Wednesday, October 21, 2009

ကျနော်နှင့် ပဒိုကိုလေး

ရွှေအိမ်စည်

(က)
ရွာက အုန်းပင်၊ ကွမ်းသီးပင်ညို့ညို့များ၏ အောက်၌ ငြိမ်ဝပ်၍နေသည်။ တန်ခူးလေက အုန်းလက်စိတ်စိတ်များကြားမှ ဖြတ်တိုး၍ တိုက်၏။ လေရှုး….။ သရက်ဖူး၏ ရနံ့က တန်ခူးလေနှင့်အတူ ရစ်နွယ်၍ သင်းပျံ့ပျံ့၊ ထုံရည်ရည်…..။ ရွာဟုဆိုသော်လည်း ….. အိမ်ခြေက နည်းနည်း…..၊ ကျဲကျဲ…..။ အိမ်ခြေနည်း၍ လူခြေတိတ်၏။

အုပ်ဆိုင်းမှုများကြောင့် ဆိတ်ငြိမ်ခြင်းသည် ပိုမို၍နက်ရှိုင်းစေသကဲ့သို့ …..။ ဤရွာလေးအတွင်းမှနေ၍ KNU မှ တာဝန်ရှိသူ တဦးအလာကို ကျနော်တို့ စောင့်နေကြ၏။ အိမ်ရှင်ယောက်ျားက အိမ်ရှေ့ကပြင်တွင် ထိုင်၍ နှီးဖျာနေ၏။ ဘာသာစကား အခက်အခဲကြောင့်လားမသိ …. အိမ်ရှင်ယောကျာ်းသည် ကျနော်တို့နှင့် ဧည့်ထောက်ခံကာ စကားမဆို…..။ သူ့အလုပ်ကိုသာ ကိုယ်စိတ်နှစ်၍ လုပ်နေ၏။ အိမ်ရှင်မိန်းမက ကျနော်တို့ ရောက်ပြီးမကြာ….. ဝါးပိုးဝါးရေဘူးကြီးများကို ကျောတွင်ပိုး၍ ရေခပ်ဆင်းသွား၏။

မကြာ….။ ကရင်အမျိုးသား ၂ ဦး ကျနော်တို့ ရောက်နေသည့် တည်းအိမ်ဆီသို့ ရောက်လာကြသည်။ တဦးက အသက် ၄ဝ ခန့်ရှိမည်။ အသားဖြူဖြူနှင့်…..။ မမြင့်မားလွန်းသော အရပ်အမောင်းက ကိုယ်နေဟန် ဖြောင့်မတ်သဖြင့် မြင့်သည်ဟု ထင်ရ၏။ နဖူးက ကျယ်၍ပြည့်၏။ ဆံစတို့က အနည်းငယ် ကျဲပါးစပြုပြီ။ တီရှပ်အင်္ကျီအဖြူရောင်က ဖျော့၍နီညိုညိုသို့ သန်း၍နေ၏။ အပြာရောင် ချည်လုံချည်တပတ်နွမ်းနှင့် ပလိုင်းတလုံး လွယ်ထားသောသူက ….. ကျနော်တို့တွေ့ရန် စောင့်နေသည့် KNU တပ်မဟာ (၁) ၊ သထုံခရိုင်၏ အတွင်းရေးမှူး …. ပဒိုကိုလေး….။

ကျနော့်စိတ်တွင် ထင်မထား…..။ KNU ၏ ခရိုင်အတွင်းရေးမှူးတဦးကို ဤသို့သော ပုံသဏ္ဍာန်အခြေအနေနှင့် တွေ့ဆုံရလိမ့်မည်ဟု …. ထင်မထားမိခဲ့…..။ ခရိုင်အတွင်းရေးမှူးတဦးအနေနှင့် သင့်တင့်သော လုံခြုံရေးတပ်သားများ ခြံရံ၍ လာလိမ့်မည်။ ပြီးလျှင် သင့်တော်သော ဝတ်စားဆင်ယင်မှုနှင့် တွေ့ရလိမ့်မည်ဟု ထင်းထားခဲ့၏။ ယခုမူ ….. ပဒိုကိုလေးက တောင်ယာခင်းမှ ပြန်လာသည့် ရွာသားတဦးနှင့်မခြား…..။

ပဒိုကိုလေးက ခဏငယ်မျှ ကျနော်တို့နှင့် စကားဆိုပြီး သူနှင့်အတူ ခရိုင်ရုံးသို့ လိုက်ခဲ့ရန် ပြော၏။

ကျနော်တို့ ပဒိုကိုလေးနှင့်အတူ ရွာငယ်လေးအတွင်းမှ ထွက်ခဲ့ကြ၏။ ခရိုင်ရုံးက ရွာငယ်လေးနှင့် ၃ နာရီခရီးမျှ ခြေကျင်သွားရ၏။ ရှေ့တန်းအခြေစိုက် ရုံးဖြစ်သဖြင့် လျှို့လျှို့ဝှက်ဝှက် တည်ထား၏။ လမ်းက လူသွားလမ်းဟူ၍ တိတိပပမရှိ….။ ရေချောင်းငယ်အတွင်းမှ ဆန်၍လျှောက်ရသည်ကပင် ၁ နာရီမျှ ကြာမည်။

ကွေ့ကွေ့ကောက်ကောက်နှင့် ချောင်းရိုးအတိုင်း…..၊ ချောင်းအတွင်းမှ လျှောက်ကြရသည်။ “ကြိုးခွေ” ထားပြီးခါစ တောင်ယာကုန်းများကိုလည်း ဖြတ်ရ၏။ တကြိမ်၊ နှစ်ကြိမ်မျှ သွားဖူးရုံနှင့်မူ စထွက်ခဲ့ကြသည့် ရွာငယ်လေးမှ ခရိုင်ရုံးရှိရာသို့ တယောက်တည်း သွားရန်မလွယ်…..။

ခရိုင်ရုံးက တောင်ထန်းမိုး၊ သဲပွက်ခင်း၊ သဲပွတ်ကာတဲများနှင့် ဖြစ်သည်။ ရင်ခွဲဘားတိုက်ကဲ့သို့ ဆောက်ထားသည့် တဲတန်းရှည်ကြီးတလုံး ရှိ၏။ တဲတန်းရှည်ကြီး၏ ခြေရင်းဘက်အခြမ်းကို စားဖိုနှင့် ထမင်းစားဆောင်အဖြစ် ပြုလုပ်ထားပြီး တဖက်အခြမ်းတွင်မူ လူနေအိမ်ဆောင်အဖြစ် ထား၏။ ထိုလူနေဆောင်ဘက်အခြမ်းတွင် ပဒိုကိုလေးနှင့် ခရိုင်ရုံးအဖွဲ့သားတို့ နေကြ၏။ ခရိုင်ရုံးအဖွဲ့ဝင်များက …… ၄-၅ ဦးခန့် ရှိ၏။

အားလုံးက အသက် ၅ဝ အရွယ်မျှ ရှိကြသည့် ရဲဘော်ဟောင်းကြီးများ၊ တော်လှန်ရေးတွင် ထုသားပေသားကျပြီး ဖြစ်ကြသည့် ရဲဘော်ကြီးများ ဖြစ်ကြပုံရ၏။ ဘားတိုက်ရှည်ကြီး၏ တဖက်တွင် ဘန်ဂလိုဆန်ဆန် တဲငယ်လေးတလုံး ရှိ၏။ ထိုတဲက ခရိုင်ဥက္ကဋ္ဌ ဖူးတာကီးဘော၏ တဲဖြစ်သည်။ ဖူးတာကီးဘောက ထိုစဉ်ကတည်းကပင် အသက် ၇ဝ အတွင်းသို့ ဝင်ပြီဖြစ်သည်။ တုတ်တုတ်ခိုင်ခိုင်နှင့် ဥက္ကဋ္ဌကြီးသည် ဇရာကြောင့် စိတ်သွားတိုင်း ကိုယ်မရောက်တော့…..။ ဘားတိုက်ရှည်ကြီး၏ အခြားတဖက်တွင်က ….. ခရိုင်ဆက်သွယ်ရေးအဖွဲ့၏ တဲရှိ၏။ ခရိုင်ရုံးက ဆိတ်ဆိတ်ငြိမ်ငြိမ်နှင့် ကမ္မဋ္ဌာန်းကျောင်းသင်္ခန်းလေးအလား…..။

(ခ)
ပဒိုကိုလေးက … သထုံမြို့နယ်၊ ကျိုက်ကော်အထက်တန်းကျောင်းမှ အထက်တန်းပညာ အောင်မြင်ခဲ့၏။ အထက်တန်း အောင်မြင်ပြီးနောက် …. တောင်ကြီးရှိ စိုက်ပျိုးရေးသိပ္ပံသို့ ဝင်ခွင့်ရပြီး စိုက်ပျိုးရေးသိပ္ပံ ဆက်တက်၏။ တောင်ကြီးစိုက်ပျိုးရေးသိပ္ပံမှပင် စိုက်ပျိုးရေး ဒီပလိုမာ ရရှိခဲ့၏။ ကျောင်းပြီး၍မကြာ ….. တောခို၍ KNU သို့ ဝင်ရောက်ခဲ့၏။

ပဒိုကိုလေး …. KNU တပ်မဟာ ၁ ၊ သထုံခရိုင်သို့ ဝင်ရာက်ခဲ့သည့်အချိန်က …. “ဘောသရော” အရေးအခင်းပြီးခါစဖြစ်၍ တပ်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးအဖွဲ့ တည်ဆောက်ရး အလုပ်များနှင့် သထုံခရိုင်နှင့် တပ်မဟာ ၁ သည် အပြောင်းအလဲသစ်ဆီသို့ ဦးတည်နေရသည့် အချိန်ဖြစ်၏။

KNU တပ်မဟာ ၁ ၏ ခရီးက ကြမ်းခဲ့၏။ ယခင်က တပ်မဟာ ၁ သည် ….. တပ်မဟာ ၁ မဟုတ် ….၊ တပ်မဟာ ၅ ဖြစ်သည်။ ဗိုလ်လင်းထင်က တပ်မဟာ ၅ ၏ တပ်မင်းကြီးဖြစ်၏။ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် စောဟန်တာသာမွှေးနှင့်အတူ ဗိုလ်လင်းထင်နှင့် တပ်မဟာ ၅ သည် လည်း ပါသွား၏။ မကြာ ….. ဗိုလ်လင်းထင်သည် လက်နက်ကိုင်တော်လှန်ရေး ပြန်လုပ်ရန် ပြင်ဆင်၏။ တောခို၏။

ဤတွင် ဗိုလ်နေဝင်း၏ တပ်က လက်ဦးမှုရပြီး ဗိုလ်လင်းထင်တို့ကို တိုက်၏။ ဗိုလ်လင်းထင် ကျဆုံးခဲ့၏။ ဗိုလ်လင်းထင်၏ တပ်မဟာ ၅ ရှိ တပ်မှူးတပ်သားအချို့တို့သာပင်၊ လက်နက်ကိုင် တော်လှန်ရေးအတွင်း ပြန်ရောက်ခဲ့ကြ၏။

ထိုစဉ်က …. ဗိုလ်ချုပ်ကြီး စောဘိုမြ (ယခုကွယ်လွန် KNU ဥက္ကဋ္ဌဟောင်း) က စစ်တိုင်းမှူးဖြစ်သည်။ ပြန်လည်ရောက်ရှိခဲ့ကြသည့် တပ်မဟာ ၅ ၏ တပ်မှူး၊ တပ်သားတို့အား စုစည်း၍ တပ်မဟာ ၁ အမည်သစ်ဖြင့် ပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့၏။ အထူးသဖြင့်သတိပေးကန့်သတ်ချက်က ….. ဗိုလ်လင်းထင် လက်ထက်ကကဲ့သို့ လူထုဆန့်ကျင်ရေး မကျူးလွန်မိရန် ပြင်းပြင်းထန်ထန် သတိပေး၏။

သို့သော် ….. ဗိုလ်လင်းထင်၏ လူဟောင်းများက မပြုပြင် …. ယခင်အတိုင်းပင် ဆက်လက်ပြီး လူထုဆန့်ကျင်ရေး ပြုလုပ်မြဲ ပြုလုပ်၏။ ကရင်၊ ဗမာမခွဲခြား …..။ မုဒိန်းကျင့်၏။ ဓားပြတိုက်၏။ လူသတ်၏။ KNU သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေအတွင်းရှိ လူထုသည် KNU အပေါ် ထောက်ခံမှု လျော့လာ၏။ အုပ်ချုပ်ရေးအပိုင်းတွင် တာဝန်ယူကြရသည့် ခရိုင်ဥက္ကဋ္ဌ ပဒိုယဉ်စိုး၊ အတွင်းရေးမှူး စကောဦးတည် တို့လည်း တပ်မင်း၊ တပ်မှူးတို့အား မည်သို့မျှ ထိန်း၍မနိုင်၊ အုပ်ချုပ်၍မရ ဖြစ်နေ၏။ သူတို့ပင်လျှင် …. နီးရာဓား ကြောက်နေကြရသည့်အခြေ…..။ ဤအတိုင်း ဆက်၍လွှတ်ထား၍ မဖြစ်…..။

ဤတွင် …. KNU ဗဟိုမှ တပ်မဟာ ၁ ရှိ တပ်မင်း၊ တပ်မှူးတို့ကို အစည်းအဝေးခေါ်၏။ ဗိုလ်ချုပ်ကြီးမြက ဆင့်ခေါ်ခြင်းဖြစ်သည်။ သံလွင်မြစ်ဘေး … “ဘောသရော” ဒေသတွင် ဖြစ်သည်။ အစည်းအဝေး ခန်းမအတွင်းမှာပင် ….. လူထုဆန့်ကျင်ရေးသမား တပ်မှူး၊ တပ်မင်းတို့ကို ဖမ်းဆီးပြီး ဗိုလ်ချုပ်ကြီးမြကိုယ်တိုင် အရေးယူခဲ့ရ၏။ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ရ၏။

သွေးမြေကျသည့် အပြစ်ပေးမှုမျိုးနှင့် တော်လှန်ရေးကို သန့်စင်ဆေးကြောခဲ့ရ၏။ ပြီးလျှင် ….. ဗိုလ်ကျော်ဟိုးကို တပ်မဟာမှူးအဖြစ် ခန့်အပ်ပြီး စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်တို့နှင့် ပြည့်မီသည့် တပ်မဟာ ၁ အဖြစ်သို့ ပြန်လည်တည်ဆောက်ခဲ့ကြရသည်။

ပဒိုကိုလေးက ….. အတိတ်ကိုဆောင်သည့် တပ်မဟာ ၁ ၏ သမိုင်းကို ကျနော်တို့ကို ပြန်ပြောင်း၍ရှင်းပြ၏။ ပဒိုကိုလေးနှင့် စကားပြောရသည်မှာ ပွင့်လင်းမှုရှိ၏။ တဖက်သူ့အပေါ်တွင် ယုံယုံကြည်ကြည်ထား၍ ဆက်ဆံခြင်းက ပဒိုကိုလေး၏ ထူးခြားသည့် လူမှုဆက်ဆံရေးတရပ်ဟု မြင်မိ၏။


(ဂ)
၂ နှစ်၊ ၃ နှစ်ခန့် ကျနော် ပဒိုကိုလေးနှင့် ပြန်မဆုံဖြစ် ….။ ခရိုင်ရုံးမှ ထွက်လာခဲ့ပြီးသည့်နောက် ကျနော်တို့ တပ်မဟာ ၁ ဘက်သို့ ပြန်၍မရောက် …..။ တပ်မဟာ ၃ ၊ တပ်ရင်း ၉ နှင့် မာနယ်ပလောတွင်သာ အလုပ်တာဝန်များနှင့် အချိန်ကုန်နေခဲ့၏။

၁၉၉၄ ခုနှစ် နှစ်ဦးတွင်မှ ဒီမိုကရက်တစ် မြန်မာ့အသံ “မာနယ်ပလော” စတူဒီယို၏ တာဝန်နှင့် တပ်မဟာ ၁ သထုံခရိုင်သို့ ပြန်ဆင်းဖြစ်၏။ သထုံခရိုင်အတွင်းရှိ “မီးစိုင်း” တောင်ပေါ် စေတီရင်ပြင်တွင် ပဒိုကိုလေးနှင့် ပြန်ဆုံခြင်းဖြစ်သည်။ သူက ယခင်အတိုင်းပင် ရှပ်အင်္ကျီတပတ်နွမ်း၊ ချည်လုံချည်တပတ်နွမ်းနှင့်….။ ထိုစဉ်က …. သူသည် အလုပ်များနေ၏။

KNU ဗဟိုမှ ဆင်းလာကြသည့် ဒေါက်တာအမ်မာတာ (KNU ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ၊ ဗဟိုကော်မတီဝင်)၊ ပဒိုဝီး (ဗဟိုကော်မတီဝင်) တို့၏ လူထုဟောပြောရှင်းလင်းပွဲ ဖြစ်မြောက်ရေးအတွက် စီစဉ်နေရသည်။ ရန်သူ၏ စစ်ဆင်ရေးနယ်မြေအတွင်း လူထုစည်းဝေးပွဲတခုကို အောင်အောင်မြင်မြင်၊ ချောချောမွေ့မွေ့ဖြစ်စေရန် စီစဉ်ရသည်မှာ မလွယ်ကူ…..။ မီးစိုင်းတောင်ပေါ်ဘုရား၏ ရင်ပြင်တွင်ပင် လူထုစည်းဝေးပွဲ ပြုလုပ်၏။

ကျနော်တို့က ဒီမိုကရက်တစ် မြန်မာ့အသံအတွက် သတင်းယူကြသည်။ လက်နက်ကြီးသံ နားစွင့်ရင်း …. တထိတ်ထိတ်နှင့် သတင်းယူရခြင်းဖြစ်သည်။

လူထုအစည်းအဝေး ပြီးသည့်နောက် …. KNU ဗဟိုအဖွဲ့သည်လည်း…. မာနယ်ပလောသို့ပြန်၍ ခရီးနှင်ကြ၏။ ဤတွင်မှ ပဒိုကိုလေးသည် တာဝန်များ ပေါ့သွားသည့်ပုံရ၏။ ကျနော်တို့နှင့် အေးအေးဆေးဆေး စကားပြောဖြစ်ကြသည်။ ကျနော်တို့က သထုံခရိုင်အတွင်း သတင်းကိစ္စ နှင့်ပတ်သက်ပြီး သွားလိုသည့်ဒေသ၊ တွေ့ဆုံလိုသည့် လူများ ပြောပြပြီး၊ သူ့ထံတွင် အကူအညီတောင်း၏။ သူက အစစအရာရာ ကူညီပေး၏။ တပ်မဟာ ၁ သထုံခရိုင်အတွင်း ကျနော်တို့ တလကျော်ကျော်ခန့် လှည့်ပြီး သတင်းလုပ်ငန်းများ လုပ်ကြ၏။ အားလုံးက အဆင်ပြေပြေ …. ချောချောမွေ့မွေ့ပင် …..။

မာနယ်ပလောသို့ ပြန်မတတ်မီ ….. သူ့အိမ်သို့ လိုက်လည်ရန် ပဒိုကိုလေးက ကျနော့်ကို ခေါ်၏။ သူ့အိမ်က …. လေးကေရွာနှင့် နီး၏။ နီးသည်မှာ ခြေကျင်ခရီးနှင့် ၄၅ မိနစ်မျှပင် မရှိ ….။ လေးကေတွင်က ရန်သူ့စစ်တပ်၏ နည်းဗျူဟာ ရုံးစိုက်၏။ အမြဲတမ်း လှုပ်ရှားစစ်ကြောင်းတကြောင်းက အသင့်ရှိ၏။ ဗျူဟာရုံးရှိ၍ စစ်ကြောင်း အဝင်အထွက်များပြီး၊ ရန်သူခြေရှုပ်သည့်အရပ် ….။

ပဒိုကိုလေးက …. သူအိမ်ပြန်မရောက်သည်မှာ …. တနှစ်ခွဲကျော်ပြီဟု ဆိုသည်။

ပဒိုကိုလေး၏ အိမ်က ရွာ၏ အစွန်အဖျားကျ၏။ အိမ်က ကုန်းမို့မို့လေးပေါ်တွင် ရှိ၏။ မရမ်းပင်၊ သရက်ပင် …. ပိန္နဲပင်ကြီးများအကြား၌ အင်ဖက်မိုး၊ သဲပွက်ခင်း၊ ကျူထရံကာအိမ်လေးသည် ပျောက်၍နေသည်။ ပဒိုကိုလေး၏ ဇနီးက ကရင်အမျိုးသမီးတဦးပင် …. ပိန်ပိန်ပါးပါးနှင့် ….. စကားလည်း နည်း၏။ သားသမီးက ၃ ယောက်ရှိ၏။ မိသားစု၏ တာဝန်ကို တဦးတည်း တာဝန်ယူ၍ နိုင်နိုင်နင်းနင်း ထမ်းဆောင်နေသည့် အိမ်ထောင်ရှင်မ တဦး၏ ဟန်က အပြည့် ……။

ရန်သူနှင့်နီးသဖြင့် နေရသည်မှာ စိတ်မလုံ ….။ ရွာအတွင်းမှ လူသံဆူဆူကြားလျှင် …. ကြည့်မိ၏။ ခွေးဟောင်သံကြားလျှင် ….. နားစွင့်မိ၏။ ကျနော်သာလျှင် ….. စိတ်အတွင်း ဂနာမငြိမ်ဖြစ်နေပြီး၊ ပဒိုကိုလေးကမူ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပင် ...။ ညစာ ထမင်းကို စားကြ၏။

အမှောင်ထုက စောစီးစွာပင် ဝင်ရောက်၍လာ၏။ ကောင်းကင်သည် စုန်းစုန်းမြုပ်၍ မဲမှောင်နေလေပြီ။ ထိုအခါမှ …. ကျနော်တို့ တနေရာတွင် သွား၍အိပ်မည့် အကြောင်းကို ပဒိုကိုလေးက ဆို၏။ သူနှင့် ကျနော် လွယ်အိပ်လွယ်ပြီး အိပ်ရန် နေရာသို့ သွားကြ၏။ သူ့အိမ်၏ အနောက်ဘက်မှ ဆင်းလျှင် ….. ကွမ်းသီခြံအုပ်အုပ်အတွင်းသို့ ရောက်၏။ ကွမ်းသီးခြံက ဆင်ခြေလျောအနိမ့်ပိုင်း၌ ရှိ၏။ လျှိုငယ်လေးတခုအတွင်း၌ ….။ ထိုကွမ်းသီးခြံငယ်လေး အတွင်းမှာပင် ကျနော်တို့နှစ်ယောက် ပုခက်ချည်ပြီး အိပ်ကြ၏။

ကြယ်ရောင်အောက်၌ ညသည် မှိန်လဲ့လဲ့ ….။ မှိန်လဲ့သော အလင်းရောင်အောက်၌ သူနှင့် ကျနော် စကားများ ပြောဖြစ်ကြ၏။ အကြောင်းအရာများက စုံသည်။ မြိုင်ကြီးငူ ဘုန်းကြီး ဦးသုဇန အကြောင်းလည်း ပါ၏။ ထိုစဉ်က ….. မြစ်ဆုံအရေးတော်ပုံပင် မဖြစ်သေး ….။ DKBA ဟူသော ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတခု ကရင့်တော်လှန်ရေးအတွင်းမှ ခွဲထွက်၍ တည်ရှိလာလိမ့်မည်ဟူသည်က အိမ်မက်ပင် မမက်နိုင် ….။

ပဒိုကိုလေးက … မြိုင်ကြီးငူ ဘုန်းကြီး ဦးသုဇနကို လိုလားနှစ်သက်ဟန် မပြ။ ယုံကြည်ကိုးကွယ်လိုဟန်လည်း မရှိ….။ ဦးသုဇနက …. ဂမ္ဘီရဆန်သည့် အလုပ်တွေ လျှောက်လုပ်ပြီး သူနာမည်ကြီးအောင် လုပ်နေသည်ဟု ပဒိုကိုလေးက မှတ်ချက်ပေး၏။ ညသည် ပို၍…ပို၍ နက်လာ၏။ အမှောင်ထုသည်လည်း ပို၍…ပို၍ ပိန်းပိတ်လာ၏။


(ဃ)
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပဒိုကိုလေးနှင့် ကျနော် မဲဆောက်တွင်ပင် ပြန်၍ ဆုံတွေ့၏။ ၁၉၉၄ ခုနှစ်မှ ပြန်မဆုံတွေ့ကြသည်မှ ယနေ့အထိ ဖြစ်သည်။ တလမ်းတည်း လျှောက်နေကြရင်းနှင့်ပင် ၁၄ နှစ်ကြာ အဆက်အသွယ်ပြတ်ပြီး မဆုံတွေ့ဖြစ်ခဲ့ကြ ….။

ပဒိုကိုလေးက အစည်းအဝေးရှိ၍ မဲဆောက်သို့ တက်လာခြင်းဖြစ်သည်။ တပ်မဟာ ၁ နှင့် မဲဆောက်ခရီးက ကြမ်း၏။ ခြေကျင်ခရီးက ၇ ရက်ခန့် လျှောက်ခဲ့ရသည်ဟု ဆိုသည်။ ယခင်က သထုံခရိုင်၏ ဖားအံမြို့နယ်ဘက်တွင်က DKBA တို့ အခိုင်အမာရှိနေ၍ ထိုဒေသကို ကွင်းရ၏။ “မယ်ညော” တောင်တန်းကြီးကို ကျော်ဖြတ်၍ သံလွင်အား “သုမွဲထ” အထက်နားဆီမှ ကူး၏။ ပြီးလျှင် …. စက်လှေခရီး….။ ရေလမ်းခရီးဆုံးလျှင် …. နယ်စပ်မျဉ်းအတိုင်း ကားနှင့် ဆက်ရပြန်သည်။

ပဒိုကိုလေးက အရင်ကထက်မူ အနည်းငယ်ပြည့်လာ၏။ ဝဝဖြိုးဖြိုးတော့မဟုတ် ….။ ကျောက်ကပ်၊ ဆီးချို ရှိနေပြီဟု ဆိုသည်။ အမောမခံနိုင် ….။ အမောမခံနိုင်သည်က … ဇရာနှင့် အသက်အရွယ်ကြောင့် မဟုတ်ဘဲ …. ကျန်းမာရေးကြောင့်ဖြစ်မည်ဟု ပဒိုကိုလေးက သူ့ကိုယ်သူ ထင်၏။ ဒူးကတောင်အတက်တွင် ပြဿနာ သိပ်မရှိသော်လည်း အဆင်းတွင်မူ အတော်ဒုက္ခပေးကြောင်း ဆို၏။

ပဒိုကိုလေးနှင့် စကားပြောရသည်မှာ အရင်အတိုင်းပင် ….၊ ရင်းရင်းနှီးနှီး ၊ ပွင့်ပွင့်လင်းလင်း ….. ယုံယုံကြည်ကြည်နှင့်ပင် ….။ ပဒိုကိုလေးက တပ်မဟာ ၁ သထုံခရိုင်၏ လက်ရှိအခြေအနေ ပြောပြ၏။ DKBA ကြောင့် နယ်မြေက ပို၍ ကျဉ်းသွား၏။ ယခင် ၉၄ ခုနှစ်တုန်းက ကျနော်တို့ သွားလာခဲ့ကြသည့် ကျေးရွာများထဲက အချို့ဆိုလျှင် ကပ်နိုင်ရန်ပင် ခက်ခဲ၍နေပြီဟု ဆို၏။

“မြစ်ဆုံ” အရေးအခင်းဖြစ်ပြီး အရာခံဗိုလ်ကျော်သန်း၊ ဗိုလ်ကြီးဘအေး၊ ဖားအံ့မြို့နယ်ဥက္ကဋ္ဌ ပဒိုသာထူးကျော်တို့ ရန်သူနှင့် ဆက်သွယ်ပေါင်းဖက် ပြီး ….၊ ပဒိုသာထူးကျော်က …. လမ်းလျှောက် စကားပြောစက်နှင့် တပ်မဟာ ၁ KNDO တပ်ရင်းမှူး၊ ဗိုလ်မှူးရွာဟေ့ကို ဆက်သွယ်၏။ အကြောင်းတစုံတရာပြပြီး လှည့်ဖြား၍ ခေါ်၏။ ဗိုလ်မှူးရွာဟေ့က ရိုးရိုးပင် ယုံကြည်ပြီး ပဒိုသာထူးကျော်ခေါ်ရာသို့ သွားခဲ့၏။ ဟိုရောက်တော့ ပဒိုသာထူးကျော်တို့က ရန်သူနှင့်ပေါင်း၍ ဗိုလ်မှူးရွာဟေ့ကို ဝိုင်းလိုက်၏။

ပြီးလျှင် ….. အကျပ်ကိုင်ပြီး DKBA တွင် ပါဝင်ခိုင်း၏။ ဤသို့နှင့် ဗိုလ်မှူးရွာဟေ့ …. DKBA ဖြစ်ခဲ့ရကြောင်း ပဒိုကိုလေးက ပြောပြ၏။ ပြီးလျှင် ….. ပဒိုကိုလေးကိုလည်း ဖဒိုသာထူးကျော်က ဆက်သွယ်ရေးစက်နှင့်ပင် အကြောင်းတစုံတရာပြပြီး ခေါ်သေးကြောင်း ပြော၏။ သူက ….. သာထူးကျော်ကို မယုံ၍မသွား …..။

ယခုမူ ….. ဗိုလ်မှူးရွာဟေ့လည်း ကွယ်လွန်ခဲ့ပြီ။ DKBA သည်လည်း စစ်အုပ်စု၏ လက်ကိုင်တုတ်ဘဝနှင့် ကရင့်အမျိုးသားရေးတွင် သစ္စာဖောက် အဖြစ် …..။ KNU တပ်မဟာ ၁ နှင့် သထုံခရိုင်ကမူ ကရင့်အမျိုးသား လွတ်မြောက်ရေး အလံတော် လွှင့်ထူရင်း အရှေ့သို့ ….. ချီမြဲ …..။ တပ်ဦးတွင် …. ပဒိုကိုလေးကို တွေ့ရ၏။

ရှပ်အင်္ကျီတပတ်နွမ်း …. ချည်လုံချည်တပတ်နွမ်းနှင့် ပလိုင်းတလုံး လွယ်လျက်…..။

No comments: