Monday, October 19, 2009

သံဃာတော်များ ပြည်ပထွက်ခွာခွင့် ပိုမိုတင်းကျပ်

မင်းနိုင်သူ / ၁၉ အောက်တိုဘာ ၂၀၀၉

နအဖစစ်အစိုးရက သံဃာတော်များ၏ ပြည်ပထွက်ခွာခွင့်ကို တင်းကျပ်စွာ စိစစ်နေဆဲဖြစ်ကာ သံဃာတော်များ၏ ထေရုပတ္တိကိုပါ တောင်းယူနေကြောင်း ပြည်တွင်းသံဃာတော်များက မိန့်ဆိုသည်။

“အခုထိ ပြည်ပသာသနာရေးဌာနက တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတုန်းပဲ။ အစိုးရကတော့ သံဃာတော်တွေကို ရန်သူလိုကို ဆက်ဆံနေတော့တာပါ” ဟု ရန်ကုန်မြို့ခံ သံဃာတော်တပါးက မိန့်ဆိုသည်။

သံဃာတော်များ ပြည်ပသို့ထွက်ခွာပါက သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာ့မဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြနေကြရသည့်အပြင် ယခုအခါ ထေရုပတ္တိကိုပါ တောင်းယူလာကြောင်း သိရသည်။

“ဆရာတော်ကြီးတွေနဲ့အတူကြွမယ့် နောက်ပါသံဃာတော်တွေကိုတောင် သာသနာဝင်ကတ်ပြားတင်ပြရတဲ့အပြင် ရပ်ကွက်သံဃာ့မဟာနာယက ထောက်ခံချက်၊ မြို့နယ်သံဃာ့မဟာနာယကထောက်ခံချက် စတဲ့ ထောက်ခံချက်တွေ တသီကြီးကို သာသနာရေး (ပြည်ပ) က တောင်းတယ်။ ဒါ့အပြင် သံဃာတော်တွေရဲ့ ထေရုပတ္တိကိုလည်း တောင်းတယ်။ ဦးဇင်းတို့မှာ ထွက်ခွာခွင့်ရဖို့ကို ဟိုဝင်ရ၊ ဒီသွားရနဲ့ အတော်အချိန်ယူရတဲ့ ဒုက္ခတွေ တွေ့နေရတယ်” ဟု ပြည်ပထွက်ခွာခွင့်ရရန် ဆောင်ရွက်နေသော သံဃာတော်တပါးက မိန့်ဆိုသည်။

ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်။

နအဖစစ်အစိုးရက သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို တင်းကျပ်စွာ ကိုင်တွယ်နေသကဲ့သို့ ပြည်ပမှ ပြန်လာသော သံဃာတော်များကိုလည်း စောင့်ကြည့်မှုများရှိနေသည်ဟု ရန်ကုန်မြို့ခံ သံဃာတပါးက မိန့်သည်။

အဆိုပါသံဃာတော်က “သူတို့က သံဃာတော်ရဲ့ ထေရုပတ္တိကိုပါတောင်းထားပြီး ပြည်ပထွက်ခွာခွင့်ပြုထားတော့ ပြန်လာရင်လည်း လိုက်ရတာလွယ်သွားတာပေါ့။ အဲဒါကြောင့် သံဃာတွေ မထွက်ခွာခင်ကတည်းက သာသနာရေးက အချက်အလက်တွေအစုံရအောင် တောင်းထားတာ” ဟု မိန့်သည်။

နအဖစစ်အစိုးရက ၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးချိန်မှစ၍ သံဃာတော်များအပေါ် တင်းကျပ်စွာ ကိုင်တွယ်နေပြီး ယခုနှစ် ဇွန်လပိုင်းမှ ယခုအချိန်ထိ သံဃာတော်အပါး (၃၀) ခန့်ကို ဖမ်းဆီးစစ်မေးမှုများ ပြုလုပ်နေသည်။

“တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲလုပ်မယ့် သတင်းကိုကြိုရပြီး၊ သံဃာတွေကို ကြိုတင်ဖမ်းဆီးနိုင်လို့ဆိုပြီး သတင်းတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို မနေ့က မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အောင်သပြေခန်းမမှာ ဂုဏ်ပြုပွဲလုပ်သွားတယ်။ အဲဒီပွဲကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်တက်ပြီး ဖမ်းဆီးမှုမှာပါတဲ့ တပ်ဖွဲ့ဝင်တွေကို ရာထူးတိုးပေးတာတွေလည်း ရှိခဲ့တယ်တဲ့” ဟု ရန်ကုန်မြို့မှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

No comments: