Narinjara News
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဆက်သွယ်ရေးခြံဝင်း အတွင်းမှ နေအိမ်တအိမ်အား နယ်ထိန်းရဲတပ်ဖွဲ့ တဖွဲ့က ၀င်ရောက်စီးနှင်းပြီး အမျိုးသမီးအများအပြားကို ဖမ်းဆီးသွားကြောင်း ဒေသခံ တဦးက ပြောသည်။
“အဲဒီအိမ်မှာ အမျိုးသမီးတွေက ၀ိုင်းဖွဲ့ ဖဲကစားတယ်။ ချဲထီ လောင်းကစား လုပ်တယ်ဆိုပြီး ရဲက သတင်းအရ ၀င်ရောက် စီးနှင်းမူ လုပ်တာပါ။ အောက်တိုဘာလ ၁၆ ရကနေ့ နေ့လည် (၁) နာရီမှာ ဖြစ်ပါတယ်။ အမျိုးသမီး အနည်းဆုံး ၅ ဦးဖမ်းခံရတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးများထဲတွင် ၀န်ထမ်း အမျိုးသမီးများနှင့် ရဲတပ်ကြပ်ကြီး သမီး တဦးလည်း ပါဝင်သည်။
“၀င်ဖမ်းတာက ဒုရဲအုပ် အောင်ကျော်ဦး ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးပါ နယ်ထိန်းရဲ တပ်ဖွဲ့ဖြစ်ပါတယ်။ မောင်တော ဆက်သွယ်ရေးခြံဝင်းနေ ဦးပု နေအိမ်ကို ၀င် စီးပြီး ဖမ်းတာ ဖြစ်ပါတယ်။ အမျိုးသမီး တချို့လည်း ထွက်ပြေး လွတ်မြှောက်သွားတယ်လို့ သိရပါတယ်” ဟုသူက ပြောသည်။
ယခုအခါ ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ လောင်းကစား ချဲထီဒိုင်များကို အပြင်းအထန် နှိမ်နှင်းရန် အမိန့်ထုတ်ပြန်ထား ပြီးနောက်ပိုင်း မောင်တောတွင် ပထမဆုံးအကြိမ် အမျိုးသမီးများ အဖမ်းခံရခြင်း ဖြစ်သည်။
သို့သော်လည်း မောင်တောရဲတပ်ဖွဲ့မှာ အဓိက ချဲထီလောင်းကစားနေသော ဒိုင်ကြီးများကို မဖမ်းရဲဘဲ သာမန် ချဲထီကစားနေသူများကိုသာ အဖမ်းပြနေသဖြင့် မောင်တော လူထုအတွင်း ရဲအဖွဲ့၏ လုပ်ရပ်ကို မေးခွန်း ထုတ်မူများရှိနေသည်ဟု သိရသည်။
No comments:
Post a Comment