု ရှိမရှိ လာရောက်လေ့လာစစ်ဆေးရန် ကေအဲန်ယူမှ အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန် က ခွင့်ပြုခဲ့သည်။

“ကျနော်တို့ဆီမှာ ကလေးစစ်သား အမှန်တကယ် သုံးစွဲကြောင်း ရှိမရှိကို ကျနော်တို့ဒီ statement (ထုတ်ပြန်ကြော်ညာစာ) ထဲမှာလည်းကျနော်တို့ ဖော်ပြထားတယ်လေ။ သူတို့ရဲ့ အထူးကိုယ်စားလှယ်တွေ လာပြီးမှ နောက်ကျနော်တို့ရဲ့ ဒုက္ခ္ခသည်စခန်းတွေမှာ သူတို့ကို်ယ်တိုင် လာရောက်စုံစမ်းစစ်ဆေးခြင်းတွေ ပြုလုပ်ဖို့ ကျနော်တို့ ထပ်ခါထပ်ခါ တောင်းဆိုထားတယ်” ဟု ကေအဲန်ပီပီ အတွင်းရေးမှူး -၂ ဦးအောင်ဆန်းမြင့်က ပြောပါသည်။

လုံခြုံရေးကောင်စီ၏ စစ်သားအသုံးပြုမှု အစီရင်ခံစာသည် ကုလသမဂ္ဂ္ဂမှ တိုင်းရင်းသား လက်နက်ကိုင်ဒေသများ၌ ကိုယ်တိုင်လာရောက် စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခဲ့သော်လည်း မြန်မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည်လည်း စစ်မြေပြင်တွင် ကလေးစစ်သား အသုံးပြုမှုရှိမရှိ စောင့်ကြည့်လေ့လာနေသော အဖွဲ့အစည်းများလည်း ရှိသည်။

ကေအဲန်ပီပီ၌ ကလေးစစ်သား အသုံးပြုမှု ရှိသည်ဟု အစီရင်ခံစာ တင်ထားသော ကရင်နီဒေသအခြေစိုက် Burma issue မှ တာဝန်ခံ ခူးတော်ရယ်က “အဲဒီ report ကို ကျနော်တို့ စုဆောင်းလာတဲ့ အချိန်ကာလကို ကြည့်ပြီးတော့မှ ပြောတာလေ။ ၉၀ ကျော်ကျော် လောက်က အဲဒီတုန်းက စပြီး စုဆောင်းလာတဲ့ report ဖြစ်တယ်” ဟု ပြောသည်။

“၂ လလောက်လောက်တုန်းက ထင်တယ်။ ကလေးက တအားဆိုးတယ်ဆိုပြီးတော့မှ စစ်တပ်ထဲမှာပဲ ခင်ဗျားတို့ စစ်သားခေါ်လုပ်လိုက်။ သူ့မိဘကိုယ်တိုင်က သွားပို့တယ်။ ဒါပေမဲ့ သင်တန်းကျောင်းမှာ လုပ်တဲ့ လူက ခင်ဗျား ကလေးပဲ ရှိသေးတယ်။ သွားပြန်သွား ခင်ဗျား အသက်ပြည့်တဲ့ခါကျမှ ပြန်လာခေါ်မယ်။ အဲခါကျမှ မလာရင်မရဘူးနော်။ အိမ်မပြန်ချင်လို့ အဲလိုဆဲပြီးတော့မှ ပြန်လွတ်လိုက်တာတို့လေ။ ဆိုတော့ အဲလိုဟာမျိုး ကြားရတာလည်း စိတ်ထဲမှာ ပီတိဖြစ်တယ်လို့ ပြောရမလား။ ကေအဲန်ပီပီ လူတွေကလည်း အဲလိုပြောတော့ သူများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ အရေးတယူ လုပ်လာသားပဲ စိတ်ထဲမှာ အဲလိုဖြစ်တာပေါ့” ဟု ခူတော်ရယ်က ရှင်းပြပါသည်။

“၉၀ ခု နောက်ပိုင်းမှာတော့ ကျနော်တို့ ကရင်နီမှာ ကလေးစစ်သား တချို့ရှိတာပေါ့နော်။ ဒါပေမဲ့ ဒီ ၉၀ ကျော်သွားတဲ့ နောက်ပိုင်းမှာ ကလေးစစ်သားတွေကို ကျနော်တို့ လုံးဝလက်မခံဘူး။ ကျနော်တို့ရဲ့ မူထဲမှာကိုက ကျနော်တို့က ၁၈ နှစ်အောက်ကလေးတွေကို ကလေးစစ်သား သုံးစွဲခြင်း မပြုရဆိုတဲ့ မူတခုကို ကျနော်တို့ ချမှတ်ထားတာ ရှိတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောပါသည်။

မြန်မာပြည်တွင် ကလေးစစ်သားအသုံးပြုမှုများ ပပျောက်သွားရန် ကုလသမဂ္ဂ္ဂမှ အဖွဲ့တဖွဲ့ မြန်မာပြည်သို့ မကြာခင်မှာ စေလွတ်မည်ဟု သိရသည်။

No comments: