Monday, October 19, 2009

မပြီးဆုံးသေးတဲ့ ခရီး

ပါးရယ်

“အာဇာနည် မရှိရင် တိုင်းပြည် ပေါ်ပေါက်နိုင်မှာ မဟုတ်ဘူး။ အာဇာနည် မရှိရင် အမှန် တရား ရှိမှာ မဟုတ်ဘူး။ အာဇာနည် မရှိရင် လူသား ဖွံ့ဖြိုး တိုးတက် နိုင်မှာ မဟုတ်ဘူး။ လောကကြီးဟာ အမှောင်တရားနဲ့ လွမ်းမိုးနေမှာ ဖြစ်တယ်” လို့ အခုလ ၈ ရက်နေ့က ကျရောက်တဲ့ ၆၁ ကြိမ်မြောက် ကရင်နီ အမျိုးသား အာဇာနည်နေ့ အခမ်း အနားမှာ ကရင်နီတပ်မတော် ဒု-စစ်ဦးစစ်ချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က မိတ်ခွန်းသ၀ဏ်လွှာ ဖတ်ကြားသွားပါတယ်။

တော်လှန်ရေး လမ်းခရီးမှာ အသက်ပေး ကျဆုံးသွားခဲ့တဲ့ ကရင်နီ အာဇာနည် သူရဲကောင်းတွေကို သတိရအောက်မေ့တဲ့ အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီပြည် လွတ်မြောက်နယ်မြေအတွင်းရှိ အမာခံ တပ်စခန်းတခုမှာ ကျင်းပပြုလုပ်ခဲ့ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ပေးပို့လာတဲ့ သ၀ဏ်လွှာကို တက်ရောက်လာတဲ့ ကရင်နီပြည်သူလူထုတွေ၊ တပ်ဗိုလ်တပ်မှူးတွေ၊ ရဲဘော်ရဲဖက်တွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ဗိုလ်မှူးချုပ် အောင်မြတ်က ဖတ်ကြားပြသွားတာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီဟာ ကရင်နီပြည်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူခွင့်၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ကရင်နီပြည်သူလူထု ဘ၀လွတ်မြောက်ရေး စတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် ဖိနှိပ်အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လက်အောက်မှ လွတ်မြောက်ရေးကို အမျိုးသားခုံခံတော်လှန်ရေးနဲ့ တိုင်ပွဲဆင်နွဲလာခဲ့တာ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၆၁ နှစ် ကြာမြင့်ခဲ့ပါပြီ။

ဒီတော်လှန်ရေးခရီး အတောအတွင်း ကရင်နီအမျိုးသား ပြည်သူလူထုတွေအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ ဖြစ်တဲ့ ကရင်နီ ခေါင်းဆောင်တွေ ရဲဘော်ရဲဖက်တွေ ပြည်သူလူထုတွေ အပါအ၀င် အမြောက်အများ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ရည်မှန်းထားတဲ့ ပန်းတိုင် မရောက်ရှိသေးတဲ့အတွက် ကျန်ရှိနေသေးတဲ့ တာဝန်သိ ကရင်နီအမျိုးသားတွေနဲ့အတူ မပြီးပြတ်သေးတဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်းသွားပြီး ကရင်နီအမျိုးသားတော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲ ၀င်သွားမှာ ဖြစ်တယ်လို့ ကေအဲန်ပီပီက ဆိုပါတယ်။

“အာဇာနည်နေ့ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးမှာ အသက်ပေးလှူသွားခဲ့တဲ့ အာဇာနည် သူရဲကောင်း အများအားလုံးအတွက် ဖြစ်ပါတယ်။ အာဇာနည်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားတဲ့ ပုဂ္ဂိုလ်တွေ လူသားကောင်းကျိုးအတွက် အသက်ပေးလှူသွားတဲ့ ပုဂ္ဂိုလ်တွေ အမှန်တရားအတွက် အသက်ပေးလှူသွားကြတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ပါတယ်” လို့ သ၀ဏ်လွှာက ဆိုပါတယ်။

