ဇော်ကြီး။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ ဘန့်နမ့်တင် ကျေးရွာသားများ ယနေ့နံနက်က ဆူနာမီအချက်ပေး ဥသြသံ ကြောင့် ထိတ်လန့်မှုဖြစ်ပွားခဲ့သည်။
ယင်းကျေးရွာတွင်နေထိုင်သည့် ထိုင်းနိုင်ငံသားများအပါအ၀င် မြန်မာရွှေ့ပြောင်းအလုပ် သမားများ ဆူနာမီ သတိ ပေး ဥသြသံကြားသည်နှင့် ထိတ်လန့်မှုဖြစ်ပြီး ထွက်ပြေးကြသည်ဟု ဒေသခံရွာသားကိုအောင်ကြည်က ယခုလို ပြောသည်။
“ဒီနေ့မနက် ဆူနာမီ သတိပေးတယ်။ ကျနော်တို့ဒီကတွေ တချို့ပြေးကြတယ်။ အဓိကပြေးတာက ပြီး ခဲ့တဲ့နှစ်က ဆူနာမီထိတဲ့ ဘန့်နမ်းတင်နဲ့ ဒီထန်းလမုဆိုတဲ့နေရာထိတာ။ သတိပေးတာလည်း ကြားရော သူ တို့ပြေးတာပဲ။ ပြေးတာဆို သူတို့ဝမ်နိမ်သံကြားတော့ သူတို့လန့်ပြီးတော့ ပြေးကြတာ။”
နံနက် ၅ နာရီခွဲ အချိန်ခန့်က အချက်ပေးသံထွက်ပေါ်လာပြီး ဘေးကင်းရာသို့ ထွက်ပြေးကြသူ များအား နံနက် ၇ နာရီခွဲခန့်တွင် အန္တရာယ်မရှိကြောင်း ကမ်းခြေစောင့်ကြည့်ရေးအဖွဲ့မှ အကြောင်းကြားခဲ့သော်လည်း စိုးရိမ်မှု ကြောင့် အိမ်ပြန်မအိပ်သူများရှိသည်ဟု၎င်းက ဆက်ပြောသည်။
ရွာကလူတွေက ဒီနေ့ညတော့ သူတို့ ဘန့်နမ်းတင်ရွာမှာမအိပ်ဖူးတဲ့။ ဘုန်းကြီးကျောင်းမှာ သွားအိပ် မယ်တဲ့။ နည်းနည်းကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းမှာပေါ့။
ဆူနာမီသတိပေး ဥသြသံကြားသည်နှင့် အရေးပေါ် စုရပ်နှစ်ခုသို့ အမြန်ဆုံး အရောက်သွားရန် ရွာသားများအား ကြိုတင်လေ့ကျင့်ပေးထားပြီး ကမ်းခြေစောင့်ကြည့်ရေး အဖွဲ့က အကြောင်းကြားလာသည့်အတွက် ယခုလိုထွက် ပြေး ကြခြင်းဖြစ်သည်ဟု ကျေးရွာရှိ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကူညီပေးရေးအဖွဲ့မှ ကိုဖိုးဇော်က ယခုလိုပြောသည်။
“မနက်က ကမ်းခြေစောင့်အဖွဲကနေ ကျနော်တို့ကိုပြောတာကတော့ အရင်ဖြစ်တဲ့နေရာမှာ ပေါ့နော်၊ အဲလိုမျိုး ငလျင်လှုပ်တယ်ပေါ့နော်။ ငလျင်လှုပ်တဲ့ဥစ္စာကို သူတို့က စိုးရိမ်ပြီး ကျနော်တို့ကို ချက်ချင်းအ ရေးပေါ် ဥသြဆွဲပေးတာပေါ့။”
ယနေ့နံနက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနောက်မြောက်ဖက် မိုင် ၁၃၀ ခန့်အကွာ အန္ဒိယ သမုဒ္ဒရာ ရေအောက်တွင် ၇.၈ ပြင်းအားရှိ ငလျင်တစ်ခုဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း ဆူနာမီသတိပေးချက်များထွက်ပေါ်ခဲ့ သည်။
ယင်းကျေးရွာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ ခန့်နေထိုင်ပြီး အရေးပေါ်စုရပ်အဖြစ် ရွာအမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းနေရာအား သတ်မှတ်ထားသည်။
ရွာသားများအနေနှင့် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ဆူနာမီ သဘာဝဘေးဒဏ်ကို ခံ စားခဲ့ပြီးနောက်ပိုင်း ထိုအဖြစ်မျိုး ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေ ကြသည်။
ထိုစဉ်က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်သေဆုံးခဲ့သည်ဟု ထိုင်းအစိုးရက ခန့်မှန်းပြောဆိုခဲ့ သော် လည်း သေဆုံးသူ ၂၀၀၀ ကျော်ရှိသည်ဟု အစိုးရမဟုတ်သောအဖွဲ့ အစည်းများ (NGOs) ကဆိုသည်။
No comments:
Post a Comment