မင်းနိုင်သူ
“သင်္ကြန်နှစ်ဦး .. တူးပို့ .. တူးပို့ .. တူးသံမြူးသာယာ ..
သင်္ကြန်မယ်များ တူးပို့ .. တူးပို့ .. တူးမာရဲ့နော်ဗျာ ..
ငွေငန်းသံစုံ .. တူးပို့ .. တူးပို့ .. အာရုံဖျော်ဖြေတာ ..”
တဘက်ခန်းမှ သင်္ကြန်သီချင်းသံက အေးအေးစိမ့်တို့ အခန်းတွင်းအထိ ပျံ့လွင့်လာသည်။
သင်္ကြန်သီချင်းသံ ကြားတိုင်း မြန်မာပြည်သူ အေးအေးစိမ့်တယောက် ကချင်စိတ်တွေ ပေါ်လာစမြဲ။ သူသည် မွန် တိုင်းရင်းသူ ဖြစ်သော်လည်း သင်္ကြန်ယိမ်းအကကိုတော့ တတ်ကျွမ်းသည်။ သထုံဘက်က သူမွေးဖွားရာ ရွာလေးတွင် က ခဲ့ ဖူးသလို ရန်ကုန် လှိုင်သာယာမြို့သစ် သို့ မိသားစုလိုက် ပြောင်းရွှေ့အခြေချကြပြီးနောက်တွင်လည်း ရန်ကုန် သင်္ကြန်၌ ကခဲ့ဖူးသည်။
ထို့ကြောင့် သင်္ကြန်သီချင်းသံကြားလျှင် ခြေလက်လေးတွေက ကကွက်ရှာစမြဲ။ အခုလည်း သူတို့ နေထိုင်ရာ အထည်ချုပ်စက်ရုံလိုင်းခန်းအတွင်း သင်္ကြန်သီချင်းက ပျံ့လွင့်လာပြီ။
အေးအေးစိမ့် မြန်မာပြည်ကထွက်လာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ် လုပ်ကိုင်နေသည်မှာ ငါးနှစ်ကျော်ခဲ့ပြီ။ ထိုငါးနှစ်တာ ကာလအတွင်း အေးအေးစိမ့် တယောက် စက်ရုံအနီး တ၀ိုက်မှ လွဲ၍ ဘယ်ကိုမှ မသွားတတ်ခဲ့။ မသွားရဲခဲ့ဆိုလျှင် ပိုမှန်မည်ထင်သည်။
သူ့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်) ရှိသော်လည်း ဘန်ကောက် ကိုရွှေရဲများက နယ်ကျော်လျှင် ဖမ်းသည်ဆိုသော သတင်းများကြောင့် အခြားမြို့နယ်များသို့ မကူးရဲ။ မသွားရဲခဲ့။ ဘန်ကောက် ဧရိယာထဲ တွင် ရှိနေသော်လည်း နာမည်ကြီး မြဘုရားကိုပင် မဖူးဘူးသေး။ တကယ်တော့ ထိုသို့ဖြစ်နေသည်မှာ သူ တယောက်တည်းတော့မဟုတ်။ ဘ၀တူ အလုပ်သမားအများစုပင်။
သည်နှစ်တော့ ငွေကုန်လူပန်းလုပ်ထားရသည့် ယာယီပတ်စ်ပို့လေးကို ကိုင်ဆောင်ထားနိုင်ပြီ။ ထို့ကြောင့် သည်နှစ် ဘန်ကောက်သင်္ကြန်ကို လည်ပစ်လိုက်ဦးမည်။ ဒါက သူ့ စိတ်ကူး။ တကယ်တမ်း ပြန်စဉ်းစားကြည့် တော့လည်း ဘန်ကောက်သင်္ကြန်ကို သူ သိပ်တော့ ခံတွင်းမတွေ့လှ။ မြန်မာပြည်သူဖြစ်၍ မြန်မာသင်္ကြန်ကို သာချစ်သည်။ မြန်မာလို ဆိုချင် ၊ ကချင်သည်။
မြန်မာပြည်မှာက ထိုင်းနိုင်ငံမှာကဲ့သို့ ကိုယ့်လုပ်စာနှင့်ကိုယ် မလောက်ငနိုင်သဖြင့်သာ လှိုင်သာယာမှ အထည်ချုပ် စက်ရုံကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ဘန်ကောက် အထည်ချုပ်စက်ရုံတွင် လုပ်ရသည်မှာ ပင်ပန်းရ ကျိုးနပ်သည်။ မိဘတွေထံ ငွေပြန်ပို့နိုင်သည့်အပြင် အလှူအတန်းလေးလည်း လုပ်နိုင်သေးသည်။ တပတ် တခါ မြန်မာကျောင်းသား ရဟန်းတော်များကို ပင့်၍ သူတို့စက်ရုံတွင် ဆွမ်းကပ်လှူကြသည်။ ဤအထဲတွင် အေးအေးစိမ့် ကုသိုလ်လည်း ပါသည်။
“ဦးပဉ္ဇင်း တကယ်လားဟင်…တကယ်လားဘုရား”
တဘက်မှ ဦးပဉ္ဇင်းက“သေချာပါတယ် ဒကာမလေး”ဆိုတော့မှ အေးအေးစိမ့် ကြားလိုက်ရသည့် သတင်းအား သူငယ်ချင်းမတွေကို ပြန်လည်ဖောက်သည် ချလိုက်သည်။ အားလုံးဝမ်းသာအားရ ထခုန်ကုန်ကြသည်။
ဦးပဉ္ဇင်းက သီတင်းသုံးရာ ၀ပ်တလုံး ကျောင်းတိုက်တွင် မြန်မာသင်္ကြန်ကျင်းပ ပေးမည်ဟု မိန့်ဆိုသွားခြင်း ဖြစ်သည်။
ကြည့်စမ်း….သူတို့ မြန်မာလို ဆိုနိုင် ကနိုင်ကြတော့မည်။ ၀မ်းသာလိုက်ကြသည့်ဖြစ်ခြင်း။
*********
ဘန်ကောက်မြို့ ဘန်ခေရှိ ၀ပ်တလုံးကျောင်းတွင် မြန်မာစာသင်သားရဟန်းအပါး (၇၀) နီးပါးရှိသည်။ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဘင်္ဂလားဒေ့ရှ် သံဃာများနှင့်ဆိုလျှင် အပါး(၂၀၀)ကျော်ရှိသည့် ကျောင်းတိုက်ကြီးဖြစ်သည်။
သံဃာအပါး (၂၀၀)ကျော်စလုံးကို ဆွမ်းကပ်လှူဒါန်းနိုင်သည့်အတွက် မြတ်စုနွေး ပီတိဖြစ်ရသည်။
သင်္ကြန်အကြိုနေ့ ညနေ အလုပ်ခွင်မှ ထွက်လာပြီး မြတ်စုနွေး ၀ပ်တလုံးကျောင်းကို သွားသည်။ သူ့အလှူ အတွက် ကူညီချက်ပြုတ်ပေးကြမည့် မြန်မာပြည်သား တွေလည်းရောက်နေကြပြီ။ မနက်ဆွမ်းကပ် ချက်ပြုတ် ရန်အတွက် ည(၁၁) နာရီထိုးမှ ဈေးထွက်ဝယ်သည်။ လျှပ်စစ်မီး(၂၄) နာရီရသည့်အတွက် ဘန်ခေဈေးသည် နေ့ခင်းအလား။
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များဖြင့် ပေးနေခြင်းဖြစ်သည်ဟု မြတ်စုနွေး ကြားဖူးသည်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသူ မြတ်စုနွေး မြန်မာပြည်ထွက် သယံဇာတပစ္စည်းကို ဘန်ကောက် တွင် အပြည့်အ၀သုံးစွဲနိုင်နေသည်။ ဒါသည်လည်း ဒုလ္လဘတရားတရပ်ပေလား မပြောတတ်။
********
“ဘန်ကောက်လိုနေရာမျိုးမှာ မြန်မာသင်္ကြန်ပွဲကျင်းပဖို့ဆိုတာ မလွယ်ဘူးဒကာ။ အခု ၀ပ်တလုံးကျောင်းထိုင် ဆရာတော် ဖရ မဟာ ဘုန်းထိန် ဇုတိနြေ္ဓာ က မြန်မာမိသားစုတွေ အပေါ် ငဲ့ညှာလို့သာ ကျင်းပခွင့်ပေးတာပါ။ မြန်မာတွေ အဖမ်းအဆီး မခံရအောင်လည်း ဆောင်ရွက်ပေးထားတယ်”ဟု မြန်မာကျောင်းသား ရဟန်း တပါး က ကိုလှိုင်ဇော်ကို ရှင်းပြသည်။
ဒါသည် အမှန်ဖြစ်သည်ကို ကိုလှိုင်ဇော်သိသည်။ မနှစ်က ဒေသခံရဲကို ခွင့်ပြုချက်တောင်းခံပြီးမှ လုပ်ခဲ့သည့် လေးဖြူ စတိတ်ရှိုးတွင်ပင် မြန်မာတွေ အဖမ်းခံထိခဲ့သည်။
ယခု မြန်မာသင်္ကြန်ပွဲကို ကိုလှိုင်ဇော်တို့အဖွဲ့ တီးခတ်ဖျော်ဖြေမည်။ လျှပ်စစ် ဂစ်တာ မထိတွေ့ရသည်မှာ ကြာပြီဖြစ်သော သူ့လက်ချောင်းလေးများက ဂစ်တာကြိုးကို ဆာလောင်နေကြပြီ။
“ဟေး….မုန့်လုံးရေပေါ်တွေ လာစားကြဟေး”
ဓမ္မာရုံနောက်ဘက်မှ အော်ခေါ်သံကြောင့် ကိုလှိုင်ဇော်တို့ တီးဝိုင်းတဖွဲ့သားလုံး အပြေးသွားကြသည်။
“ဟယ်…အေးလိုက်တာတော်”
အေးအေးစိမ့် နှုတ်ခမ်းလွှာမှ အာမေဋိတ်သံ ထွက်ကျလာသည်။ မုန့်လုံးရေပေါ်စားရန် အပြေးအလွှား အသွားတွင် နောက်မှ ပြေးဝင်လာသော ကိုလှိုင်ဇော်က ရေခဲရေဖြင့် ပက်ခဲ့ခြင်းဖြစ်သည်။
အေးအေးစိမ့်တို့ မုန့်လုံးရေပေါ်စားပြီး ထွက်လာတော့ ကျောင်းရှေ့မှာ ဆွမ်းဆန်စိမ်းလောင်းပွဲစနေပြီ။ စတုဒီသာ ထမင်းစားနေသူများလည်း မဏ္ဍပ် အတွင်းမှ ထွက်ကာ ဆွမ်းဆန်စိမ်း လောင်းလှူနေကြပြီ။
အိုး…တကယ့်ကို မြန်မာပြည်အတိုင်းပါပဲလား။ နိုင်ငံတကာ သံဃာစုံကို လောင်းလှူနေသည့် မြန်မာပြည်သား တွေကလည်း များမှများ။ ဧည့်ပရိသတ်(၂၀၀၀) ခန့်ရှိမည်။ ဒါ ပထမဆုံးအကြိမ်ဖြစ်၍ လူသိပ်မသိသေး။ နောက်နှစ်တွေ ယခုထက် ပိုစည်ကားမည်ဟု ကိုလှိုင်ဇော်ထင်သည်။
ဆွမ်းဆန်စိမ်းလောင်းလှူအပြီးတွင် ဖျော်ဖြေရေးစသည်။ ကိုလှိုင်ဇော်တို့ အဖွဲ့က အတီး။ အေးအေးစိမ့်တို့ ပျိုမေ တသိုက်က အကဖြင့် ဘန်ကောက်မြန်မာသင်္ကြန်သည် လှမှလှ။ မြိုင်မှ မြိုင်။ ဘုန်းကြီးကျောင်းအတွင်း ကျင်းပခြင်းဖြစ်သဖြင့်လည်း ရန်ပွဲမရှိ။ မဟာသင်္ကြန်ကို အေးချမ်းခြင်းအတိဖြင့် ကြိုဆိုနိုင်ခဲ့သည်။
ည (၈) နာရီကျော်မှ ကိုလှိုင်ဇော်တယောက် သင်္ကြန်အပိတ်သီချင်းတပုဒ် ဆိုလိုက်တော့သည်။
“ချိုပြုံးရွှင်သော နှမပျိုငယ်….တကိုယ်လုံးပင် ချောအလှပိုတယ်…မြို့မနဲ့ တမိတည်းဖွားလို့ ဆိုတော့မယ် ကွယ်…အမောက်ကလေး တသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဘူးကွယ်…ယဉ်စစနဲ့ မြင်လိုက်ရတာ အ၀တ် အစားမှာပင် အလွန်တင့်တယ်…ထွန်း သစ်စ …လရောင်ခြယ်…..ခိုင်ညှာတံပွင့်လန်း…ပန်းသို့နှယ်… ရိုးရိုး သားသားနဲ့ ကျုပ်တို့ မြို့မက ကျေနပ်တယ်…မြနန္ဒာ နေညိုညိုရိပ်ခါသန်းတော့… ရွှေမန်းတောင်ရိပ်…တူတူခိုမယ် ပျိုဖြူတွေရယ်….”
မြန်မာ ပရိသတ်အားလုံး မြို့မငြိမ်းရေးဖွဲ့ခဲ့သော “မန်းတောင်ရိပ်ခို” သီချင်းကို ရင်းနှီးပြီးသား။ အားလုံး လိုက်ဆိုကြသည်။
တကယ်တော့ သူတို့အားလုံး မန်းတောင်ရိပ်ကို ခိုဝင်လိုသော်လည်း မခိုနိုင်ကြသေးပါ။ မြန်မာပြည်မှာထက် စားဝတ်နေရေး အဆင်ပြေစေသော ဘန်ကောက်ရိပ်တွင် ခိုကာ မန်းတောင်ရိပ်ခို သီချင်းကို ဆိုနေကြရခြင်း ဖြစ်ပါသည်။
No comments:
Post a Comment