အာဇာနည် ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ပြည်သူလူထုတွေက တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်မှုကြောင့် အခုချိန်ထိ ကရင်နီအမျိုးသား ခုံခံတော်လှန်ရေးက ရှင်သန်လျက်ရှိနေတယ်လို့ ကေအဲန်ပီပီရဲ့ အမြဲတမ်း ဗဟိုကော်မီတီဝင် ခွန်းရီမာန်ထူးက အခမ်းအနားအတွင်းမှာ ပြောကြားခဲ့ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ နိုင်ငံရေး ခံယူချက်ဟာ ကရင်န်ီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တပြည်ဖြစ်တာကတကြောင်း၊ ကရင်နီအမျိုးသားတွေဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တပြည်နဲ့လူမျိုးတမျိုး ဖြစ်တဲ့ အကြောင်းကို ကျနော်တို့ ကရင်နီအမျိုးသားတွေက သိရှိလက်ခံဖို့ လိုအပ်ကြောင်း သူက ဆက်လက်ရှင်းပြသွားပါတယ်။

“တချို့က ပါတီအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေဟာ ကရင်နီဆိုတာ ဘယ်တော့အခါမှ လွတ်လပ်ခဲ့တဲ့ တိုင်းပြည် မဟုတ်ခဲ့ဘူး ဆိုတဲ့ အဖွဲ့အစည်း၊ ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ သူတို့ ပြောသလို့ သူတို့ ဆိုသလို မဟုတ်ပါဘူး။ သမိုင်းကြောင်း သေချာင်္လေ့လာမယ်ဆိုရင် ကျနော်တို့ ကရင်နီပြည်ဟာ သေးငယ်တဲ့ တိုင်းပြည်ဖြစ်ပေမယ့်လို့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့တဲ့ တိုင်းပြည် သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။”

လတ်တလော နိုင်ငံရေးရဲ့ အခြေအနေအရ တချို့ ကရင်နီပြည်သူလူထုတွေ တပ်ဗိုလ်တပ်မှူးတွေ ရဲဘော်ရဲဖက်တွေ တတိယနိုင်ငံသို့ သွားရောက် အခြေချရေးကို စိတ်ဆန္ဒရှိနေကြပါတယ်။ စိတ်ဝင်စား သူတွေကို ကေအဲန်ပီပီက တားမြစ်မှု မရှိပါဘူး။ ကျန်နေတဲ့ ကရင်နီ အမျိုးသားတွေကတော့ မိမိရဲ့ သမိုင်းအပေါ် မတ်မတ် ရပ်တည်ပြီးတော့ မိမိရဲ့ လွတ်မြောက်ရေးကို ပိုမိုပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ခွန်းရီမာန်ထူးက ဆက်ပြောပါတယ်။

သူက “ကျနော်တို့ရဲ့ ခုခံတော်လှန်ရေးဟာ မပြီးဆုံးသေးပါဘူး။ ကျနော်တို့ အားကြိုးမာန်တက် ရှိတဲ့ အင်အားစုနဲ့ တိုက်ပွဲဝင်တဲ့ နေရာမှာ ဘာမှ စိတ်ဓါတ်ကျစရာလည်း မလိုဘူး။ ကျနော်တို့ ရှိတဲ့ အားနဲ့ ဆက်လက်ပြီးတော့ ဆင်နွဲကြပြီးတော့ ကျနော်တို့ ကရင်နီရဲ့ လွတ်လပ်ရေးသမိုင်းကို အရပြန်ယူကြဖို့ ကျနော်တို့ ကရင်နီလူမျိုး ဗမာစစ်တပ်ရဲ့ လက်အောက် ကျွန်ဘ၀ကို လွတ်မြောက်ကြဖို့ လက်တွဲချီကြပါစို့” ပြောဆိုသွားပါတယ်။

No comments: